▪︎နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ် မီးရှို့လို့ ပြည်သူလူထုနေအိမ် လေးသောင်းနီးပါးပျက်စီးဆုံးရှုံး
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အာဏာသိမ်းပြီးချိန်မှ ဒီနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ အရပ်သား ပြည်သူလူထုနေအိမ် အနည်းဆုံး ၃၈,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၇,၄၉၆ လုံးဖြင့် အများဆုံးဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းက ၇,၈၁၈ လုံးဖြင့် ဒုတိယအများဆုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ တတိယအများဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၁,၄၇၅ လုံးဖြစ်တယ်လို့ Data for Myanmarက ဆိုပါတယ်။


▪︎စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူအပါအဝင် လူပုဂ္ဂိုလ် ၁၂ဦးနဲ့ ကုမ္ပဏီအဖွဲ့အစည်း သုံးခုကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့
မြန်မာစစ်ကောင်စီနဲ့ ၎င်းတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ ကုမ္ပဏီအဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ အဲဒီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကိုယ်စား အဓိကပါဝင်လုပ်ဆောင်နေသူများဖြစ်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီ နောက်ကြောင်းပြန်မှု၊ စစ်တပ်ထံ လက်နက်များစီးဆင်းစေမှုနဲ့ အရပ်သားများအပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအတွက် တာ၀န်ရှိတယ်လို့ ကနေဒါက သတ်မှတ် အရေးယူခဲ့တာပါ။ ကနေဒါရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ဇော်မင်းထွန်း၊ မောင်မောင်အုန်း၊ ထွန်းထွန်းနောင်၊ ခင်မောင်ရီ၊ မျိုးမြင့်ဦး၊ သောင်းဟန်၊ ဝင်းရှိန်၊ ကိုကိုလွင်၊ အောင်စိုး၊ ဇင်မင်းထက်၊ လှိုင်မိုးမြင့်နဲ့ မျိုးသစ္စာတို့ ပါဝင်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်း သုံးခုမှာ 61 Dynasty International Company Ltd ၊ International Gateways Group နဲ့ Asia Sun Group တို့ဖြစ်ပါတယ်။

▪︎စစ်တပ်နဲ့ ထောက်ခံသူတွေကို ထိရောက်စွာအရေးယူဖို့ နိုင်ငံတကာကို CRPH ထပ်မံတိုက်တွန်း
အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်ခြင်းများ ချမှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ ဥရောပသမဂ္ဂ တို့အပါအဝင် နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ထပ်မံတိုက်တွန်းပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ လူမဆန်တဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်သွားဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်များကို ကယ်တင်ပေးဖို့ အခုလိုတိုက်တွန်းတာလို့ ဆိုပါတယ်။ CRPH ဟာ တိုင်းရင်းသားလူမျိုးများနဲ့ ဒီမိုကရေစီကို အသက်ပေးကာ ခုခံကာကွယ်နေကြသူများအပေါ် အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သော လူမဆန်တဲ့ လုပ်ရပ်များအတွက် တရားမျှတမှုရှိရေးနဲ့ အကြမ်းဖက် စစ်တပ်မှ တာဝန်ခံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကြေညာပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရားမဝင် အမည်ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ သူတို့ရဲ့ တရားမဝင်အာဏာသိမ်းမှုနဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ကြတဲ့ မြန်မာပြည်သူများအပေါ် စနစ်တကျ သတ်ဖြတ်မှုများအတွက် တာဝန်ရှိတယ်လို့ ဆက်လက်ဖော်ပြပါတယ်။

Public Service Announcement
▪︎နမ့်ဆန်တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီက ဒီနေ့ လေကြောင်း ၅ ကြိမ်သုံး
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေလည်း တိုက်လေယာဥ်နဲ့ရော၊ ရဟတ်ယာဥ်နဲ့ရော ၅ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်တယ်လို့ဆိုပါတယ်။ မနေ့ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့တယ်လို့ TNLA ဘက်က အသိပေးပေမယ့် အသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

▪︎လက်ယက်ကုန်းအပါအဝင် ဒီပဲယင်းနယ် ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရဖူးတဲ့ လက်ယက်ကုန်းကျေးရွာအပါအဝင် ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ မူးခံတွင်းကျေးရွာကို ထပ်မံမီးရှို့ခဲ့ပါတယ်။ အဲဒီနောက် လက်ယက်ကုန်းနဲ့ ညောင်ကြီးကုန်းကျေးရွာတွေဘက်သို့ ဆက်လက် ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ အလားတူ ဝဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ ညောင်လှနဲ့ သရက်တော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎ရိုဟင်ဂျာရုပ်အလောင်း ၁၃လောင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ NUG ထုတ်ပြန်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ အမျိုးသား ရုပ်အလောင်း ၁၃လောင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ လူမှုရပ်ဝန်းမှ အဖွဲ့ဝင်တွေရဲ့ အကူအညီများကိုလည်း NUG က ဖိတ်ခေါ်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုကို အမျိုသားညီညွတ်ရေးအစိုးရအနေနဲ့ များစွာတုန်လှုပ်စိတ်ပျက်မိတယ်လို့ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ငယ်ရွယ်တဲ့ ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပြီး ကနဦးတွေ့ရှိချက်များအရ ရုပ်အလောင်းအချို့မှာ ပြတ်ရှဒဏ်ရာများနဲ့ ညှဉ်းပမ်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာများတွေ့ရှိခဲ့ရပါတယ်။
▪︎ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ဆိုင်းနေစဥ် စစ်သားတစ်ဦးကို အရှင်ဖမ်းမိ
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းကို ချောင်းမြောင်းစောင့်ဆိုင်းနေစဥ် အရပ်ဝတ်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ – ၂ တိုက်ဂါးစစ်ကြောင်းက ကြာနီကန်အုပ်စုမှာ မစ်ရှင်တစ်ခုပြုလုပ်ဖို့အတွက် နှစ်ရက်ခန့် စစ်ကောင်စီလမ်းကြောင်းကို ချောင်းမြောင်းနေစဥ် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီ စစ်ကောင်စီတပ်သားထံမှ MA 2 တစ်လက်၊ ကျည်ဘောက်(၄)ခုနဲ့ 5.56 ကျည် အတောင့်(၂၀၀)သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားကို လုံခြုံစိတ်ချရတဲ့နေရာသို့ ခေါ်ဆောင်ကာ NUG ကာကွယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားထားတဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။
▪︎တပ်ကူလာပို့တဲ့ ယာဥ်တစ်စီး သပိတ်ကျင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဖြတ်သန်းကာ အထက်တကောင်းနဲ့ ထီးချိုင့်မြို့ဘက် တပ်ကူသွားပို့မယ့် ယာဥ်တစ်စီးကို ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက အထက်တကောင်းနဲ့ ထီးချိုင့်မြို့ဘက်သို့ တပ်ကူလွှတ်လိုက်တဲ့ အင်အား (၂၀)ခန့်ပါ လိုက်ထရပ်တစ်စီးကို ဆယ်ဇင်းကုန်းနဲ့ မင်းကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်း နောက်ဆက်တွဲသတင်းအရ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းမှာ မင်းကုန်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဆိုသူ ထွန်းထွန်းကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


















































