Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်လှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုက္ခချုပ်ငြိမ်းပြီး နိဗ္ဗာန်အမြန်‌ရောက်ပါစေဟု ဦးဝီရသူ အရွဲ့တိုက်ဆုတောင်းပေး

အလှူအတန်းအရမ်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု မေးခွန်းထုတ်၊ စစ်တိုင်းမှူးများ အသေခံမတိုက်ကြရန် ဦးဝီရသူ သတိပေး

ကိုပုဂံ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းလှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်‌ရောက်ရှိပါစေဟု အမျိုးသားရေးအစွန်း​​ရောက်ဆရာတော်ဦးဝီရသူက အရွဲ့တိုက် ဆုတောင်းပေးလိုက်သည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှုတရားတော်”အမည်ဖြင့် သြဂုတ် ၈ရက်ညပိုင်းတွင် ဦးဝီရသူက ဟောကြားခြင်း ဖြစ်သည်။ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော ရုပ်သံအရ ၄မိနစ်ခန့်သာကြာသည့် ဟောပြောမှုတွင် ဦးဝီရသူက မင်းအောင်လှိုင်အား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် တပ်စခန်းများအား စစ်ရှုံး၍ သိမ်းပိုက်ခံရမှုအပေါ် နိဗ္ဗာနဿပစ္စဟေ ဟောတုဆိုကာ ရွှဲ့စောင်းအမျှဝေထားသည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ အလံတော်ကြီးကို ကဗ္ဗည်းထိုးလိုက်တဲ့အခါ ကျုပ်တို့တွေကလည်း ကြားလေရာအရပ်၊ ရောက်လေရာဒေသကနေ ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရေစက်ချပေးပါမယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်းကို လှူဒါန်းရတဲ့ကုသိုလ်ကောင်းမှုကြောင့် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်‌ရောက်ရှိပါစေဆိုပြီး ဣဒံမေပုညံ နိဗ္ဗာနဿ ပစ္စယောဟောတုဆိုပြီးတော့လေ”ဟု ဦးဝီရသူက မိန့်သည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်ပြီး “ရှမ်းပြည်မြောက်ပိုင်းက ဘယ်ဗျူဟာကုန်းတွေ၊ ဘယ်တပ်မတော်တွေ ဘယ်စစ်တိုင်းတွေ၊ ဘယ်စခန်းတွေ၊ ဘယ်စစ်တပ်တွေ လှူဒါန်းတယ်။ ဘယ်လက်နက်တွေ လှူဒါန်းတယ်။ဘယ်မြို့ကြီး လှူဒါန်းတယ်။ ဘယ်မြို့တွေ လှူဒါန်းတယ်။ ဒီလှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုအစုစုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်‌ရောက်ရှိပါစေလို့ဆုတောင်းပြီး ကျုပ်တို့တွေရေစက်ချပေးမယ်”ဟု ဆိုသည်။

အလှူအတန်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု ဦးဝီရသူက မေးခွန်းထုတ်သည်။

“အလှူအတန်း အရမ်းရက်ရောတာ။ တစ်မြို့ပြီးတစ်မြို့လှူနေတာ ခင်ဗျားတို့ သိရဲ့လား။ ခင်ဗျားတို့ သေသေချာချာပြတ်ပြတ်သားသားမေး ။ အဘ ဒီမြို့ကိုရော လှူဖို့စာရင်းထဲ ပါသေးလား။ ပါတယ်ဆိုရင် ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပ့ါမယ်။ ကျွန်တော်တို့ ခုခံကာကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောက်အယှက် ဖြစ်သလိုမျိုး ကြန့်ကြာအောင်ဆွဲထားသလိုမျိုးဖြစ်နေတယ်။ ကျွန်တော်တို့လည်း အကုသိုလ်ဖြစ်ပါတယ်။အဲဒီတော့ အဘရဲ့ အလှူဒါနမြောက်အောင် ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုပြီး ကဗ္ဗည်းလေးထိုးပါရစေဗျာ”ဟု ဦးဝီရသူက ပြောသည်။

ဦးဝီရသူ၏ အရွဲ့တိုက်​ပြောကြားမှု​အ​ပေါ် ပြည်သူတစ်ဦးကလည်”ကိုယ်တော်တို့က လဲ စိတ်ဓာတ်ပဲ ။ဟောပြောထားတော့ သာသနာ ပြုမင်းဆိုမြို့တွေလှူတာ ဘာဆန်းလဲကြာရင် နေပြည်တော် ကြီးတောင် လှူပြအူးမှာ”ဟု တုံ့ပြန်​ရေးသားထားသည်။

ထို့ကြောင့် စစ်တိုက်သည့်အခါ စစ်ကူမလာ ၊ ရိက္ခာလည်းမလာ ၊ ပစ်ကူလည်းမလာ၍ စစ်တိုင်းမှူးများနှင့် အောက်ခြေတပ်သားများအား သေတွင်းထဲပို့နေသူဟု ဦးဝီရသူက ဝေဖန်သည်။

” ခင်ဗျားတို့က သေတွင်းထဲဆင်းတာပဲ။ အဲဒီတော့ ခင်ဗျားတို့က သေတွင်းထဲဘာလို့ဆင်းချင်ရတာတုန်း”ဟု ဦးဝီရသူက ရှေ့တန်းစစ်မျက်နှာပြင်၌ စစ်တိုက်နေသည့် မင်းအောင်လှိုင်၏ စစ်တိုင်းမှူးများနှင့် စစ်သားများအား ပြောသည်။

ထို့အပြင် အလံဖြူထောင်မည့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဟု အမည်တပ်ပြီး ဆုတ်ခွာပေးဟု ၎င်းက ဆက်ပြောသည်။

“ပြတ်ပြတ်သားသားမမေးပဲ လျှောက်တိုက်နေ ခင်ဗျားတို့ပဲ သေမှာ။ ကျုပ်ပြောတာ သေချာနားထောင်”ဟု ဦးဝီရသူက ပြောသည်။

စစ်တိုင်းမှူးများအနေဖြင့်လည်း မင်းအောင်လှိုင်က တကယ်စစ်တိုက်ချင်သလားဟုလည်း သေချာမေးမြန်းရန်လိုသည်ဟုလည်း ဆိုသည်။

“အမိန့်နာခံမှု သစ္စာစောင့်သိမှုဆိုတဲ့ စစ်စည်းကမ်းတွေနဲ့ တသွေမတိမ်းလျှောက်လုပ်။ အဲဒီတော့ ခင်ဗျားတို့တင်မကဘူး။ ခင်ဗျားတို့ရဲ့ လက်အောက်ကစစ်သားတွေပါ အကုန်သေကြရတာ။ စစ်သားတွေရဲ့ မိသားစုတွေပါ အကုန်ဘဝပျက်ကြတာ။ အသက်သေကြတာ”ဟု ဦးဝီရသူက ပြောသည်။

၎င်းဆက်ပြီး “စစ်တိုင်းမှူးတွေကို ပြောချင်တယ်ဗျ။ ခင်ဗျားတို့တွေက ကိုယ့်မြို့မကျရေး ကိုယ့်တိုင်းမကျရေး ခုခံကာကွယ်တာတော့ ဟုတ်ပါတယ်။ အသက်စွန့်ပြီးတော့ တိုင်းပြည်အတွက်ပေးဆပ်ချင်တဲ့စိတ်တွေနဲ့ ပေးဆပ်ဖို့ ဝန်မလေးတဲ့သူတွေဆိုတာလည်း ကျုပ်က လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားတို့သိထားရမှာက ခင်ဗျားတို့အဘက တကယ် စစ်တိုက်ချင်တာလား”ဟု ပြောသည်။

ယခုသတင်းဖော်ပြမှုအောက်တွင်ပြည်သူတစ်ဦးက “ဒါ ဝီဝီက ဂွတိုကို သက်သက်ရွဲ့တာ”ဟု မှတ်ချက်ပြုထားသည်။

ဦးဝီရသူ၏ အဆိုပါ​ပြောကြားချက်အ​ပေါ် ပြည်သူတစ်ဦးက “ဘယ်စစ်တိုင်းမှူးမှ အသေခံမတိုက်ပါဘူး”ဟု တုံ့ပြန်​ရေးသားသည်။စစ်တိုင်းမှူးများမှာ တပ်ရင်း ၊တပ်ရင်းဌာနချုပ် ကျ​တော့မည်ဆိုပါက အဦးဆုံးထွက်​ပြေးသူများဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်၊

ဦးဝီရသူမှာ အမျိုးသား​ရေးအစွန်း​ရောက် ဘုန်းကြီးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို​​ထောက်ခံသလို ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ လူမျိုး​​ရေး ၊ဘာသာ​ရေး အဓိကရုဏ်းဖြစ်​စေရန် အမုန်းပွား​သောစကားများကို အစဥ်အဆက်​ပြောကြား လှုံ့​ဆော်ခဲ့သူဖြစ်သည်။

“သာသနာပါမက မစိုးရိမ်ရဲ့ဂုဏ်ကိုပါဖျက်ဆီးပစ်ခဲ့သူ ၊ ပကာသနဂုဏ်တွေက်ိုမက်မောလွန်သူမို့ လူတော်ကနေ.လူရှော်ကြီးဖြစ်သွားရသူ၊ ခရိုနီဆိုတဲ့ဇကောကြီးထဲ.ထည့်၍အလှိမ့်ခံရသူ ၊ပြည်သူ့မိခင်က်ိုပင် ပြည်တန်ဆာလိုလိုစင်ပေါ်တက်၍သွားပုပ်လေလွင့်ပြောရဲသူ”ဟု ပြည်သူ တဦးကလည်း ဦးဝီရသူအ​ပေါ် သူ၏ အမြင်ကို​ရေးသားမှတ်ချက်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ ၂၄မြို့ရှိရာ စစ်ကောင်စီ ထိန်းချုပ်ထားသည့်မြို့ လေးမြို့သာ ကျန်ရှိတော့သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်သော ၁၀၂၇စစ်ဆင်ရေးအတွင်း လောက်ကိုင်နှင့် ကွတ်ခိုင်မြို့အပါအဝင် မြို့ ၉မြို့ကို သိမ်းပိုက်ခဲ့သည်။ အဆိုပါ ရက်ပိုင်းများအတွင်း ကချင်လွတ်လပ်ရေးမတော်(KIA)ကလည်း ရှမ်းမြောက်ရှိ မဘိမ်းမြို့ကို သိမ်းပိုက်ခဲ့သည်။

၂၀၂၄ ဇွန်လ ၂၅ရက်က ပြန်လည်စတင်ခဲ့သော ၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)တွင်လည်း လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် လေးမြို့ကို သိမ်းပိုက်ထားသည်။

ကျန်မြို့များဖြစ်သော တန့်ယန်းမြို့နယ်ကို ဝတပ် UWSAက နေရာဝင်ယူထားပြီး မိုင်းရယ်မြို့နယ်ကို ရှမ်းတပ် SSPPက နေရာဝင်ယူထားသည်။ အဆိုပါ မြို့နယ်များတွင် စစ်ကောင်စီတပ်များလည်း ရှိနေသည်။

စစ်ဆင်‌ရေးများအတွင်း မသိမ်းပိုက်ရသေးသော မြို့မှာ မူဆယ်နှင့် သီပေါမြို့တို့ ဖြစ်သည်။ သို့သော် မူဆယ်မြို့တွင် ယနေ့ ပစ်ခတ်မှုများဖြစ်နေသည်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၁)တွင် ဟိုပန်မြို့နယ်ကို ညီနောင်သုံးဖွဲ့ကသိမ်းပြီးနောက် ဝတပ် UWSAထံ ပေးအပ်ခဲ့သည်။

ထို့အပြင် မက်မန်းမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်နှင့် မိုင်းမောမြို့နယ်တို့မှာ ဝတပ် UWSA၏ နယ်မြေများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။