“စစ်အင်အားနည်းတဲ့ ဒေသတွေက တပ်တွေ ရုတ်သိမ်းလိုက်ပြီး အင်အားစုစည်းလိုက်တဲ့ သဘောလို့မြင်တယ်” – ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း စုစုပေါင်း စခန်း ၄ခုကို စစ်ကောင်စီက ပြန်လည်ရုတ်သိမ်းသွားကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြစ်ဆုံအထက် ဂျင်ဂျန်းယန်ဒေသရှိ စစ်ကောင်စီစခန်း ၃ခုနှင့် ရဲစခန်း တို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၂၁ရက်က တပ်ရုတ်သွားပြီး မြစ်ကြီးနားဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာန၏ ကချင်ဘာသာဖြင့် ဖော်ပြချက်ကို Kachinwaves က ဖော်ပြထားသည်။


ယင်းသို့တပ်များ ဆုတ်ခွာသွားသည်မှာ မှန်ကန်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ နံနက်တွင် အတည်ပြုပြောကြားသည်။
“မှန်တယ်။ စခန်း ၄ခုလောက်ရှိမယ်။စစ်အင်အားနည်းတဲ့ ဒေသတွေက တပ်တွေ ရုတ်သိမ်းလိုက်ပြီး အင်အားစုစည်းလိုက်တဲ့ သဘောလို့မြင်တယ်” ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကလည်း “KIA တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ၊ မြစ်ဆုံအထက် ဒေသ အင်ဂျန်းယန် မြို့နယ်က စစ်တပ်၊ ရဲနှင့် အရပ်ဖက်အုပ်ချုပ်ရေး ဝန်ထမ်းအားလုံး တပ်ဆုတ်သွားတယ်လို့ သိရတယ်။ အင်ဂျန်းယန်မြို့နယ်ကတော့ သွေးမစွန်းဘဲ အပ်လိုက်ပါပြီ”ဟု လူမှုကွန်ရက်တွင် ရေးသားအသိပေးခဲ့သည်။
ယခု တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်စခန်းများသည် ခလရ(၄၀) တပ်စခန်း၊ ရဲစခန်း၊ (၁၆)မိုင်ရှိ တပ်စခန်းနှင့် မလိခမြစ်ကမ်းအနီးရှိ ဂွေထောင် တပ်စခန်းများ ဖြစ်သည်ဟု ဆိုသည်။


















































