▪︎မဟာမိတ်ဆက်ဆံရေးခိုင်မြဲပြီး အင်အားကြီးအောင် တည်ဆောက်ကြဖို့ NUG ယာယီသမ္မတတိုက်တွန်း
နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ရာမှာ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ ငါတကောကောလုပ်ဆောင်ခြင်းမျိုးကို ရှောင်ရှားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်တွေကို မှာကြားလိုက်ပြီး မဟာမိတ်ဆက်ဆံရေးခိုင်မြဲပြီး အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ တိုက်တွန်းပါတယ်။

ယာယီသမ္မတဟာ ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ မဟာမိတ်ဆက်ဆံရေးကိစ္စကို အဓိကထား ပြောကြားလမ်းညွှန်ခဲ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ အားလုံးပါဝင်မှုဆိုတဲ့ မူကို ကိုင်ပြီး ချီတက်နေကြတာ အားလုံးအသိပင်ဖြစ်ပြီး စစ်ရေးပူးပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျ လုပ်ဆောင်ကြရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နိုင်ငံရဲ့ အတိတ်သမိုင်းမှာ မူနဲ့လူတခြားစီဖြစ်နေသည်က များပြီး NUG အစိုးရအဖွဲ့ဝင်တွေဟာ မူနဲ့ လူ တခြားစီ ကင်းလွတ်နေတာမျိုး မဖြစ်အောင် သတိပြုကြဖို့နဲ့ လူထုတော်လှန်ရေးကို လူထုတော်လှန်ရေးနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေဖြစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

▪︎စစ်ကောင်စီကြိုးစားနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာမရှိဘူးလို့ KNU ပြော
စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်အတွက် လာမယ့် ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေပေမယ့် လက်ရှိအခြေအနေတွေအရ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ NUG က စစ်အာဏာရှင် ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်ကြောင်းကြေညာခဲ့ခြင်း၊ လက်ရှိစစ်ရေး နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KNU ရဲ့ သဘောထားကို မေးမြန်းရာမှာ ပဒိုစောတောနီးက အခုလို ပြောဆိုခဲ့တာပါ။ စစ်ကောင်စီကတော့ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ရသလောက်နဲ့ ရွေးကောက်ပွဲကို ကြိုးစားမှာဖြစ်ပေမယ့် ရွေးကောက်ပွဲဖြစ်လာဖို့ တိုင်းပြည်တည်ငြိမ်ဖို့လိုအပ်တယ်လို့ ပဒိုစောတောနီးက ထောက်ပြပါတယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်မယ်လို့ ယုံကြည်တယ်လို့ သူက ဆိုပါတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာမဟုတ်လို့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်ရှိမှာမဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

Public Service Announcement

▪︎ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်
သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ သုံးဖို့ ရဟတ်ယာဉ် ဌားရမ်း ၊ ဝယ်ယူရာမှာ ဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ လက်ကျန် အဂတိ ၅ မှုကို စစ်ကောင်စီ တရားရုံးက ဒီနေ့မှာ စွဲချက်တင်လိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုပါ တပါတည်း စွဲချက်တင်လိုက်တာပါ။ NLD အစိုးရလက်ထက်က ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စီးဌားရမ်းရာမှာ ပျံသန်းချိန်နာရီပြည့်အောင်မသုံးတာ ၊ ပြည်ပက ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာ လုပ်ထုံးလုပ်နည်းမညီညွတ်တာတွေကြောင့် နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုကာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅ မှုနဲ့တရားစွဲခဲ့တာပါ။ အာဏာသိမ်းပြီးနောက် တရားမဝင်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့အမှု ၁၉ မှုရှိပြီး ၁၄မှုနဲ့ထောင်ဒဏ် ၂၆ နှစ်ချထားပြီးဖြစ်ပါတယ်။
▪︎ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာက ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး မြန်မာသံအမတ်ကြီး တောင်းဆို
ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက နည်းလမ်းများရှာဖွေအကြံပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တောင်းဆိုပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တရားမဝင်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ပြည်တွင်းနေရာ အနှံ့အပြားမှာ ပြည်တွင်း နေရပ်စွန့်ခွာသူအမြောက်အမြားဖြစ်ပေါ်လာစေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ရိုဟင်ဂျာ (၃) သိန်းကျော် အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိပြီး အာဏာသိမ်းမှုနောက်ပိုင်း လပေါင်း (၂၀) အတွင်းမှာပင် ပြည်တွင်း နေရပ်စွန့်ခွာသူ ၁ သန်းနီးပါး (၉၈၆,၅၀၀ ဦးကျော်)ရှိလာပါတယ်။

▪︎ခန္တီးအကျဥ်းထောင်ဖောက်ကာနိုင်ကျဥ်းအချို့လွတ်မြောက်သွားဟု ဒေသခံအချိူ့ပြော
ဒီနေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း ၊ခန္တီးအကျဉ်းထောင် ဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်းလွတ်မြောက်သွားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ မနက် ၃ နာရီလောက်မှာ ထောင်ဖောက်သွားတာဖြစ်ပြီး လက်နက်နဲ့အတူ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်သွားတယ်လို့ ခန္တီးမြို့ခံတစ်ဦးက ဆိုပါတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေတယ်လို့လည်း သူက ပြောပါတယ်။ စစ်ကောင်စီ ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရတဲ့နည်းနဲ့ ကူညီကြဖို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုကို မေတ္တာရပ်ခံပါတယ်။
▪︎မုံရွာ – မန္တလေးလမ်းပေါ် လူနှစ်ဦးသေဆုံးခဲ့တဲ့ တိုက်ပြေးယာဥ်ကိစ္စ ကားပိုင်ရှင် တာဝန်ယူဖြေရှင်းပေးမယ်
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပြေးယာဥ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ ကားပိုင်ရှင်ဘက်က တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ ပြန်လည်အကြောင်းကြားလာကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောပါတယ်။


ဒီနေ့မနက်ပိုင်းက မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာအနီးမှာ အမျိုးသားနှစ်ဦးစီးလာတဲ့ Clickဆိုင်ကယ်ကို ဘုန်းကြီးတစ်ပါးလိုက်ပါလာတဲ့ 4W အမျိုးအစား အနက်ရောင်ယာဥ်က တိုက်မိပြီး ထွက်ပြေးသွားခဲ့ကာ အတိုက်ခံရသူနှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။ ကားနဲ့ လိုက်ပါလာသူတွေရဲ့ ဓာတ်ပုံများ၊ ကားအချက်အလက်တွေကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ပြီး အသိပေးလိုက်ရာ ကားပိုင်ရှင်ဘက်က ဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။ ယာဥ်တိုက်မှုအပြီး ဘုန်းကြီးက ကားရပ်ဖို့ပြောပေမယ့် ယာဥ်မောင်းကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားခဲ့တာဖြစ်ပြီး ဖြစ်ပွားခဲ့တဲ့အမှုအတွက် အစအဆုံး တာ၀န်ယူဖြေရှင်းသွားမယ်လို့ မုံရွာမြို့နယ်ပြည့် သူ့လုံခြုံရေးအဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

▪︎အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ် စစ်ဆေးမှုအတွက် အောက်တိုဘာ ၂၉ မှ ဒီဇင်ဘာ ၂၉အတွင်းလျှောက်ထားနိုင်
ကြားကာလ အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ်စစ်ဆေးခြင်းများကို ၂၀၂၃ ဖေဖော်ဝါရီမှာ တစ်ကြိမ်၊ သြဂုတ်လမှာ တစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ရာ ဝင်ရောက်ဖြေဆိုလိုသူတွေအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ NUG အစိုးရ ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ အခြေခံပညာ နဝမတန်း(စနစ်ဟောင်း)အထိ သို့မဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်း ပထမနှစ်အထိ တက်ရောက်ဖူးပြီး ၂၀၂၂ သြဂုတ် ၃၁ ရက်မှာ အသက် ၁၇ နှစ်ပြည့်ပြီးသူများ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အခုအစီအစဥ်ဟာ ပြည်သူနဲ့အတူ ရပ်တည်တဲ့ ကျောင်းသားတွေအတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြေဆိုလိုသူတွေဟာ အင်တာနက်လိုင်းရရှိပါက အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ခြင်း၊ အင်တာနက်မရရှိပါက ပညာရေးဘုတ်အဖွဲ့တွေကတဆင့် အခကြေးငွေ ပေးရန်မလိုဘဲ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
▪︎မုံရွာ – မန္တလေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်နဲ့ယာဥ်တန်းကို ဒရုန်းနဲ့တိုက်ခိုက်
မုံရွာ – မန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ယာဥ်တန်းကို ဒရုန်းနဲ့ ခြောက်ကြိမ်၊ မိုင်းနဲ့တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဆယ်ဂဏန်းခန့်သေဆုံးခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ မနေ့မနက်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ သုံးကြိမ်ချ တိုက်ခိုက်ခဲ့ပြီး မြင်းမူမြို့နယ် အောင်သမာဓိဆီဆိုင်အနီးတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နေ့ခင်းပိုင်းမှာလည်း စစ်ကိုင်းကနေ မုံရွာမြို့ဘက် လာတဲ့ စစ်ကောင်စီယာဥ် ၉စီးကို ထီးဆောင်းအနီးမှာ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ယာဥ်တန်းရဲ့ ခြောက်စီးမြောက်ကား ထိမှန်ဖောက်ခွဲနိုင်ခဲ့ပြီး ၁၄ဦးသေဆုံးတယ်လို့ သိရတယ်လို့ ကိုသက်ကြီးက ဆိုပါတယ်။ ညနေပိုင်း ဒရုန်းမစ်ရှင် သုံးကြိမ် ထပ်လုပ်ခဲ့ပြီး နှစ်ကြိမ်ကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

▪︎လွိုင်ကော်မြို့နယ် တစ်လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၁၅ ဦးထက်မနည်းသေဟု KNDF ထုတ်ပြန်
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၂က မနေ့က ထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့ကိုအခြေပြုကာ စက်တင်ဘာ ၁၇ ကနေ အခုလ ၁၅ ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF ၊ ညီညွတ်သောရှမ်းတောင်ဖယ်ဒရယ်တပ်ပေါင်းစု (USSFU)နဲ့ လွိုင်ကော် PDF တို့ပူးပေါင်းတိုက်
ခိုက်ခဲ့တာပါ။ စစ်ကောင်စီဟာ လွိုင်ကော်ကနေ နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး အခုနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်တွေအကြား ထိတွေ့မှု ပိုစိတ်လာတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အထိနာနေတဲ့ စစ်ကောင်စီဟာ နယ်မြေစိုးမိုးအသာစီးရယူဖို့ ပိုမိုကြိုးပမ်းလာနေတယ်လို့လည်း ကရင်နီအခြေစိုက်တပ်ဖွဲ့တွေက ပြောပါတယ်။


















































