Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် တိုက်ပွဲပိုမိုပြင်းထန်လာ၍ ဒေသခံများ နေရပ်စွန်ခွာ

ဖားကန့်တိုက်ပွဲပိုမိုပြင်းထန်နေပြီး ယနေ့(စက်တင်ဘာလ ၁၈ရက်)နံနက်ပိုင်းတွင် နေအိမ်အချို့မီးလောင်နေကာ ဒေသခံအများအပြားသည် စက်တင်ဘာလ ၁၇ရက်မှစ၍ ဖားကန့်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

ဆိုင်းတောင်ရွာအတွင်း စက်တင်ဘာ ၁၈ ရက် မြင်ကွင်း။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

ဖားကန့်တိုက်ပွဲပိုမိုပြင်းထန်နေပြီး ယနေ့(စက်တင်ဘာလ ၁၈ရက်)နံနက်ပိုင်းတွင် နေအိမ်အချို့မီးလောင်နေကာ ဒေသခံအများအပြားသည် စက်တင်ဘာလ ၁၇ရက်မှစ၍ ဖားကန့်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

“မဖြစ်‌မနေကျန်ခဲ့မယ့်သူတွေရှိတယ်။ ဒါပေမယ့် တော်တော်များများ ထွက်ကြမှာ။ ကားခတွေလည်း အဆမတန်တက်ကုန်ပြီ။ ဒီမနက်လည်း မြို့ထဲက အိမ်တချို့ မီးလောင်နေတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့၊ဆိုင်းတောင်ရွာ၌ စက်တင်ဘာလ ၁၇ရက်ညနေက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ ဆီသို‌ လှောင်ကန်တစ်ခု မီးလောင်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဆိုင်းတောင်မှာ တိုက်ပွဲအပြင်းဆုံးဖြစ်နေတာပါ။ စစ်တပ်ကုန်းကတော့ ဆိုင်းတောင်အပြင် တခြားနေရာတွေကိုပါ လေကြောင်းရော လက်နက်ကြီးပါပစ်နေတာ။ မနေ့ညနေကစစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ မော်တောင်းကျေးရွာက ဆီသိုလှောင်ကန် မီးလောင်ခဲ့တယ်။ အကုန်ကုန်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများသည် မြို့ကိုစွန့်ခွာ၍ထွက်ပြေးရန်ကြိုးစားစဉ် ဖားကန့် – မိုးကောင်း – မြစ်ကြီးနားကားခများ အဆမတန်မြင့်တက်နေကြောင်းလည်း သတင်းရရှိသည်။

“ဖားကန့်ကနေမြစ်ကြီးနားအထိ၇ သိန်း၊ မိုးကောင်းအထိ ၆သိန်း ဖြစ်နေပြီ။ တော်တော်များများကတော့မြို့ပြင်ထွက်နိုင်ဖို့ကြိုးစားနေတယ်။ မထွက်နိုင်တဲ့သူတွေကလည်း ဘုန်းကြီးကျောင်းမှာသွားနေဖို့လုပ်နေတယ်။ အိမ်တွေမှာတော့နေလို့မဖြစ်နိုင်တော့ဘူး။ ဆိုင်းတောင်ရော၊ မြို့ပါ ခြောက်ကပ်သွားပြီ ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်ကဆိုင်းတောင်ရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သည်။

ဖားကန့်တိုက်ပွဲ၌ စစ်ကောင်စီနှင့်အတူ ရှမ်းနီတပ်(SNA)ကလည်း ပါဝင်တိုက်ခိုက်နေပြီး နေအိမ်များ ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။ ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ရန် ခိုင်းစေထားသူများအနက်မှ ၂၃ဦးကို KIA/KPDF ပူးပေါင်းတပ်ကစက်တင်ဘာလ ၁၄ရက် ဖမ်းဆီးခဲ့သည်။

KIA သတင်းပြန်ကြားရေးဌာန၏ စက်တင်ဘာ ၁၂ရက် ဆိုင်းတောင်တိုက်ပွဲသတင်း ဖော်ပြချက် တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကိုစက်တင်ဘာ ၁၂ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည့်နောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရဲစခန်းသိမ်းပိုက်ထားနိုင်သော်လည်း ဆိုင်းတောင် Lucky Men ဟိုတယ်အနီးရှိ စစ်ကောင်စီတပ်သားများကို ဆက်လက် ရှင်းထုတ်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားသည်။

ထို့အပြင် Lucky Men ဟိုတယ်အတွင်းဓားစာခံအနေဖြင့် ဖမ်းဆီးထားသည့် အရပ်သားများအနက် အချို့ကို စစ်ကောင်စီက သတ်ဖြတ်နေပြီး ရုပ်အလောင်းများကိုလည်း ကောက်ယူခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

Lucky Men ဟိုတယ်ကို စစ်ကောင်စီက စီးနင်းထားပြီး ဟိုတယ်ဝန်ထမ်းများ၊ ဧည့်သည်များအပါအဝင် အရပ်သား၂၀၀ကျော်ကို ဖမ်းဆီးထားခြင်းဖြစ်သည်။ KIA နှင့် KPDFများက Lucky Men ဟိုတယ်တွင်ရှိ​နေ​သော စစ်တပ်ကို ဝိုင်းရံပိတ်ဆို့ပြီးတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းသိရသည်။

စစ်ကောင်စီက ဆိုင်းတောင်ရွာအပြင် ဘေးပတ်ဝန်းကျင်ရွာများကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသလို ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

စက်တင်လာလ ၁၅ရက်က ငှက်ပျောတောရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။