▪︎လေကြောင်းတိုက်ခိုက်ခံမှုဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီကို တွန်းလှန်တဲ့ တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမယ်လို့ KIO ထုတ်ပြန်
အနန့်ပါ(A Nang Pa)လေကြောင်းတိုက်ခိုက်ခံမှု ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီကို တွန်းလှန်တဲ့ တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။ အာဏာရှင်စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရွံရှာဖွယ်လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူတွေရဲ့ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားဖို့ KIO က တိုက်တွန်းပါတယ်။ အကြမ်းစစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖားကန့်မြို့နယ် အနန့်ပါဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အသိပေးစာမိတ္တူကို ဗခမက မင်းအောင်လှိုင်ဆီ ရည်ညွှန်းပါတယ်။ အနန့်ပါဒေသမှာ အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေလို့ ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားပါတယ်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါလို့ ဗိုလ်ချုပ်ဂွမ်မော်က ရေးသားထားပါတယ်။

▪︎ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ရုပ်အလောင်း ၆၀ တွေ့ရှိထားဟု KIA ပြော
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့လို့ သေဆုံးထိခိုက်အများအပြားရှိခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၆၀ တွေ့ရှိထားပြီး ဒဏ်ရာရသူ ၅၅ ဦးနဲ့ ပျောက်ဆုံးနေသူများရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပျောက်ဆုံးနေသူများရှိလို့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ကျဆုံးသွားသူတွေထဲမှာ KIA တပ်မဟာ(၉) တပ်မဟာမှူးလည်း ပါဝင်တယ်လို့ အတည်ပြုပါတယ်။ တိုက်ခိုက်ခံရတဲ့ အနန့်ပါဒေသဟာ တပ်စခန်းတစ်ခု မဟုတ်ကြောင်း၊ ခရီးသွားများ ခေတ္တခဏ အနားယူကြတဲ့ စျေးဆိုင်တန်းစခန်းငယ်နေရာဖြစ်တာကို အာဏာရှင် စစ်ကောင်စီတပ်က သိရှိထားလျက် လူအစုလိုက်၊ အပြုံလိုက်သေကြေဖို့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ KIOက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

▪︎ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီး အစီရင်ခံ
စစ်တပ်က တိုင်းရင်းသားကချင်လူမျိုးစုအပေါ် လေကြောင်းမှတိုက်ခိုက်မှုအကြောင်းနဲ့ လက်နက်ရှိနေသရွေ့ ဆက်လက်ကျူးလွန်မှုမျိုးလုပ်ဆောင်နေမှာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ စစ်တပ်ရဲ့ တစ်ခုတည်းသော လူမဆန်တဲ့ ရက်စက်ယုတ်မာမှု မဟုတ်ဘဲ လွန်ခဲ့သည့် လပေါင်း (၂ဝ) အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က ပြုလုပ်ခဲ့တယ်လို့ သံအမတ်ကြီးက အစီရင်ခံပါတယ်။ မြန်မာစစ်တပ်ဟာ လက်နက်နဲ့ ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေပါက မြန်မာပြည်သူတွေနဲ့ ကလေးတွေအပေါ် ရက်စက်တဲ့၊ လူမဆန်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေမယ်ဆိုတာ မလွဲဧကန်ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူများရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်များ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးဖို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။

▪︎အနန့်ပါတိုက်ခိုက်ခံရမှုအပြီး စစ်အာဏာရှင် အမြစ်ဖြတ်ရေးမှာ ပိုမိုတိုက်ပွဲဝင်ကြဖို့ KNU တိုက်တွန်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သား ပြည်သူများ အနုပညာရှင်များ အပါအဝင် သေဆုံးထိခိုက်သူအများအပြားရှိခဲ့ရာ ကျန်ရစ်သူမိသားစု၊ ကချင်ပြည်သူလူထု နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့နဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်က တေးဂီတပွဲကို ဗုံးကြဲတိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သက်သေခံနေတယ်လို့ KNUက ဆိုပါတယ်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးမှာ ပိုမိုပါဝင်တိုက်ပွဲဝင်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။ KNU အနေနဲ့လည်း အပြစ်မဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေကို တတ်စွမ်းသရွေ့ အကာအကွယ်ပေးမှုများ ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး မဟာလူမျိုးကြီး ဝါဒ နဲ့ အာဏာရှင်စနစ် အပြီးပိုင် ချုပ်ငြိမ်းရေးအတွက် တော်လှန်သူ အင်အားစုအားလုံးနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပါတယ်။

▪︎အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှား၊ အရေးယူနိုင်ရေးကုလလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကို NLD တိုက်တွန်း
အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုများကို နေ့စဥ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာခေါင်းဆောင်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က တိုက်တွန်းပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အနန့်ပါ ရှိ တေးဂီတ ဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ NLD က သဘောထားထုတ်ပြန်ခဲ့ရာ တိုက်တွန်းခဲ့တာပါ။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ် (၃)စီးအသုံးပြုကာ လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ကျော် ကချင်တိုင်းရင်းသား အနုပညာရှင်များ အပါအဝင်၊ ပြည်သူ (၆၀) ဦးထက် မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒါဏ်ရာရခဲ့သူ အများအပြား ရှိကြောင်းသတင်းများအရ သိရှိရတဲ့ အတွက် သေဆုံး၊ ဒါဏ်ရာရသူတွေရဲ့ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရတယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လေကြောင်းတိုက်ခိုက်ခံရမှုများနဲ့ မီးရှို့ဖျက်ဆီးခံရမှုများအတွက်လည်း နစ်နာသူပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆုံးရှုံး နာကျင်ရမှုများအတွက် ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်းနဲ့ ကျူးလွန်သူအကြမ်းဖက်စစ်ကောင်စီကိုအပြင်းအထန်ကန့်ကွက်ရှုံ့ချတယ်လို့ NLD ထုတ်ပြန်ပါတယ်။
▪︎ရွှေပြည်သာမြို့နယ် ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ
ရန်ကုန်တိုင်း ၊ရွှေပြည်သာမြို့နယ်ထဲက စစ်ရေးပစ်မှတ် ၃ နေရာကို မနေ့က တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက လှော်ကား တာဆုံ အနီးမှာရှိတဲ့ အမှတ် ၂၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်ရာမှာ အုပ်ချုပ်ရေးမှူး ဒဏ်ရာရပြီး ၊ ရပ်ကွက်ရုံးစာရေးအမျိုးသမီး သေဆုံးသွားပါတယ်။ အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။ ညနေ ၇ နာရီမထိုးခင် မှာလည်း တော်ဝင်မှတ်တိုင်ရှေ့မှာ ရှိတဲ့ ရွှေပြည်သာမြို့မ ရဲစခန်း ဝင်းထဲလက်ပစ်ဗုံး ပစ်သွင်းခဲ့တယ်လို့သိရပါတယ်။ ရဲစခန်းကို တိုက်ခိုက်တဲ့ အချိန်နဲ့တပြိုင်တည်းမှာပဲ ရွှေပြည်သာကွေ့အနီးကစစ်ကောင်စီဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကိုပြန်လည်ရောင်းချပေးနေတဲ့ နေအိမ်ကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
▪︎ဖရူဆိုမြို့အနီးရှိ နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများကို စစ်ကောင်စီက လက်နက်ကြီးများနဲ့ ပစ်ခတ်နေ
ကရင်နီပြည်နယ် ဖရူဆိုမြို့အနီးရှိ နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦးများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ PDF ဖရူဆိုက ဒီနေ့ အသိပေး ထုတ်ပြန်ပါတယ်။ အဲဒါကြောင့် ကင်းထောက်၊ ကင်းစောင့်မှုများနဲ့ နေ့ညမပြတ် အသင့်လုံခြုံရေးယူထားတယ်လို့ အသိပေးပါတယ်။ ဖရူဆိုမှာ လွန်ခဲ့တဲ့သုံးရက်လောက်က တိုက်ပွဲ ပြင်းထန်ထားပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထွက်ချင်လို့ နယ်မြေရှင်းတဲ့ ပုံစံမျိုးနဲ့ ပစ်ခတ်တာမျိုးလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ယူဆပါ တယ်။ အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားပါတယ်။
▪︎ဘုတလင်နယ် မကျီးအုပ်ရွာကို စစ်ကောင်စီတပ်ဝင်ရောက်ပစ်ခတ်လို့ ဒေသခံတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ မကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ သားအမိသုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းက ဘုတလင်မြို့နယ်၊ မကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သားအမိသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် ကျေးရွာအတွင်းကို ပစ်ခတ်ဝင်ရောက်ခဲ့ရာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်ပေမယ့် ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
▪︎ဝမ်းတွင်းမှာ စစ်ကောင်စီတပ်က NLD အမာခံတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေ
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က NLDပါတီအမာခံတွေနဲ့ ပြည်သူတွေကို တရားမဲ့ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က ဝမ်းတွင်းမြို့မရဲစခန်း ယာယီစခန်းမှူးနဲ့ အောက်တိုဘာ ၁၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ တစ်ရက်လျှင် ဒေသခံ ခုနစ်ဦးခန့်ဖမ်းဆီးခံနေရပြီး လက်ရှိ ၉၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ Voice Of Wundwin အဖွဲ့က ဆိုပါတယ်။ အချို့မှာ ကျပ် ၅သိန်းပေးဆောင်လို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် NLDပါတီ အမာခံများအပြင် လမ်းသွား၊လမ်းလာလူငယ်တွေကိုလည်း ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ကြောရေးသို့ပို့ဆောင်ခြင်းများ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


















































