Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ်တွေ ပိတ်ထားရ၊ ချော်ပြာတွေက မလေးရှား ပိုင်နက်ထဲထိ ရောက်ရှိ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ်တွေ ပိတ်ထားရ၊ ချော်ပြာတွေက မလေးရှား ပိုင်နက်ထဲထိ ရောက်ရှိ
အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ်တွေ ပိတ်ထားရ၊ ချော်ပြာတွေက မလေးရှား ပိုင်နက်ထဲထိ ရောက်ရှိ

အင်ဒိုနီးရှားက မီးတောင်တစ်ခု ပေါက်ကွဲမှုကြောင့် ဒေသတွင်း လေကြောင်း ပို့ဆောင်ရေး ကဏ္ဍမှာ အကြီးအကျယ် အနှောင့်အယှက်တွေ ကြုံနေရုံသာ မကဘဲ ချော်ပြာတွေဟာ အိမ်နီးချင်း မလေးရှား နိုင်ငံအထိ ပျံ့နှံ့ ရောက်ရှိလာနေတယ်လို့ သိရပါတယ်။

လူနေကျဲပါးရာ နေရာတခုမှာ တည်ရှိတဲ့ ရူအန်းမီးတောင်ဟာ ဧပြီ ၃၀ ရက်နေ့မှာ တစ်နေ့တည်း သုံးကြိမ်ဆင့်ပြီး ပေါက်ကွဲခဲ့သလို မီးခိုးလုံးတွေနဲ့ ချော်ပြာတွေကိုပါ အရှိန်နဲ့ မှုတ်ထုတ်ခဲ့ပါတယ်။ ချော်ပြာတွေဟာ ကောင်းကင်အထက် ၅ ကီလိုမီတာ အမြင့်လောက်ထိ ရောက်ရှိပြီး လေထုထဲ ပျံ့နှံ့ မှုန်မိုင်းသွားစေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ လေယာဉ်ကွင်း ၃ ခုရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ပိတ်ထားလိုက်ရပါတယ်။

ဒါ့အပြင် မီးတောင် ပေါက်ကွဲပြီး ချော်တုံးချော်ခဲတွေ၊ မီးတောင် အစိတ်အပိုင်းတွေ ပင်လယ်ထဲ ပြုတ်ကျတဲ့အခါ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုကြောင့် အာဏာပိုင်တွေက အနီးမှာရှိတဲ့ တက်ဂ်လွန်ဒန်နဲ့ ဆိုင်အူကျွန်းတွေမှာ နေထိုင်သူ ၁၂၀၀၀ ကျော်လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒါပေမဲ့ မေလ ၁ ရက်နေ့ မနက်ပိုင်း အထိတော့ မီးတောင်ပေါက်ကွဲမှုနဲ့ ဆက်စပ်တဲ့ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်လာတာ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား မိုးလေဝသ အေဂျင်စီက မေလ ၁ ရက်နေ့၊ ဂြိုဟ်တုကနေ စောင့်ကြည့်တဲ့ စနစ်တွေအရ မီးတောင် ချော်ပြာတွေဟာ ဘော်နီယို ကျွန်းစုရဲ့ မလေးရှား ပိုင်နက်ထဲထိ ရောက်ရှိခဲ့တာကို တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီကျွန်းစုကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတို့က မျှဝေ ထိန်းချုပ်ထားပါတယ်။

မီးတောင် ချော်ပြာတွေကြောင့် ဒေသတွင်းက မြို့ကြီးတွေဖြစ်တဲ့ မာနာဒို၊ ဂိုရွန်တာလိုတို့က အဓိက လေဆိပ်တွေကိုပါ ပိတ်ထားရတယ်လို့ ဆိုပါတယ်။ မေလ ၁ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို အမြင့်ဆုံးအဆင့်မှာ ဆက်လက် ကြေညာထားဆဲလို့လည်း သိရပါတယ်။ ဆူနာမီ သတိပေးချက်ကလည်း မီးတောင် ပေါက်ကွဲနေတဲ့ အတောအတွင်း ဆက်လက် ထုတ်ပြန်ထားဖွယ် ရှိပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဂျာဗားနဲ့ ဆူမာတြား ကျွန်းတွေကြားက အန်နက်ခ် ခရာကာတိုအာ မီးတောင် ပေါက်ကွဲတဲ့အချိန် ကြီးမားတဲ့ အစိတ်အပိုင်းတွေ ပင်လယ်ထဲ ပြုတ်ကျခဲ့ရာက ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်ပြီး လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook