ထိခိုက်ဒဏ်ရာရတဲ့ စကစ တပ်အရာရှိတွေကို အရပ်ဘက်ဝန်ကြီးဌာနတွေမှာ ခန့်ဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။
ဒီလိုခန့်အပ်ဖို့အတွက် ဒီနေ့မနက်ပိုင်းက ဘုတ်အဖွဲ့အစည်းအဝေးကို စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ခန့်အပ်ရာမှာတော့ ဒဏ်ရာရရှိမှုအခြေအနေ ၊ ဆေးဆက်လက်ကုရမယ့်အခြေအနေ ၊ ပညာအရည်အချင်း၊ ဇနီး အလုပ်အကိုင်အခြေအနေ ၊ လုပ်ကိုင်လိုတဲ့ ဦးစားပေးဝန်ကြီးဌာနတွေ နဲ့သင့်တော်မှုရှိ မရှိ ၊ရာထူးလစ်လပ်မှုပေါ် မူတည်ပြီး ခန့်သွားမယ်လို့သိရပါတယ်။
အဲဒီဘုတ်အဖွဲ့အစည်းအဝေးကို စစ်ကောင်စီခန့်အပ်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်တက်ရောက်ခဲ့ပါတယ်။

Public Service Announcement
အရပ်ဘက်ဝန်ကြီးဌာနတွေရဲ့ ရာထူးအကြီးပိုင်းနေရာတွေ တိုက်ပွဲ မှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်အရာရှိတွေ ၊ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိတွေကိုပြောင်းရွှေ့ ခန့်အပ်တာတွေ စစ်အစိုးရ ကာလတလျောက်ရှိခဲ့ပါတယ်။
ဒီလို ရာထူးအကြီးပိုင်းနေရာတွေအတွက် စစ်တပ်ကနေ အခန့်သား ရောက်လာတဲ့သူတွေကို မိုးကျရွှေကိုယ်တွေလို့ မြန်မာတွေက ရည်ညွှန်းခေါ်ဝေါ်ကြလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ဦးနေဝင်းလက်ထက်ကစပြီး စစ်အစိုးရ တလျောက်လုံး အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ဝန်ကြီးဌာနတွေမှာ ရာထူးအကြီးပိုင်းတွေကို စစ်အရာရှိတွေ နေရာယူလာကြတာပဲဖြစ်ပါတယ်။

















































