ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁ရက်မှ ၃၁ရက်အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်၊ ၎င်းတို့၏ခါးပိုက်ဆောင်တပ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)တို့အကြား တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀၉ဦးသေဆုံးပြီး ၈၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ရုံးအဆောက်အဦး သုံးလုံးဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာပစ္စည်းများနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ခဲ့သည့်မော်တော်ယာဉ် (VIGO) တစ်စီးအားလည်း ဖျက်စီးနိုင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
စစ်ကောင်စီ၏ ထောက်ပို့မြင်းလား ၄၁ကောင် သေဆုံးပြီး ၃၀ ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြသည်။
တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
အာဏာသိမ်း စစ်ကောင်စီဖက်မှ ရွာအတွင်းနှင့် လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များ အတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း ဆက်လက် လုပ်ဆောင်ခဲ့၍ အပြစ်မဲ့ရွာသား နှစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြထားသည်။
KNU တပ်မဟာ(၅)အနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ တပ်စခန်းများကို ပြောက်ကျား တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသကဲ့သို့ စခန်းသိမ်းတိုက်ခိုက်မှုအချို့လည်း လုပ်ဆောင်ထားသည်။


















































