Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် စစ်ကောင်စီ တပ်ရင်းအချို့ တပ်ရင်းအလိုက် ဘက်ပြောင်းအလင်းဝင်ရန် ညှိနှိုင်းသဘောတူညီမှုရထားဟု KNDF အသိပေး

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

(လွိုင်ကော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့သည်ကို KNDF ဒုစစ်ဦးစီချုပ် မာဝီက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့သည်ကို KNDF ဒုစစ်ဦးစီချုပ် မာဝီက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီ​၏ တပ်ရင်းအချို့ တပ်ရင်းအလိုက်ဘက်ပြောင်းအလင်းဝင်ရန် ညှိနှိုင်းသဘောတူမှုများရရှိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

ထို့ကြောင့် မကြာမီတွင် တပ်ရင်းအလိုက် ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။

“အာဏာရှင်အား ကျောခိုင်းခြင်းဖြင့် ပြည်သူ့ အောင်ပွဲတွင်ပါဝင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်တွင် သာယာလှပသော ဘဝအနာဂတ်များကို မိမိတို့မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် ပြည်သူဘက်သို့ ဘက်ပြောင်းရန် အလေးအနက် တိုက်တွန်းသည်”ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

‘ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများ ပြည်သူဘက်သို့ ဘက်ပြောင်းရေး တိုက်တွန်းချက်’ခေါင်းစဉ်ဖြင့် KNDFက ယနေ့ထုတ်ပြန်ရာတွင် ထိုကဲ့သို့ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် ကရင်နီပြည်နယ်သို့ ၂၀၂၁ နှစ်လယ် နောက်ပိုင်း စစ်ဆင်ရေးများဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မ (၆၆)၊ တပ်မ (၅၅) လက်အောက်ရှိ စစ်ကောင်စီတပ်ရင်းများမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် တပ်ရင်းအလိုက် ထိခိုက်ကျဆုံးမှုများဖြင့် တပ်မများ ဖွဲ့စည်းပုံပျက်ကာ အင်းအားချည့်နဲ့လျက်ရှိသည်ဟုဆိုသည်။

‘၁၁.၁၁စစ်ဆင်ရေး’အတွင်း အဆိုပါ တပ်မများမှ လှုပ်ရှားစစ်ကြောင်းများ၊ စစ်ကူစစ်ကြောင်းများမှာလည်း ထပ်မံခြေမှုန်းခံရကာ အများအပြားသေဆုံးပြီး လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးခံရသူများမှာလည်း ဦးရေ ရာဂဏန်း နီးပါးရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်မများမှ တပ်ရင်းများသည် ကရင်နီပြည်အတွင်း အစုလိုက်၊ အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးမှုစသော စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများဖြစ်သည့်အားလျော်စွာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ၎င်းတို့အား အပြီးသတ်ချေမှုန်းရန် ယတိပြတ် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟုလည်း ပါရှိသည်။

သို့သော် တိုက်ပွဲနယ်မြေများအတွင်း လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းအဖြစ်နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဘက်ပြောင်းလိုသူများကိုလည်း ဘက်ပြောင်းရေးအစီအမံအရ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက်တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးသည်။

ကရင်နီပြည်အတွင်းရှိ ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများသည် နယ်မြေခံ တပ်ရင်းများသည် ကရင်နီပြည်အတွင်း နှစ်ရှည်လများ မိသားစုများနှင့်အတူ အခြေချနေထိုင်သူများ ဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်များအား ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် KNDFက တိုက်တွန်းထားသည်။

ထို့ကြောင့် မိသားစုများအလိုက် ဖြစ်စေ၊ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက်ပေးမည်ဟု KNDFက ဆိုသည်။

စစ်ကောင်စီ​၏ တပ်ရင်းအချို့ ဘက်ပြောင်းလာမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်အပေါ် လူထုနွေဦးက KNDFထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook