Connect with us

Hi, what are you looking for?

ဆောင်းပါး

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါ်လာနဲ့ရွှေ စစ်ဆင်ရေး

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေကို အကြမ်း ဖက်စစ်ခေါင်းဆောင်အမိန့်နဲ့ အောက်တိုဘာ ၆ရက်မှာပြင်ဆင်ခဲ့ပါတယ်။ဒီပြင်ဆင်ချက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်သမျှ မလိုက်ရင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်တွေကို ချမှတ်မယ်လို့ ဆိုပါတယ်။

စီးပွားရေးစစ်မျက်နှာစာမှာ အရှုံးကြီးရှုံးနေတဲ့ အကြမ်း ဖက်စစ်ကောင်စီက ဒေါ်လာနဲ့ ရွှေဈေးကျဆင်းစေဖို့အတွက် အကြမ်းဗရမ်းဆန်တဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲနေပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာ ‌ဒေါ်လာဈေးနဲ့ ရွှေဈေး တရှိန်ထိုး ရုတ်တရက်မြင့်တက်လာပြီးနောက်မှာ အခု စစ်ဆင် ရေးကို စတင်ခဲ့တာပါ။ ဒေါ်လာနဲ့ပတ်သတ်ပြီး သူတို့ ထုတ်သမျှအမိန့်၊ညွန့်ကြားချက်တွေကို မလိုက်နာရင် ဖမ်းဆီးထောင်ချဖို့၊ ဒေါ်လာအရောင်းအဝယ်တွေကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဒေါ်လာဈေးအရောင်း၊အဝယ်လုပ်နေတဲ့ ငွေလဲကောင်တာတွေ၊ ရွှေလုပ်ငန်းရှင်တွေကို အတင်းအကြပ်ဖိအားပေးပြီးတော့ လျှော့ဈေးနဲ့ ဈေးနှုန်းသတ်မှတ်ခိုင်းတာလုပ်နေပါတယ်။ သာမာန်ပြည်သူတွေ သတ်မှတ်ပမာဏထက် ဒေါ်လာဝယ်ယူခွင့်မရအောင် ငွေလဲကောင်တာတွေကို ဒေါ်လာမရောင်းဖို့ ပိတ်ပင်ထားပါတယ်။ နောက်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာတွေကိုလည်း ရက်၃၀အတွင်း အတင်းကြပ်မဖြစ်မနေ ရောင်းခိုင်းနေပါတယ်။

ဒီလို လုပ်တာတွေကို ရွှေလုပ်ငန်းရှင်များနဲ့ ငွေလဲကောင် တာတွေကလည်း အကြမ်းဖက်စစ်ကောင်စီအလိုကျ လုပ်ပေးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များကဆိုရင် ရွှေဆိုင်တွေက ရွှေတွေကို ရွှေလေလံဈေးကွက်မှာလာရောင်းတာလုပ်ခဲ့သလို ၊ပေါက်ဈေးထက်နိမ့်တဲ့ ဈေးတွေကို အသင်းကိုယ်တိုင်က ဦးဆောင်ဖွင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေကို အကြမ်း ဖက်စစ်ခေါင်းဆောင်အမိန့်နဲ့ အောက်တိုဘာ ၆ရက်မှာပြင်ဆင်ခဲ့ပါတယ်။ဒီပြင်ဆင်ချက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်သမျှ မလိုက်ရင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်တွေကို ချမှတ်မယ်လို့ ဆိုပါတယ်။

“အရင်က တစ်ပတ်ကို တနင်္လာကနေ စနေထိ ရုံးခန်းဖွင့်ရက်မှာတောင် တစ်ရက်တစ်လေ ဖင်ပူအောင်ခုံမှာ မထိုင်ကြတဲ့ ဘိုးတော် G-L(Generation L)တွေက ခုမှ အဘကြောက်ပြီး တနင်္ဂနွေနေ့ပါ ရုံးခန်းဖွင့်ပြီး စျေးတွေ ဆွဲချပြနေတာ မြင်မကောင်းဘူး။ ဒီအသင်းက အခုဆို ရွှေဘုံသာလမ်းမပေါ်မှာ ပြေးလွှားနေကြတဲ့ ဒေါ်လာသမားတွေထပ်တောင် အဆင့်မရှိ ဂုဏ်သိက္ခာမရှိတော့ဘူး”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ငွေလဲကောင်တာတွေလည်း စစ်ကောင်စီအလိုကျဒေါ်လာဈေးကို ရောင်းသူထံက ဈေးနှိမ့်ဝယ်ယူဖို့ အချင်းချင်းညီညွတ်လိုက်ကြပါတယ်။ ဒါပေမယ် သူတို့ဖွင့်တဲ့ ဈေးအတိုင်းသူတို့ကတော့ ပြန်မရောင်းပါဘူး။ ငွေလဲကောင်တာတွေကဆိုရင် အဝယ်ဈေးကို ဈေးနှိမ့်ဖွင့်ပေမယ့်အရောင်းဈေးကိုတော့ အမြဲတမ်း ၂,၄၅၀ကျပ်အကျော်ထိ ဈေးမဖွင့်ကြပါဘူး။

ဒါတွေအပြင် အကြမ်းဖက်စစ်ကောင်စီ မှောင်ခိုဒေါ်လာဝယ်ရောင်းသမားတွေကို ဖမ်းဆီးတာ၊ အွန်လိုင်းမှာဒေါ်လာတိုက်ရိုက်ရောင်းဝယ်နေတဲ့ ဖေ့ဘွတ်ခ်ဂရုတွေကို လူအမြောက်အများနဲ့ ရီပို့စ်ထုပြီး ပိတ်အောင်လုပ်တဲ့နည်းတွေအထိသုံးခဲ့ပါပါတယ်။

ဒါ့အပြင် ဒေါ်လာကိုင်ဆောင်တာ၊ရောင်းဝယ်တာတွေကို ဆက်လက်ထိန်းချုပ်ဖို့ မလိုက်နာရင် အရေးယူဖို့ ဥပဒေကို ပြင်ဆင်လိုက်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါ်လာနှင့်ရွှေဈေးကျဆင်းရေး စစ်ဆင်ရေးကြောင့် တစ်ပတ်အတွင်း ဒေါ်လာနဲ့ရွှေဈေးက ပြန်ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ပတ်ကျော်ကြာမြင့်ချိန်မှာတော့ တက်ရိပ်က ပြန်ပြလာပါတယ်။

စက်တင်ဘာ ၂၇ ရက်က အခေါက်ရွှေတစ်ကျပ်သား ၂, ၂၂၀,၀၀၀ကျပ်အထိ စံချိန်တင်တက်ခဲ့သလို အောက်တိုဘာ ၅ ရက်မှာ ၁၈သိန်းခွဲထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဒေါ်လာဈေးကလည်း ၂,၈၀၀ကျပ်ကနေ ၂,၀၀၀ ဝန်းကျင်ကို ပြန်လည်ကျဆင်းစေခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်မှာတော့ ရွှေတစ်ကျပ်သားကို ၁၉သိန်းခွဲနဲ့ တစ်ဒေါ်လာကို ၂,၄၀၀ကျပ်ဝန်းကျင် ပြန်တက်လာပါတယ်။ ဒီနှုန်းတွေက နေ့စဉ်နဲ့အမျှ အပြောင်း အလဲဖြစ်ပြီးတော့ ဈေးနှုန်းမတည်ပါဘူး။

ဒီလိုအတက်၊အကျနဲ့ မတည်ငြိမ်ခြင်းဟာ ဈေးကွက်သဘောအရမဟုတ်ဘဲ အတင်းကျပ်ဖိအားတွေကြောင့် ဖြစ်တယ်ဟုလုပ်ငန်းရှင်တွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက် ဒေါ်လာဈေးနဲ့ရွှေဈေး မြင့်တက်တာက ဈေးကွက်သဘောအရ မြင့်တက်တာမဟုတ်ဘဲ ကြောက်လန့်တကြားဝယ်တာတွေကြောင့်လို့ ထင်မှတ်ထားပုံရပါတယ်ဟု လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒေါ်လာဈေးတက်တာဟာ အကြောင်းအရင်းအများကြီးရှိပြီး အဓိကအချက်ကနိုင်ငံရေးအရဖြစ်လာတဲ့နောက်ဆက်တွဲဖြစ်တယ်လို့ ရန်ကုန်အခြေစိုက်စီးပွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်မှာဒေါ်လာလိုအပ်ချက် သိပ်ကြီးမားနေတယ်လို့လည်းသူက ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမူ၊ ပို့ကုန်၊ နယ်စပ်ကုန်သွယ်မူ ဒါတွေကလည်း ရပ်ဆိုင်းထားလို့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်က သိပ်ကြီးမားနေမှာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒေါ်လာဈေးထိန်းချုပ်တဲ့ ဗျူဟာက အရမ်းကို ကလေးဆန်ပြီး ဈေးကွက်အပေါ် အနိုင်ကျင့်လွန်းနေတယ်ဟုလည်း လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေကို ရက် ၃၀အတွင်း အတင်းအကြပ်ရောင်းခိုင်းတာက အကြံကုန်လို ဂဠုန်စားချက်တဲ့ ဉာဏ်နီဉာဏ်နက်သုံးခြင်းဖြစ်တယ်လို့လည်း သူက ဝေဖန်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက ပို့ကုန်လုပ်ငန်းတွေကို မရှင်သန်နိုင်အောင် သင်းသတ် လိုက်ခြင်းဖြစ်တယ်လိုသူကဆိုပါတယ်။မရောင်းတဲ့လုပ်ငန်းရှင်တွေကိုလည်း ထောင်ဒဏ် တစ်နှစ်အထိချဖို့ စစ်ကောင်စီက ဥပဒေပြင်လိုက်တာလဲဖြစ်တယ်လိုသူက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက သူတို့ရဲ့ဒေါ်လာလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ နိုင်ငံတကာမှာမကြားဖူးတဲ့ လူထုဆီက အတင်းအဓမ္မနည်းနဲ့ဒေါ်လာလုယူမယ့် ညွန့်ကြားတွေ၊အမိန့်တွေလည်းဆက်ထွက်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဦးစိုး(အမည်လွဲ)ကသုံးသပ်ပါတယ်။

“အရင်တုန်းကလို လူတွေ ဒေါ်လာမကိုင်ရဘူးတို့ ။FECတို့မျိုး ပြန်လုပ်ဖို့ သူတို့စဉ်းစားနေပြီလား၊ ဒါတွေလည်း တွေးထားရမယ်”ဟု ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ငွေလဲကောင်တာတွေက အကြမ်းဖက်စစ်တပ်အလိုကျ လုပ်ပေးနေတဲ့အတွက် ဒေါ်လာရောင်းသူတွေကလည်း သိပ်မကျေနပ်လှပါဘူး။

“ဒါမျိုး ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ အခုလုပ်ပြနေတဲ့ ငွေလဲကောင်တာပိုင်ရှင်က ဂုဏ်သိက္ခာမရှိတဲ့ လူတွေကို ပြည်သူတွေထင်သွားတာပေါ့”ဟု ဒေါ်လာပုံမှန်ရောင်းချခဲ့တဲ့ သင်္ဘောသားတစ်ဦးက ဆိုပါတယ်။

ပြည်တွင်းဈေးကွက်မှာ ဒေါ်လာဈေးက လဆန်းပိုင်းမှာဈေးကျလေ့ရှိသလို ၊ တတိယပါတ်မှာ ဈေးတက်လေ့ရှိတယ်လို့ငွေလဲလုပ်ငန်းရှင်တွေက ဆိုပါတယ်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါ်လာဈေးကျဆင်းရေး စစ်ဆင်ရေးကြောင့် တရားဝင်ဈေးကွက်မှာတော့ဒေါ်လာဈေးအဆမတန်မြင့်တက်ဖို့ မရှိနိုင်လောက်သေးဘူးလို့လည်း ဆိုကြပါတယ်။ဒါပေမယ့် ဈေးကွက်ဝယ်လိုအားကြောင့် မှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာဈေး ဆက်တက်နိုင်သလို ကုန်ဈေးနှုန်းတွေကလည်း ဆက်တက်နေနိုင်တယ်လို့လည်းလုပ်ငန်းရှင်အချို့ကမှတ်ပေးကြပါတယ်။

“ဒီပုံစံအတိုင်းက တရားဝင်ဈေးမှာတော့ တက်ရဲကြမှာ မဟုတ်ဘူး”ဟု ဗိုလ်တထောင်မှ ငွေလဲကောင်တာပိုင်ရှင်ဒေါ်လင်းလက်(အမည်လွှဲ)က ပြောပါတယ်။

ဒါပေမယ့်အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာလို့အပ်ချက်အတွက် လူထုပိုင်ဆိုင်တဲ့ ဒေါ်လာတွေကို ရန်ရှာလာနိုင်တယ်လို့သူကလည်းသုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီရဲ့ စွမ်းရည်ကို စစ်တပ်တွင်းက အရာရှိတွေကိုယ်တိုင်တောင်မယုံကြည်တော့ဘဲ သူတို့ပိုင်ဆိုင်မူတွေကို ဒေါ်လာ ၊ရွှေအဖြစ် ပြောင်းနေတယ်လို့ ဒေါ်လင်းလက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ လူတွေကတော့ ဒေါ်လာနဲ့ရွှေကျဆင်းရေးအတွက် ဟန်ပြလုပ်ဆောင်မူတွေ၊ ဖမ်းဆီးမူတွေ၊ အနိုင်ကျင့်မူတွေ ဆက်လုပ်လိမ့်မယ်လို့ ဒေါ်လင်းလက်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ဒေါ်လာဈေးကျဆင်းရေးကို စီးပွာရေးနည်းအရဖြေရှင်းလို့ရမှာမဟုတ်ဘဲ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်မှာသာ ကျဆင်းလိမ့်မယ်လို့ လုပ်ငန်းရှင်တွေကသုံးသပ်ပါတယ်။ ဒေါ်လာဈေး မကျရင်တော့ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီတောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေကို နှိမ့်ကွက်သလိုမျိုး အကြမ်း ဖက်နှိမ့်နှင်းတာမျိုးလုပ်လိမ့်မယ်ဟု သူတို့က သုံးသပ်ကြပါတယ်။

စစ်ကောင်စီက အကြမ်းနည်းနဲ့ဒေါ်လာတန်ဖိုးကျအောင် လုပ်တာကအလုပ်ဖြစ် ၊မဖြစ်ကိုတော့ မကြာခင်မှာပဲ အဖြေပေါ်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။