ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ကိုရင့်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၆ရက် နံနက်က ရေစကြိုမြို့နယ်ရှိ ကိုရင့်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူလုယက်ယူဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီတပ်က ပစ္စည်းများခိုးယူပြီးနောက် နေအိမ် ၂၃လုံး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“အဲဒီဝန်းကျင်က စခ၊ ပခတွေ မကြာခဏ အတိုက်ခံရပါတယ်။ ရေစကြိုတောင်ဘက်လက်လို့ ပြောရမှာပေါ့။ အခုဟာက ရိက္ခာပြတ်လို့ ထွက်ခိုးပြီး ပစ္စည်းတွေ လုယက် ယူဆောင်သွားပြီး သူတို့ခြေရာ လက်ရာဖျောက်တဲ့သဘော ပြည်သူနေအိမ်တွေကို အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးသွားတာ။”ဟု Info Committee Yesagyo၏ တာဝန်ရှိသူက ပြောသည်။
အလားတူ သြဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်က ကိုရင့်ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးနှစ်ဦးအပါအဝင် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ရေစကြိုနယ်သည် မကွေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာဒေသဖြစ်သည့်အတွက် စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်ခြင်းအပြင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ဇွန်လကုန် အထိ စစ်ကောင်စီတပ်နှင့်၎င်းလက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် တစ်နိုင်ငံလုံး နေအိမ် ၉၅,၀၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင် ယင်းပမာဏထက်ပိုများနိုင်ကြောင်း ဒေသခံများက ပြောသည်။


















































