စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင်တပ်ရင်း (၂၊၃၊၄)Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီး လက်လုပ်လက်နက်များအပါအဝင် ကျပ်သိန်း ၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇွန်လ ၁၉ ရက်က လက်နက်ထုတ်လုပ်နေစဥ် မတော်တဆဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သိန်း၁၅၀ မှ ၂၀၀ကြားတန်သည့် သိုလှောင်ထားသော ယမ်းများ၊ ချေမှုန်းရေးရိုင်ဖယ်များ၊ လုပ်လက်စ လက်လုပ်များ၊ မော်တာများ၊ တွင်ခုံများအပါအဝင် ကျပ်သိန်း ၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Chindwin Attack Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။


“တဖွဲ့က ဂဟေဆော်နေတာ။ တဖက်က ကျည်ဘောက်တွေလုပ်နေတာကို မီးပွားစင်ပြီး မီးလောင်တာပါ။ တော်တော်လေး ပျက်စီးဆုံးရှုံးတယ်။ တစ်လက်သိန်း၂၀လောက်တန်တဲ့ ရိုင်ဖယ် တွေလည်း ပျက်စီးသွားတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန် Chindwin Attack Force အဖွဲ့ဝင် ရဲဘော်များက မေတ္တာရပ်ခံသည်။

Public Service Announcement
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ကလည်း မုံရွာခရိုင်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း အပူရှိန်လွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ပြီး ထုတ်လုပ်ရေးပစ္စည်းများ ကျပ်သိန်း၇၀ဖိုးခန့် ဆုံးရှုံးခဲ့သေးသည်။


















































