Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

●လူထုသပိတ်နှင့်ထိပ်တိုက်​တွေ့​သောမြန်မာပလာဇာ

“လူထုကို စော်ကားတဲ့အတွက် ထိုက်တန်ပေးဆပ်မူလို့ပဲမြင်ပါတယ်”ဟုအဆိုပါပလာဇာအနီးရပ်ကွက်တွင်​နေထိုင်​သောကိုသက်အောင်က​ပြောသည်။

အ​ဆောက်အအုံကြီး၏​ရှေ့နားအဝင်ဝတွင် စစ်ကားတစ်စီးရပ်ထားသည်။အနီးတွင်စစ်သားနှင့်ရဲလေးယောက်က တစ်စုတဝေးတည်းလုံခြုံ​ရေးယူထားသည်။ထိုအ​ဆောက်အအုံကြီးနှင့် အဆင့်မြင့်ဟိုတယ်တစ်ခုကြား ကားများရပ်နားရန်​နေရာတွင် စစ်​ကောင်စီတပ်သားများစွာ​တွေ့ရသည်။ ထိုစစ်သားများက ရန်သူများ အလုံးအရင်းနှင့် တိုက်ခိုက်သိမ်းပိုက်ခံရတော့မည်စိုး၍ စစ်အခြေစိုက်စခန်းတစ်ခုကို လုံခြုံ​ရေးယူ​နေသည့်ဟန်မျိုးဖြစ်သည်။

ထိုအ​ဆောက်အအုံကြီးထဲတွင် မီးခပ်မှိန်မှိန်သာထွန်းထားသည်။ပုဂ္ဂလိကလုံခြုံ​ရေးဝန်ထမ်းနှစ်ဦးမှာဂိတ်​ပေါက်တွင်ရပ်​နေကြသည်။ အ​ဆောက်အအုံကြီးအထဲတွင်​တော့ လူမရှိဘဲ တိတ်ဆိတ်​ခြောက်ကပ်​နေ​လေသည်။ ထိုအ​ဆောက်အအုံကြီးမှာမြန်မာနိုင်ငံတွင် ၊ရန်ကုန်မြို့တွင် နိုင်ငံတကာအမှတ်တံဆိပ်ဆိုင်အများဆုံးရှိ​သော၊ ​ဈေးဝယ်သူလည်ပတ်သူများဖြင့်စည်ကား​လေ့ရှိ​သော မြန်မာပလာဇာ(Myanmar Plaza) ဖြစ်သည်။ယခုမူ (ဒီဇင်ဘာ ၆ ရက်ည​နေပိုင်း) မြန်မာပလာဇာအနီးတစ်ဝိုက်မြင်ကွင်းက အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်များစွာဖြင့် စစ်​မြေပြင်တစ်ခုနှင့်ပင်တူ​နေ​တော့သည်။

(နိုဝင်ဘာ ၂၆ရက်မှစ၍မြန်မာပလာဇာတွင်ဆိုင်များအားလုံးပိတ်ထားသည်။ ဓါတ်ပုံ-CJ)

ယခုနှစ်ပိုင်းအတွင်းရန်ကုန်တွင်အ​အောင်မြင်ဆုံးအဆင့်မြင့်​ဈေးဝယ်စင်တာကြီးမှ တိတ်ဆိတ်​ခြောက်ကပ်သွား​သော​နေရာဖြစ်လာရခြင်းမှာပြည်သူများအထူးသဖြင့်ရန်ကုန်မြို့​နေ့ပြည်သူများက မြန်မာပလာဇာကို သပိတ်မှောက်ထား​သော​ကြောင့်ဖြစ်သည်။

“လူထုကို စော်ကားတဲ့အတွက် ထိုက်တန်ပေးဆပ်မူလို့ပဲမြင်ပါတယ်”ဟုအဆိုပါပလာဇာအနီးရပ်ကွက်တွင်​နေထိုင်​သောကိုသက်အောင်က​ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၅ ရက်က မြန်မာပလာဇာတွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူငယ်ခုနှစ်ဦးအနက် ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးကို လုံခြုံရေးဝန်ထမ်းများကဝိုင်းဝန်း ရိုက်နှက်၊ထိုးကြိတ်၊ကန်ကျောက် ပြီးဖမ်းဆီးကာ စစ်​ကောင်စီတပ်ဖွဲ့ဝင်များထံအပ်နှံရန် ကြိုးစားခဲ့သည်။ ထိုလုပ်ရပ်အပေါ် ပြည်သူလူထုကအမျက်​​​ကြီးစွာထွက်ခဲ့ပြီး မြန်မာပလာဇာကို မသွားရန်နှင့် ဈေးမဝယ်ရန် သပိတ်မှောက်ခဲ့ကြသည်။ လူထုက လုံခြုံရေးဝန်ထမ်းများကိုလည်း အရေးယူပေးရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုပင် တိုက်တွန်းခဲ့ကြသည်။

ထို​နောက်မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသည့် ဆိုင်အများစုကလည်း ၎င်းတို့၏ ဆိုင်များ ပိတ်သိမ်းကြောင်း လူမှုကွန်ယက်များတွင်ညတွင်ပင်ချက်ချင်းကြေငြာခဲ့သည်။အနည်း
ဆုံးဆိုင်၃၀ကျော်က ၎င်း၏ မြန်မာပလာဇာရှိ ဆိုင်များကို ယာယီ ပိတ်သိမ်းကြောင်းကို ညတွင်းခြင်း ကြေငြာခဲ့သည်။

(နိုဝင်ဘာ ၂၆ရက်မှစ၍မြန်မာပလာဇာတွင်ဆိုင်များအားလုံးပိတ်ထားသည်။ ဓါတ်ပုံ-CJ)

နိုင်ငံတဝန်း သပိတ် ကော်မီတီများ စုပေါင်းထားသည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) ကလည်း မြန်မာပလာဇာကို မသွားရန်နှင့်ဈေးမဝယ်ရန် တိုက်တွန်းခဲ့သည်။အခြားအဖွဲ့အစည်းများကလည်း မြန်မာပလာဇာကို မသွားဘဲ သပိတ်မှောက်ရန်အသီးသီးတိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်မနက်ပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးအကြောင်းပြချက်ဖြင့် မြန်မာပလာဇာ၏ ဝင်ပေါက် သုံးခုလုံးတွင် တပ်စွဲလိုက်သည်။ ပလာဇာရှိဆိုင်များကလည်း ပလာဇာ၏လုပ်ရပ်အ​​ပေါ်ကန့်ကွက်သည့်အ​နေဖြင့် ဆိုင်များအားလုံးပိတ်လိုက်ကြသည်။အကျိုးဆက်အနေဖြင့် မြန်မာပလာဇာကို လာရောက်သူ တစ်ယောက်စ နှစ်ယောက်စသာရှိတော့သည်။ ပလာဇာဘက်က ထိုဖြစ်ရပ်အပေါ် ၎င်းတို့၏ ​ဖေစ်ဘွခ်လူမူကွက်ယက်ပေါ်က နှစ်ကြိမ်တိုင်တိုင်တောင်းပန်ခဲ့သည်။ ကျူးလွန်သူများကို အလုပ်မှထုတ်ပယ်ပြီး နောက်နောင်ထိုသို့မဖြစ်စေရန် စည်းမျဉ်းစည်းကမ်းပိုင်း ပိုမိုတင်းကျပ်မည်ဟုဆို​လေသည်။ ပြည်သူများ၏ကန့်ကွက်၊ရှုတ်ချမှုများဆက်တိုက်ကြုံရပြီး​နောက် ၎င်းတို့၏ ဖေ့ဘုတ်စ်စာမျက်နှာကိုပါ မြန်မာပလာဇာက ပိတ်သိမ်းခဲ့သည်။သို့​သော်ပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကရပ်မသွားဘဲပလာဇာသို့ သွားသူမရှိသ​လောက်ဖြစ်ခဲ့သည်။နောက်ပိုင်း တစ်ပါတ်​ကျော်ကြာလာ​သောအခါ မြန်မာပလာဇာအဆောက်အဦးတစ်ခုလုံးကို ပြင်ပလူ ဝင်ရောက်ခွင့်ပါ ပိတ်ပင်ခဲ့သည်။


“မြန်မာပလာဇာကို သပိတ်မှောက်တာ နိုင်ငံရေးအရ ဦးတည်ချက်ထားပြီး သပိတ်မှောက်ကြတာမဟုတ်ဘူး။ လူထုကိုယ်တိုင်က မြန်မာပလာဇာလုံခြုံရေးဝန်ထမ်းတွေ့ရဲ လုပ်ရပ်ကို ဆန့်ကျင့်လို့ သပိတ်မှောက်ကြတာ။ ဘာတွေဖြစ်လာမလဲဆိုတာ လူထုကပဲ ဆုံးဖြတ်ကြလိမ့်မယ်”ဟု ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ လူငယ်တစ်ဦးကပြောသည်။

ထိုသို့ဆိုင်များ ပိတ်ထားခြင်းကြောင့် မြန်မာပလာဇာရှိဆိုင်များကို ပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုင်ရှင်များကို​အစည်းအ​ဝေးခေါ်၍ နိုဝင်ဘာ ၂၈ ရက်က ဖိအားပေးခဲ့သည်။ ဆိုင်ရှင်များကိုခေါ်တွေ့ရာတွင် တက်ရောက်သူ ၁၀ ယောက်ခန့်သာရှိခဲ့သဖြင့် စစ်ကောင်စီဝန်ကြီးချုပ်က စိတ်ဆိုးခဲ့သည်ဟုလည်း တက်​ရောက်သူအချို့ကဆိုသည်။ ထိုသို့တွေ့ဆုံရာ စစ်​ကောင်စီကဆိုင်မဖွင့်သူများကို အရေးယူမည်ဟုလည်းဆိုပြီး ဆိုင်ပိတ်ကြောင်း ဖေ့စ်ဘုတ်စ်တွင် ​ကြေညာခဲ့သည့်ဆိုင်များကိုလည်း ပြန်လည်ဖြုတ်ချပေးရန်နှင့် ဆိုင်ဖွင့်ကြောင်းပြန်လည်ကြေငြာရန်ဖိအား​ပေး ခြိမ်းခြောက်ခဲ့သည်။

မြန်မာပလာဇာတွင်ဆိုင်ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းများ၏လုပ်ရပ်သည် အော့နှလုံးနာစရာကောင်းလှသည်ဟု​ပြောသည်။ နိုင်ငံတကာ အမှတ်တံဆိပ်များဖွင့်လှစ်ထားသည့် ဈေးဝယ်စင်တာတခုအနေဖြင့် လူအခွင့်အရေးချိုးဖောက်မူကို ပြောင်ပြောင်တင်းတင်းဆောင်ရွက်ခြင်းသည် မည်သို့မှ လက်ခံနိုင်စရာဟုလည်း ၎င်းကဆက်​ပြောသည်။

အကယ်၍ ဆိုင်ဖွင့်ရန် ဖိအားပေးခဲ့ပါက ဆိုင်ရှင်များက အခြားနေရာသို့ ပြောင်းရွှေ့ကြလိမ့်မည်ဟု သူ၏ အမြင်ကို​ပြောသည်။ ဆိုင်မဖွင့်၍ စစ်ကောင်စီဘက်မှ အကြမ်းဖက်ပြီးဖမ်းဆီးချုပ်နှောင်မူများ၊ တရားစွဲမူများလုပ်လာပါက ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ မိခင်ကုမ္ပဏီများနှင့် ထိပ်တိုက်တွေ့လိမ့်မည်ဟု ၎င်းကသုံးသပ်သည်။

“ဒီမှာဖွင့်ထားတဲ့ ဆိုင်တွေက franchise (ကုန်အမှတ်တံဆိပ်ယူ၍ တဆင့်ခံပြန်ရောင်းခြင်း) ယူထားတယ်ဆိုပေ့မယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ အမှတ်တံဆိပ်ဆိုတာလည်း မမေ့ဖို့ စစ်တပ်ဘက်ကို အသိပေးချင်တယ်။ ”ဟု ၎င်းက​ပြောသည်။

မြန်မာပလာဇာတွင် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သည့် ADIDAS, Levis, SONY, KFC, Gloria Jean, The Coffee Bean & Tea Leaf ,The Pizza Company စသည့်ဆိုင်များဖွင့်လှစ်ထားသည်။

မြန်မာပလာဇာကို ဗီယက်နမ် ကုမ္ပဏီဖြစ်သည့် Hoang Anh Gia Lai (HAGL)က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၂၀၁၅ ဒီဇင်ဘာ ၅ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပလာဇာတွင် ဆိုင်ခွဲပေါင်း ၁၀၀ကျော်ဖွင့်လှစ်ထားသည်။ ကပ်လျှက်ရှိ​သော Melia Hotel မှာလည်း HAGL ပိုင်ဟိုတယ်ပင်ဖြစ်သည်။ ပလာဇာတွင်​ဈေးဆိုင်များတွင် ဘားများလည်းရှိသဖြင့် ရန်ကုန်မြို့၏ အ​ခြေခံလူတန်းစားများအတွက် ​ဈေးဝယ်ရန်၊လည်ပတ်ရန်မလွယ်ကူ​သော​နေရာဖြစ်ပြီး ၊​ငွေ​ကြေးတက်နိုင်သူများ လူလတ်တန်းစားများ အများဆုံးလည်ပတ်ရာ​နေရာတစ်ခုဖြစ်ခဲ့သည်။

မြန်မာပလာဇာတွင် ဆိုင်ခန်းများပိတ်ထားရခြင်းသည် အချက်နှစ်ချက်ရှိသည်ဟု အမည်အဖော်လိုသည့် ဆိုင်မန်နေဂျာတစ်ဦး ကပြောသည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖမ်းဆီးသည့် လုံခြုံရေးဝန်ထမ်းများ၏ ပြုမူခြင်းကို ဆန့်ကျင့်သပိတ်မှောက်ခြင်းနှင့် PDFများက လုံခြုံရေးဝန်ထမ်းနှင့် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို တုန့်ပြန်အရေးယူပါက ဆိုင်ခန်းများ၏ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်၍ ပိတ်သိမ်းကြခြင်းဖြစ်သည်ဟု သူ၏ အမြင်ကို​ပြောသည်။ သို့​သော် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များသည် အများပြည်သူနှင့်သက်ဆိုင်​သော​နေရာ၊ပြည်သူများရှိ​သော​နေရာများတွင် စစ်​ကောင်စီတပ်များကို တိုက်ခိုက်​လေ့မရှိ​ပေ။

မြန်မာပလာဇာပြန်လည်ဖွင့်ရေးသည် အခက်အခဲရှိ​နေ​သေးပြီးပြည်သူလူထုက ပလာဇာအပေါ် စိတ်ကျေနပ်မှု ပြန်လည်ရရှိမှသာအရင်လိုပြန်ဖွင့်နိုင်မည်ဟုအထက်ပါဆိုင်မန်​နေဂျာက သူ့၏အမြင်ကို​ပြောသည်။

“ဒီလိုလက်နက်ကိုင်ပြီး လုံခြုံရေးချထားရင် ဈေးဝယ်စင်တာက လုံခြုံကောင်း လုံခြုံမှာပေါ့ ။ဒါပေ့မယ် ဈေးဝယ်စင်တာဆိုတာ လူတွေလာမယ် ဈေးဝယ်မယ်။ စားမယ်သောက်မယ် ဒါမှ ပုံမှန်ဖြစ်မှာလေ။ အခုလို လက်နက်ကိုင်စောင့်ပြီး လူမလာ၊ဆိုင်တွေမဖွင့်ရင် ဈေးဝယ်စင်တာ ဘယ်ဖြစ်တော့မလဲ”ဟု ၎င်းကဆိုသည်။

လူထုကို ဆန့်ကျင်သည့် မည်သည့်လုပ်ငန်းမဆို ရပ်တည်ရန်မလွယ်ကြောင်းနှင့် လူထု၏ အာဏာရှင်အပေါ်ရွံ့မုန်းမှုသည် မြန်မာပလာဇာကို သပိတ်မှောက်နေခြင်းက သက်သေပြနေသည်ဟု ကိုသက်အောင်ကလည်း​ပြောသည်။

အာဏာလုစစ်​ကောင်စီအတွက်လည်းဖိအားမျိုးစုံ​ပေး​နေသည့်ကြားမှ ​ဈေးဝယ်စင်တာတစ်ခုလုံးပိတ်၍လာသူမရှိဘဲ ပလာဇာကို​ရော ၊စစ်​ကောင်စီကိုပါ သပိတ်​မှောက်​နေမှုမှာ မခံချီမခံသာအ​ခြေအ​နေဖြစ်သည်။ထို​ကြောင့် ဒီဇင်ဘာ ၉ ရက်(ကြာသာပ​တေး​နေ့)တွင် ပြန်ဖွင့်ရန်ဖိအား​ပေး​နေ​ကြောင်း ဆိုင်အချို့ထံမှသိ့ရသည်။ ဒီဇင်ဘာ ၈ ရက်တွင်​သွေးတိုးစမ်းသည်ွအ​နေဖြင့်ပလာဇာကိုပြန်ဖွင့်သည်။သို့​သော် ဆိုင်များအားလုံးမဖွင့်ကြဘဲ သပိတ်​မှောက်ထားဆဲဖြစ်သည်။

“လူထုကို ဆန့်ကျင်ရင်တော့ လူထုဒဏ်ခတ်တာတော့ ခံရမှာပေါ့။ဘယ်ချိန်ထိ ဒဏ်ခတ်မလဲဆိုတာတော့ လူထုပေါ်ပဲမူတည်ပါတယ်”ဟု ကိုသက်အောင်ကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်များက ရက်ရက်စက်စက်ဖြိုခွင်းဖိနှိပ်​နေသည့်ကြားမှ ရန်ကုန် ဆန္ဒပြပွဲများတွင်
LGBT သပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းပါဝင်ပြသ​လေ့ရှိ​သောကိုထက်က”မြန်မာပလာဇာဖြစ်ရပ်က အခြား လုပ်ငန်းတွေ အနေနဲ့လည်း မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပေးဖို့ လိုတယ် ဆိုတာ ပြသလိုက်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အမြဲတမ်းပြောနေသလိုပဲ ဓမ္မနဲ့ အဓမ္မမှာ ကြားနေ ဆိုတာမရှိပါဘူး။ မှန်ကန်တဲ့ ဓမ္မဘက်မှာ ရပ်တည်ရဲဖို့ လိုပါတယ်”ဟု​ပြတ်သားစွာပြောပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။