Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ ၉ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎TNLA နဲ့စစ်ကောင်စီတပ်တိုက်ပွဲသုံးရက်ဆက်ထပ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်လို့ TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားများချပြီး TNLA တပ်စခန်းရှိရာသို့ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီနေ့ မနက်အထိ တိုက်ပွဲမနားသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး နှစ်ညဆက် ညပိုင်းတွေမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိတယ်လို့ TNLAက ပြောပါတယ်။ အဲဒီလို ပစ်ခတ်မှုကြောင့် ကုန်းသာအပါအဝင် ဒေသတွင်းရှိ ကျေးရွာတွင်းနဲ့ ကျေးရွာအနီးတဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီး နေအိမ်ပျက်စီးမှုရှိခဲ့ကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

TNLA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-Getty Image
TNLA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-Getty Image

▪︎သိန္နီမှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဒေသမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းဟာ လားရှို- ကွမ်းလုံလမ်းကြောင်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တပ်မဟာ (၂၁၁)ရဲ့ တပ်ရင်းအချို့ထံ ချဉ်းကပ်လာလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မူပန်ခရိုင်(သိန္နီဒေသ)မှာ နေ့ခင်းပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

MNDAA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-The Koekang News
MNDAA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-The Koekang News

▪︎စစ်ကောင်စီရဲ့ ဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုအကြောင်း ဗြိတိန်လူငယ် ဆရာဝန် ဝေမျှ

ဗြိတိန်နိုင်ငံက လူငယ် ဆရာဝန် တစ်ယောက်ဟာ မြန်မာနိုင်ငံက ရှေ့တန်း စစ်မျက်နှာပြင်မှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေရင်း ကြုံတွေ့ခဲ့တဲ့ ချောက်ချားစရာ တိုက်ခိုက်ခံရမှုတွေအကြောင်းပြောပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ကရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ

နယူးကာဆယ်မြို့သား အသက် ၂၉ နှစ်အရွယ် ဒီကလန်စတိုကဲလ်ဟာ သူအလုပ်လုပ်နေတဲ့ ဆန်းဒါးလန်း တော်ဝင်ဆေးရုံကနေ ခဏတာ ထွက်ခွာလာပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းက ကျေးလက်ဧရိယာ တစ်ခုမှာ ဖွင့်ထားတဲ့ ဆေးခန်းတစ်ခုကို သီတင်း ၅ ပတ်ကြာ သွားရောက် ကူညီခဲ့ပါတယ်။ ဒီကလန်ဟာ အမေရိကန် စေတနာ့ဝန်ထမ်း အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Free Burma Rangersနဲ့ ချိတ်ဆက်ရောက်လာခဲ့တာဖြစ်ပြီး သူရှေ့တန်းမှာ ရှိနေစဥ်ကာလမှာ စစ်ကောင်စီတပ်ဟာ ကျန်းမာရေး အဆောက်အအုံတွေနဲ့အပြစ်မဲ့ ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်တာတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကြားဝင် ကူညီပေးဖို့ ဗြိတိန် အစိုးရကို သူက တောင်းဆိုခဲ့ပါတယ်။ ဒီကလန်ဟာ သူကြုံတွေ့ခဲ့တဲ့ ဇာတ်ကြောင်းတွေကို ပြန်ဝေမျှရင်း မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ကပ်ဘေးဒုက္ခတွေအပေါ် လူတွေ ပိုမို အာရုံစိုက်လာကြဖို့ မျှော်လင့်နေပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပါဝင် ကူညီပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီနဲ့ လက်နက် တင်ပို့ရောင်းချမှုတွေ ပိတ်ပင်တာမျိုး အရေးယူတာတွေ လုပ်ဆောင်ကြဖို့ ဗြိတိန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ဆော်ဩ တောင်းဆိုထားပါတယ်။

စစ်​မြေပြင်နှင့်စစ်​ဘေး​ရှောင်များကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု အခမဲ့လုပ်အား​ပေးခဲ့တဲ့ဗြိတိန်မှ လူငယ်ဆရာဝန်။
ဓါတ်ပုံ - Declan Stokle
စစ်​မြေပြင်နှင့်စစ်​ဘေး​ရှောင်များကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု အခမဲ့လုပ်အား​ပေးခဲ့တဲ့ဗြိတိန်မှ လူငယ်ဆရာဝန်။ ဓါတ်ပုံ – Declan Stokle

▪︎လေယာဥ်ဆီနဲ့ပတ်သက်လို့ ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို အရပ်ဘက်အဖွဲ့ ၅၀၀ ကျော် တောင်းဆို

စစ်အုပ်စုထံ လေယာဥ်ဆီတင်ပို့ရောင်းချရာမှာ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် ချက်ချင်းဒဏ်ခတ် အရေးယူပိတ်ဆို့ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅၁၆ ဖွဲ့က ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၅၁၆ ဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စုကို ဆန့်ကျင်အံတုကာ ၎င်းတို့ရဲ့ ရပိုင်ခွင့်နဲ့ ဒီမိုကရေစီကို ရဲရင့်စွာဆက်လက်ကာကွယ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်တဲ့ အနေနဲ့ မြန်မာစစ်အုပ်စုကို လေယာဥ်ဆီတင်ပို့ရောင်းချရာမှာ မည်သည့် ဗြိတိသျှကုမ္ပဏီမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ခြင်းမရှိရေး ဗြိတိန်အစိုးရက ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဒီနေ့ တောင်းဆိုလိုက်တာပါ။ မြန်မာစစ်အုပ်စုရဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေနဲ့ ပိုမိုပြတ်သားပြင်းထန်တဲ့ လုပ်ဆောင်မှုများ ဆောင်ရွက်ဖို့လည်း တောင်းဆို ထားပါတယ်။

စစ်​ကောင်စီတိုက်​လေယာဥ် ၂ စင်း​ကိုစစ်​ရေးပြပွဲတစ်ခုတွင်​လေ့ကျင့်စဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်​ကောင်စီတိုက်​လေယာဥ် ၂ စင်း​ကိုစစ်​ရေးပြပွဲတစ်ခုတွင်​လေ့ကျင့်စဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ

▪︎မီးရှို့ခံရတဲ့ မြင်းဒေါင်းရွာကို ရှင်းလင်းရေးလုပ်ဖို့လာတဲ့ ရွာသားတွေကို စစ်ကောင်စီတပ် လိုက်လံပစ်ခတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာမှာ ဒေသခံတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မီးရှို့ခံထားရတဲ့ နေရာတွေကို ရှင်းလင်းရေးလုပ်ဖို့ ဝင်လာကြတဲ့ မြင်းဒေါင်း ရွာသူ၊ရွာသားတွေကို မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လိုက်လံပစ်ခတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး နားထင်ရှပ်မှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရဲကင်းစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာ၀မ်ပေါင်ကုမ္ပဏီဝင်းရဲ့ ရဲကင်းစခန်းကို မနေ့ညက သွားရောက်တိုက်ခိုက်ရာ ရဲအချို့ထိခိုက်သေဆုံးနိုင်တယ်လို့ National Revolutionary Guard အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညပိုင်းက ဆားလင်းကြီးမြို့နယ် ပုသိမ် – မုံရွာလမ်းဆုံရှိ မြန်မာ၀မ်ပေါင်ကုမ္ပဏီဝင်းရဲ့ ရဲကင်းစခန်းတစ်ခုကို NRG နဲ့ တစ်ကိုယ်တော်သုဘရာဇာအဖွဲ့တို့က (၄၀)မမ အပါအ၀င် လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မိနစ် ၃၀ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။

▪︎မြောင်မြို့အဝင် လဝကရုံးရှိ စစ်ကောင်စီတ​ပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရှိ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာ သူများကိုပါ ပဒေသာမိုင်းခွဲကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့(MBTT)က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၅ ရက် နေ့ခင်းက မြောင်မြို့အဝင်၊ တောင်ရပ်ကွက်ရှိ လဝကရုံးအတွင်း ကင်းပုန်းဝပ်နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ပြီးနောက် အချိန်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ ပြန်လည်ရောက်ရှိလာရာ ကြိုတင်စီစဉ်ထားတဲ့ ပဒေသာမိုင်း (၄)ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အသက်အန္တရာယ်ထိခိုက်နိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကာ ကားတစ်စီး ပျက်စီးသွားတယ်လို့ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ပြောပါတယ်။

▪︎မောင်းမကန်ရဲစခန်းနဲ့ ကရင်ကြီးရွာမှ ပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်

တနသ်ာရီတိုင်း၊ လောင်းလုံးနယ် မောင်းမကန်ရဲစခန်းနဲ့ ကရင်ကြီးရွာမှပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၄ ရက်ညပိုင်းက မောင်းမကန်ရဲစခန်းနဲ့ ကရင်ကြီးရွာမှ ဦးလေးလေးရဲ့ ပျူစောထီးစခန်းတို့ကို စစ်ကြောင်းများခွဲကာ တစ်ချိန်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ ကားသုံးစီးပျက်စီးကာ စစ်သား၊ရဲနဲ့ ပျူ​စောထှး (၄၀) ဦးခန့် ထိခိုက်သေဆုံးသွားတယ်လို့ ဖော်ပြပါတယ်။ မောင်းမကန်ရဲစခန်းကို တိုက်ခိုက်နေစဥ်(၁၀၄)ခြေလျင်တပ်ရင်းမှ ကားသုံးစီးနဲ့ စစ်ကူလာရောက်ရာ အသင့်စောင့်ဆိုင်းနေတဲ့ ရဲဘော်တွေက မိုင်း(၂၄)လုံးနဲ့ နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားနှစ်စီး ထိုးရပ်ပြီး တစ်စီးမီးလောင်သွားတယ်လို့ ဆိုပါတယ်။

▪︎ကုန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေဟု KRU ပြော

စစ်ကောင်စီတပ်ရဲ့ ထိုးစစ် စစ်ကြောင်းသုံးခုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဒီနေ့ထုတ်ပြန်ပါတယ်။ KRU ရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းသုံးခုနဲ့ ဒီဇင်ဘာ ၆ ရက် ညပိုင်းက စစ်ကြောင်းထိုးလာခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ထောင်ထားတဲ့ မိုင်းများနင်းမိကာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး အနီးကပ်ပစ်ခေတ်မူအတွင်း တစ်ဦးထပ်မံသေဆုံးတာလို့ KRU က အတည်ပြုပါတယ်။ အဲဒီတိုက်ပွဲအတွင်း ရဲဘော်ငါးပျောက်ဆုံးခဲ့ပြီး ပြန်လည်ရှာဖွေရာ ဒဏ်ရာရရဲဘော်လေးဦးကို တွေ့ရှိ ခေါ်ဆောင်နိုင်ခဲ့ပေမယ့် ကျန်တစ်ဦးမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

KRU တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KRU
KRU တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KRU

ဆက်စပ်သတင်းများ