▪︎ခွင့်နဲ့ပြန်လာတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် သုံးဦး လှိုင်မြို့နယ်မှာ အသတ်ခံရ
ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ခွင့်နဲ့ပြန်လာတဲ့ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင်သုံးဦး ဒီနေ့မနက်ပိုင်းက ပစ်သတ်ခံခဲ့ရပါတယ်။ မနက် ၉ နာရီခွဲလောက်က သီရိမြိုင် (၁၃)ရပ်ကွက်၊ဗဟိုလမ်းနဲ့ ပေါင်းစည်းလမ်းထောင့်မှာ ပစ်သတ်ခံရတာလို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်အရာရှိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူတို့အမေအိမ်ပြန်တာဖြစ်ပြီး ဒီမနက်မှာ ဇနီးဖြစ်သူ၊ အခြားသူတစ်ဦးတို့နဲ့ လမ်းလျှောက်နေတုန်းမှာပဲ ပစ်သတ်ခံရတာလို့ သူက ဆက်ပြောပါတယ်။ ပစ်ခတ်ရှင်းလင်းမှု ဖြစ်စဥ်နဲ့ ဆက်စပ်လို့ မည်သည့်အဖွဲ့က ဆောင်ရွက်လဲဆိုတာ မသိရသေးပါဘူး။ အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်နေရာ ဗဟိုလမ်းကို ပိတ်ဆို့စစ်ဆေးနေပြီး ပါရမီလမ်းတလျှောက်ကင်းပုန်းများပါချထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

▪︎မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီ ထောင်လေးနှစ်ထပ်ချ၊ စုစုပေါင်း ၁၄ နှစ်ချမှတ်ထား
စစ်ကိုင်းတိုင်း၊ မုံရွာသပိတ်ကော်မတီဦးဆောင်သူ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ ထောင်ဒဏ်လေးနှစ်ထပ်မံချမှတ်လိုက်ပါတယ်။ စစ်ကောင်စီတရားရုံးက ကိုဝေမိုးနိုင်ကို ၅၀၅-က နဲ့ ၂ နှစ်၊ ပုဒ်မ ၂၅ နဲ့၂ နှစ် စုစုပေါင်း ၄ နှစ်အမိန့်ချခဲ့တယ်လို့ ကိုဝေမိုးနိုင်ရဲ့ မိခင်က အသိပေးပါတယ်။ ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုထားတဲ့ အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ ၁၅ ရက်မှာ မုံရွာမြို့ လူထုသပိတ်ဦးဆောင်ကော်မတီခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ ဆိုင်ကယ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ အိမ်စီးကားအသုံးပြုကာဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

▪︎စစ်တပ်က မြန်မာပြည်သူတွေအပေါ် ဘယ်လိုနည်းလမ်းနဲ့မဆို ကျူးလွန်ဖို့ အသင့်ဖြစ်နေတယ်လို့ သံအမတ်ကြီးပြော
မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ဖို့ တုန့်ဆိုင်းနေမှာမဟုတ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ စစ်တပ်ဟာ သမိုင်းကြောင်းအရသာမက လက်ရှိမှာလည်း အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်စွာ၊ လူမဆန်စွာ၊ ယုတ်မာစွာ ကျူးလွန်နေမှုတွေကို ကြည့်ခြင်းအားဖြင့် အဲဒီလိုကျူးလွန်ဖို့ တုန့်ဆိုင်းနေမှာမဟုတ်ဘူးလို့ မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။ သတင်းအချက်အလက်များအရ မြန်မာစစ်တပ်ဟာ (schedule 1 chemical)ပါ ဓာတုပစ္စည်းများထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုကို အရင်က ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ လုံလောက်တဲ့ သက်သေအထောက်အထားများအရ ၁၉၈ဝ ခုနှစ်များအတွင်း မြန်မာစစ်တပ်ဟာ ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီး ဓာတုလက်နက်ထုတ် လုပ်တဲ့စက်ရုံမှ ဆာလဖာ ဓာတုအဆိပ်များ (sulfur mustard) ထုတ်လုပ်ဖို့ စမ်းသပ်ခဲ့တာကို သိရှိရတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို အစီရင်ခံပါတယ်။

Public Service Announcement

▪︎စစ်ကောင်စီတပ် လေကြောင်းနဲ့ မြေပြင် ပစ်ခတ်မှုကြောင့် ယင်းမာပင်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ယင်းမာပင်နဲ့ ပုလဲနယ်အတွင်းရှိ ကျေးရွာတွေကို မုံရွာ (နမခ)မှ ရဟတ်ယာဥ်လေးစီးနဲ့ လာရောက် ပစ်ခတ်ခဲ့ပါတယ်။ တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံ သုံးဦးကျဆုံးခဲ့ပြီး အရေအတွက်ပိုလာနိုင်တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ အသက်၃၀ အရွယ်ရှိပြီး ကိုယ်ဝန် ခြောက်လရှိပြီဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ (၆၀) အရွယ်ဖြစ်ပြီး ပြားအိုကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


▪︎ငါန်းဇွန်မှာလူငယ်ငါးဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်တပ် သတ်ဖြတ်
မန္တလေးတိုင်း ၊ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာနားမှာ သတ်ဖြတ်ထားတဲ့ လူငယ် ရုပ်အလောင်း ငါးလောင်းကို စစ်တပ်က ညပိုင်း လာစွန့်ပစ်သွားပြီး မနက်ပိုင်းမှာပြန်သယ်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။ အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။ စွန့်ပစ်ထားတဲ့အလောင်း ၅ လောင်းမှာ ၁၈ နှစ်ဝန်းကျင် အမျိုးသမီး ၁ ဦး လည်းပါဝင်တယ်လို့သိရပါတယ်။ အလောင်းတွေကိုအောက်တိုဘာလ ၁၇ ရက်ညပိုင်းက သေနတ်တွေဖောက်ပြီး စစ်ကားတွေနဲ့ လာပစ်သွားတာဖြစ်ကာ နောက်တစ်နေ့ မနက်ပိုင်း မှာ စစ်ကားတွေနဲ့ပဲ ပြန်သယ်သွားတယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေဟာ ကုလကျေးရွာက ဒေသခံတွေ မဟုတ်ဘူးလို့လည်းသိရပါတယ်။
▪︎အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဒီနေ့ နေ့ခင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ နေအိမ်အချို့ထိခိုက်မှုရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။ အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနဲ့ အင်ပင် ကျေးရွာ တကြောကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ Indaw Revolution က ဖော်ပြပါတယ်။ အောင်းကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၁၈ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးများခဲ့တယ်လို့ Indaw Revolution က ဖော်ပြထားသည်။ အဲဒီတုန်းကလည်း အထိနာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
▪︎ပေါက်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်
မကွေးတိုင်း ပေါက်မြို့နယ်၊ တောင်မြင့်ရွာမှာ CDM ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Anonymous Special Task Force – Paukက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ရက်ကစလို့ ပေါက်နယ်တောင်ပိုင်းမှာ ပျူစောထီး၊ ရဲများပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သီးခြောက်ရွာကို စတင်မွှေနှောက် မီးရှို့ပြီးနောက် ကျေးရွာပေါင်း ရှစ်ရွာခန့်မှ ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြည်သူလူထူကိုဒုက္ခပေးခဲ့ပြီး အထူးသဖြင့် တောင်မြင့်ကျေးရွာမှာ CDM ကျောင်းဆရာတစ်ဦးကို လူမဆန်စွာ ခေါင်းဖြတ်သတ်ခဲ့တဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြာင်းကို မြို့နယ်(ပ.က.ဖ)ရဲ့ လမ်းညွှန်မှုနဲ့အတူ Anonymous Special Task Force – Pauk အဖွဲ့သားတွေ၊ ရပ်ကျေး ပ-က-ဖ တွေပူးပေါင်းကာ တုန့်ပြန်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘုရားတောင်ရွာ၊ရွှေပေါင်လောင်ဘုရားကုန်းမှာ နားခိုနေစဉ် ဒရုန်းနှစ်စီးနဲ့ M9 တစ်လုံး၊ လက်လုပ်ဗုံးသီး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ရေပြာရဲစခန်းကိုပါ လက်လုပ်ဗုံးသီးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲလို့ ထုတ်ပြန်ပါတယ်။

▪︎ဒီပဲယင်း ရဲစခန်းနဲ့ စစ်ဆေးရေးအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်းနဲ့ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ SNAKE EYES PDF အဖွဲ့က အသိပေးပါတယ်။ မနေ့ညနေပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းပေါက်ကွဲပြီးနောက် ရဲဘော်များဆုတ်ခွာရာဘက်ကို စစ်ကောင်စီဘက်က အိမ်စီးကားနဲ့ ချက်ချင်းလိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူများ သွားလာနေတာကြောင့် ထိခိုက်မှာ စိုးရိမ်လို့ ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ဆုတ်ခွာခဲ့တယ်လို့ Freedom Revolution Force (FRF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးစာရင်းကို အတိအကျ မသိရှိရသေးဘဲ ပြည်သူ့ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
▪︎ဝက်လက်နယ် စခန်းသာတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်၊ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူသုံးဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စခန်းသာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်များနိုင်တယ်လို့ ဝက်လက် တော်လှန်ရေးတပ်ဦး Wetlet Revolution Front အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာမြောက်ဘက်ရှိ တဲအိမ်တွေကို မီးရှို့ဖျက်ဆီးနေခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ကို နေ့ခင်း ၁၂ လောက်မှာ ဝက်လက်တော်လှန်ရေးတပ်ဦး (PRF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Revolution Front အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရှေ့တိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ၁နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အများအပြား ထိခိုက်ကျဆုံးနိုင်ပြီး မဟာမိတ်အဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း WRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒါပေမဲ့ ဝက်လက်မြို့နယ်၊ လှတောစခန်းမှ စစ်ကောင်စီတပ်တွေဟာ မဲကုန်းရွာဘက်သို့ လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်ခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎ပေါင်းတည် ‘နန်းထိုက်အောင်စစ်ဆင်ရေး’မှာ ရဲတစ်ဦးသေဆုံးပြီး ရဲနှစ်ဦးနဲ့ အုပ်ကြီးတစ်ဦး ဒဏ်ရာရ
ပဲခူးတိုင်း ပေါင်းတည်မြို့မှာ ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အဖြစ်တိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး ရဲနှစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ မနေ့ နေ့ခင်းက ပေါင်းတည်မြို့နယ် မှတ်တိုင်လမ်း၊ ငါးအိမ်တန်းမရောက်မီ စိန်ပန်းပင်ဆိုင်အနီးမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ များ စီးနင်းလာတဲ့ ဆိုင်ကယ်သုံးစီးကို ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်မှာ ရဲတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ မနေ့ မနက်ပိုင်းကပဲ သာယာဝတီနဲ့ လက်ပံတန်းမြို့နယ်အကြားရှိ ချမ်းသာကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။



















































