▪︎စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ကုလလုံခြုံရေးကောင်စီက မြန်ဆန်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ပေးဖို့ သံအမတ်ကြီးထပ်မံတောင်းဆို
စစ်အာဏာရှင်ချုပ်ငြိမ်းစေဖို့နဲ့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားစေဖို့ ကုလသမဂ္ဂ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်ဆန်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုပါတယ်။ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်းဆိုခဲ့တာဖြစ် ပြီး စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ဘဝတွေဟာ တန်ဖိုးရှိပြီး အရေးကြီးတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ စစ်တပ်ဟာ နိုင်ငံတကာရဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတာဟာ ကုလသမဂ္ဂမှာ သံအမတ်ကြီးက အစီရင်မခံခဲ့သယောင်၊ အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေဟာ တန်ဖိုးမရှိသယောင်ဖြစ်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

▪︎ဒေါ်လာနဲ့ရွှေဈေး တဟုန်ထိုးတက်ပြီး ဈေးကွက်ပျက်
ကမ္ဘာ့ငွေကြေးခဝါချမှု နဲ့ အကြမ်းဖက်မှုဘဏ္ဘာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATFက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက် ဒေါ်လာဈေး တဟုန်ထိုးမြင့်တက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဈေးကွက်မဖွင့်နိုင်တော့ဘူးလို့ ငွေကြေးဈေးကွက်အတွင်းမှ သိရပါတယ်။ FATF ရဲ့ ထုတ်ပြန်ချက် မနေ့ညပိုင်းက ထွက်ပေါ်အပြီး ညတွင်းချင်းပင် အမေရိကန်ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ် ၅၈၀၀ အထိရှိလာခဲ့လာကာ ဒီနေ့ ဈေးကွက်မဖွင့်နိုင်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူအချို့ကပြောပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာကို ကျပ် ၆၃၀၀ အထိ မြင့်တက်လာပြီး ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ဖြစ်နေတယ်လို့ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောပါတယ်။ ဒေါ်လာဈေးနဲ့အတူ ပြည်တွင်းရွှေဈေးမှာလည်း မြင့်တက်နေပြီး ရွှေဆိုင်အများစုက အရောင်းပိတ်ထားကာ အဝယ်ကိုသာ လက်ခံတော့တယ်လို့ ရွှေလုပ်ငန်းရှင်အချို့ကပြောပါတယ်။

▪︎ကော့ကရိတ်မြို့မှာ စစ်ကောင်စီ တပ်စွဲခဲ့ရာနေရာကို KNLA ပူးပေါင်းတပ် မီးရှို့ရှင်းလင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့အနီး ကမိုင်းကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ထွက်ပြေးတိမ်းရှောင်သွားလို့ အဲဒီနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ဒေါနစစ်ကြောင်း ပူးပေါင်းတပ်က မီးရှို့ရှင်းလင်းလိုက်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

မနေ့ကကော့ကရိတ်မြို့ကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ကမိုင်ကုန်းမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်က သူတို့ ယာယီတပ်စွဲတဲ့ နေရာကို မိုင်းများထောင်ကာ စွန့်ခွာသွားတာလို့ ဆိုပါတယ်။ မနေ့က KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေရဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အထိနာခဲ့တဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ အကြိမ် ၆၀ နီးပါး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့လို့ ကော့ကရိတ်မြို့ခံ ပြည်သူတွေ သေဆုံးဒဏ်ရာရရှိခဲ့ကြပါတယ်။

▪︎ကရင်နီတပ်မတော်ရဲ့ (၇၄)ကြိမ်မြောက် စစ်သင်တန်းပိတ်ပွဲ ပြုလုပ်
(၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကရင်နီအတွင်း စစ်ရေးပြင်းထန်နေပေမယ့် စစ်ရေးသင်တန်းများပြုလုပ်ပေးနိုင်ခြင်းဟာ ကရင်နီတပ်မတော် အပါအဝင်ဒေသတွင်းစစ်ရေးအရ အားတက်ဖွယ်ဖြစ်တယ်လို့ ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ပြည်သူနဲ့အတူ ရပ်တည်ချက်ခိုင်မာတဲ့ တပ်မတော်ရှိနေခြင်းက ကရင်နီဒေသအတွက် အင်အားတစ်ခုဖြစ်ပေမဲ့ အခုထိ စစ်ရေးနဲ့ပတ်သက်လို့အကူအညီအများကြီးလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးမှာ မသက်ဆိုင်သလိုနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်ရဲ့ ကျွန်တွေလို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။

▪︎ဗန်းမောက်ရှိ ပြည်သူ့ဆေးရုံနှစ်ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာရှုတ်ချ
အရပ်သားပြည်သူများ သေဆုံးထိခိုက်မှု ဖြစ်ပေါ် စေခဲ့တဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှ ပြည်သူ့ဆေးရုံ နှစ်ခုကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ အောက်တိုဘာ ၂၀ရက်က ဗန်းမောက်မြို့နယ် မံယူးကြီးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးရုံ ကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၂၁ရက်မှာလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှ ပြည်သူ့ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာနဲ့ ခန်းမတို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အဲဒီ ဖြစ်စဉ် နှစ်ခုမှာ ပြည်သူနှစ်ဦး သေဆုံးပြီး ၁၂ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းချိန်ကစလို့ ဒီနှစ် ဩဂုတ်ကုန်ပိုင်းအထိ ကျန်းမာရေးလုပ်သား (၅၈)ဦးကို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးလုပ်သား (၇၀၀)ကျော်ကို ဖမ်းဆီးညှဉ်းပန်းခဲ့တဲ့အပြင် ဆေးရုံ၊ဆေးခန်း (၅၀) ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီလို့ အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေခြင်းဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၂၂၈၆)အပါအဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ NUG က ဆိုပါတယ်။

▪︎မြိုင်မြို့နယ် လင်းကတောစခန်း သိမ်းပိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို
အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်မြို့နယ် လင်းကတောစခန်းကို သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့တယ်လို့ Earthquake People’s Defence Forceက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက မြိုင်မြို့နယ်( လင်းကတောစခန်း) ကို Earthquake People’s Defence Force၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပ.က.ဖ)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း – ၂၊ Salingyi Special Task Force (SSTF)အဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကနေ လေကြောင်းကနေ ပစ်ကူသုံးကာ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ ညနေပိုင်းမှာ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဘန်ကာ ၄ ခုအနက် ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းခြံစည်းရိုးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူထပ်မံအသုံးပြုခဲ့ရာ လက်နက်ခဲယမ်းလိုအပ်ချက်အရ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ အများအပြားထိခိုက်မှုရှိပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ မစိုးရိမ်ရဒဏ်ရာအချို့သာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ Earth quake People’s Defence Forceက ထုတ်ပြန်ပါတယ်။
▪︎လှိုင်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးအပါအဝင် လေးဦးအသတ်ခံရ
ရန်ကုန်မြို့ လှိုင်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးအပါအဝင် လေးဦးပစ်သတ်ခံရတယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက လှိုင်မြို့နယ် (၂)ရပ်ကွက်၊သီရိလမ်းမှာ နေထိုင်တဲ့ ရာအိမ်မှူးတင်မောင်းဝင်းနဲ့ ဇနီးဖြစ်သူတို့ ပစ်သတ်ခံရပါတယ်။ အဲဒီရာအိမ်မှူးနဲ့ သူ့ဇနီးတို့ဟာ နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ဇနီးဖြစ်သူက ရပ်ကွက်ရုံးစာရေးလုပ်နေသူလို့ လှိုင်မြို့နယ် (၂) ရပ်ကွက် နေသူတစ်ဦးက ပြောပါတယ်။ အလားတူ မြောက်ဒဂုံမြို့နယ် (၃၂)ရပ်ကွက်ရှိ ဦးကြင်ဦးစျေးမှာ စစ်ကောင်စီသတင်းပေးဟုဆိုတဲ့ လင်မယားနှစ်ဦး ဒီနေ့မနက်ပိုင်းကပဲ ပစ်သတ်ခံခဲ့ရပါတယ်။
▪︎ဝက်လက်နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးကျည်ထိပြီး နှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ နှစ်ရက်အတွင်း ပြည်သူနှစ်ဦးသေဆုံးပြီး ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မှာ စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေပြီး ချောင်းမီတို(ခ)ချောင်းမကြီးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ သမန်းကျင်းရွာဘက်မှာ တိမ်းရှောင်နေတဲ့ လင်မယား နှစ်ဦးနဲ့ စစ်ကောင်စီတပ်များ ထိပ်တိုက်တွေခဲ့ရာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူသေဆုံးသွားပြီး အမျိုးသမီးမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောရွာစခန်းမှ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ မဲကုန်းရွာ၊ ကျီးကန်ရွာ၊ ပင်းဇင်းရွာ၊ ဒွန်တဲကုန်းရွာတွေဘက် ကျရောက်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ဒွန်တဲကုန်းရွာပြည်သူ ၃ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ဆားတောင်ကြီးရွာမြောက်ဘက် တောကျောင်းထဲမှာ ရှိနေပြီး အင်အား၁၅၀ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎မြို့သိမ်းတိုက်ပွဲအတွက် အထပ်မြင့်အဆောက်အဦး တိုက်ပွဲဖော်ဆောင်မယ့် လေ့ကျင့်မှုများပြုလုပ်
မြို့သိမ်းတိုက်ပွဲများပြုလုပ်မှာဖြစ်လို့ အထပ်မြင့်အဆောက်အဦးတွေမှာ တိုက်ပွဲဖော်ဆောင်မယ့် အနောက်ပိုင်းတိုင်း အခြေစိုက် တပ်မဟာ၇၊ တပ်ရင်း ၇၀၃၊ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ ရဲ့ လေ့ကျင့်နေမှုတွေကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတပ်ရင်းရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဟာ မြို့ပြစစ်ဆင်ရေးနဲ့ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ဖို့ ရည်ရွယ်လေ့ကျင့်နေတာလို့ တပ်ရင်း (၇၀၃)က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကွန်မန်ဒိုတပ်ဖွဲ့ဟာ အချိန်ယူလေ့ကျင့်သင်ကြားပေးရတဲ့ အထူးတပ်ဖွဲ့ဖြစ်လို့ မိဘပြည်သူတွေရဲ့ ကူညီထောက်ပံ့မူများမှာ မရှိမဖြစ် လိုအပ်တယ်လို့ တပ်ရင်း (၇၀၃)က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ သင်တန်းအတွက် လက်နက်ခဲယမ်းနဲ့ ဘဏ္ဘာရေးဆိုင်ရာ အခက်အခဲများရှိနေလို့ ပါဝင်ကူညီပေးကြဖို့လည်း တပ်ရင်း(၇၀၃)က မေတ္တာရပ်ခံထားပါတယ်။




















































