အကြမ်းဖက်စစ်ကောင်စီသည် မြို့ကြီးပြကြီးနှင့်မဝေးသော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ရွာငယ်လေးများအား ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်ခဲ့သော အကြမ်းဖက်လုပ်ရက်များအား ယခု၂၀၂၂ ခုနှစ် နှစ်ဆန်းတွင်လည်း စိတ်ပါလက်ပါ ဆက်လက်ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှေးဟောင်းသမိုင်းဝင်နယ်မြေ ရှိမ်းမကားကျေးရွာမှ တပ်မ ၃၃မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများပါဝင်သောအဖွဲ့သည် အင်အား ၇၀ခန့်ဖြင့် ဝက်လက်မြို့၏ အရှေ့တည့်တည့်ရှိ ဘုရားလေးကုန်းရွာကိုစစ်ကြောင်းထိုးကာ ရွာအထိုင်ချခဲ့ကြသည်။

ဘုရားလေးကုန်းကျေးရွာမှ ရွာသူရွာသားများမှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ရန်ကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘုရားလေးကုန်းကျေးရွာအတွင်းရှိ တိုက်အမြင့်များပေါ်တွင် နေရာယူလိုက်ကြသည်။
မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် ရွာထဲမှာထွက်လာပြီး စစ်ကြောင်းထိုးရန်ထွက်လာစဥ် ဒေသတွင်း PDFများဖြစ်သော ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၂)၊ ဖောင်းဒိုင်းအဖွဲ့တို့နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

Public Service Announcement

ထိုနေ့ကတိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ညနေလေးနာရီဝန်းကျင်တွင် ငြိမ်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၂ယောက်ခန့်သေဆုံးသည်ဟု ဒေသတွင်း PDFများကဆိုပြီးဘုရားလေးကုန်းကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးရင်း အလောင်းများအား တစ်ခါတည်းသဂြိုဟ်သွားသည်ဟုဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီ ၁ ရက် နံနက် ၁၁ နာရီဝန်းကျင်၌ ဘုရားလေးကုန်းကျေးရွာရှိ နေအိမ် ၄ လုံးကို မီးရှို့ဖျက်စီးခြင်း၊ လက်ဝက်ရတနာများကို မတရား သဖြင့်ယူသွားခြင်း၊ နေအိမ်တွင်းပစ္စည်းများအား မွှေနှောက်ဖြန့်ကျဲခြင်းများအားပြုလုပ်ခဲ့သည်။ ထိုသို့အကြမ်းဖက်မှုများ ပြုလုပ်နေစဥ် ဝက်လက်နယ်ရှိ မဟာမိတ်အဖွဲ့များ က ၎င်းတို့အား ဝိုင်းထားခဲ့ကြသည်။ ထိုအချိန်မှစ၍ နှစ်ဖက်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၆ နာရီကျော်ကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ညနေ ၅နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ ၃၂ ယောက်ခန့် ကျသွားခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။
“လာတာက ၇၀။ ၃၀ လောက်ပဲကျန်တော့လက်နက်ခဲယမ်းလည်းကုန်တော့ ရွာအရှေ့ဘက်ထွက်ပြေးတယ်။ လာရာလမ်း ရှိမ်းမကားဘက်ပြေးကြတာ။ အဲဒီအချိန်မှာ
ရဟတ်ယာဥ်နဲ့လာပစ်တော့တာပဲ။ရွာပတ်ပတ်လည်ကိုပစ်တာ။”ဟု မဟာမိတ်အဖွဲ့ဝင် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့ခေါင်းဆောင်က ပြောသည်။
နေဝင်ချိန်စောသော ဆောင်းတွင်းကာလ၏ ညနေ ၆ နာရီခန့်တွင် ဟတ်စကီးဖြင့် စက်သေနတ်များဗုံးသီးများသုံးကာ လေကြောင်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ လေကြောင်းပစ်ကူကြောင့် သုံးဆယ်ခန့်လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်PDF က ပြောသည်။
“ရွာပေါ်ပစ်တယ်။ ရွာပတ်ပတ်လည်ကိုလည်းပစ်တယ်။ စက်သေနတ်နဲ့လည်းဆွဲတယ်။ မီးတန်းကြီးတွေထွက်သွားတဲ့ကျည်လေ။ အဲဒါနဲ့ပစ်တယ်။ ဗုံးသီးတွေချတယ်။ နာရီဝက်လောက်ပစ်တယ်” ဟုဝက်လက်နယ်ခံတစ်ဦးကပြောသည်။
ထိုနေ့က ဝက်လက် PDF တပ်ရင်း ၂မှ ရဲဘော်တစ်ဦး အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ရင်းပြည်သူနှင့်နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ရသည်။ ဝက်လက်PDFများသည် လက်နက်ခဲယမ်းမလုံလောက်သည့်ကြားမှ အကြမ်းဖက်စစ်ကောင်စီအား အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ဇန်နဝါရီ ၂ ရက်တွင် ရှိမ်းမကားဝန်းကျင်သို့ ရဟတ်ယာဥ်လေးစီး ပျံသန်းလာခဲ့ပြီး သုံးစီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆင်းသက်လာခဲ့ပြီး၊ ကျန်တစ်စီးပေါ်မှ ရွာပတ်ပတ်လည်ကို နာရီဝက်ခန့် ပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။ဒီဇင်ဘာလ တတ်ယပါတ်က မကွေးတိုင်း နှမ်းခါးရွာကို စစ်ကောင်စီကရဟတ်ယာဥွ်များ အသုံးပြု တိုက်ခိုက်ခဲ့သော ဗျူဟာနှင့်ပုံစံတူသည်။ ရွာအပြင်ရှိ ဘုန်းကြီးကျောင်းတွင်း စစ်ကောင်စီတပ်သား ငါးဆယ်ခန့်ဆင်းသက်ခဲ့ပြီးတပ်စွဲသွားခဲ့ကြသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ကြီးတောရွာနားဝန်းကျင် MI-35 ရဟတ်ယာဉ်တစ်စီး မွန်းလွဲ၂ နာရီဝန်းကျင်တွင်ပစ်ခက်သွားခဲ့သည်။ ညောင်ပင်ကြီးတောရွာသည် လက်ရှိဝက်လက်စခန်းမှူး၏ ဇာတိရွာလည်းဖြစ်နေကြောင်း ဒေသခံများကပြောသည်။
ညောင်ပင်ကြီးတောရွာသည် ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အစပ် ဆားတောင်အနီးတွင် တည်ရှိပြီး ဝက်လက်မြို့ အရှေ့တောင်ဘက် ၁၂မိုင်ခန့်အကွာတွင် တည်ရှိသည်။
ထို့နောက်ထိုနေ့တွင်ပင် ညောင်ပင်ကြီးတောရွာကို ဝင်ရောက်မွှေနှောက်ရင်း တောင်သူလုပ်ကိုင်နေသည့် ကျေးရွာသားနှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီကပစ်သတ်သွားကြောင်း ဒေသခံများကပြောသည်။
“ပြည်သူနှစ်ဦးကတော့ လေကြောင်းပစ်လို့ရတဲ့ဒဏ်ရာတော့မဟုတ်လောက်ဘူး။ တောနင်းပြီးပစ်သွားတာ မဆိုင်တဲ့လယ်သမားနှစ်ယောက်ပါ”ဟု ဒေသခံတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီလဆန်းမှစ၍ ယနေ့(ဇန်နဝါရီလ ၆ ရက်နေ့)အထိ ဝက်လက်နယ်အရှေ့ခြမ်းရှိရွာများအား တစ်ရွာပြီးတစ်ရွာစစ်ကြောင်းထိုးကြောင်း၊ အင်အား ၁၅ဝ ခန့်ရှိနိုင်ပြီး ၎င်းတို့ကိုကြောက်လန့်၍ ဝက်လက်အရှေ့ခြမ်းရှိ ရွာပေါင်း၃၀ ကျော်မှ ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လေကြောင်းပစ်ခတ်မှုကိုပါ ပြုလုပ်နေသည့်အတွက် ဆိုးရွားသောအခြေအနေပင်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“တော်တော်ဆိုးတယ်။ ဘာမှမဟုတ်တဲ့ လယ်ကွင်းတွေကို လျှောက်ပစ်နေတာ။ တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘဲ ဟက်စကီးနဲ့၊ တိုက်ခိုက်ရေးယာဥ်တွေနဲ့ပစ်တာဆိုတော့ ဒီမှာကဘာမှတောတောင်ရှိတာမဟုတ်ဘူး။ တောင်သူလုပ်တဲ့ကွင်းတွေပေါ်မှာပတ်ပစ်တာ”ဟုလည်း နယ်ခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းထိုးတာနဲ့ပြေးရတာဆိုတော့ ရွာသုံးဆယ်လောက်ရှိမယ်။ ဝက်လက်အရှေ့ခြမ်းတစ်ခြမ်းလုံးလိုလို
ကိုပြေးရတာ။ ဘာလို့လဲဆိုတော့ နယ်မြေက တအားမကျယ်ဘူး။ ဝက်လက်မှာက စစ်ဘေးရှောင်စခန်းတွေဘာတွေလုပ်လို့မရဘူး။ တောတောင်တွေဘာမှမရှိဘူး လယ်ကွင်းတွေ တောင်သူလုပ်တဲ့ကွင်းတွေပဲရှိတော့ သက်ဆိုင်ရာခင်ရာရွာတွေသွားနေရတယ်။ အကုန်လုံးကစွန့်ထားခဲ့ရတယ်။ နွားတို့၊သိုးတို့၊ဆိတ်တို့ဒီအတိုင်းထားခဲ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် လူတင်မက တောင်သူများ၏ ကျေးဇူးရှင်ဟုပင်ခေါ်ရမည့် နွားများကိုလည်း ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
“နွားတွေလည်း အတော်များများ ပစ်သတ်သွားတယ်။လူတွေလည်း အကုန် တကွဲတပြား ဖြစ်နေကြတယ်” ဟု ဒေသခံ
တစ်ဦးက ပြောသည်။
ရရာလက်နက်နှင့်ခုခံတော်လှန်နေသည့် ဝက်လက်နယ်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက အကြမ်းဖက်စစ်ကောင်စီ၏ ဝက်လက်နယ်တွင် ရဟတ်ယာဥ်သုံးပစ်ခတ်မှုများနှင့်ပတ်သက်၍ သူ၏အမြင်ကိုယခုကဲ့သို့ လူထုနွေဦးသို့ ပြောသည်။
“စစ်ကိုင်းကနေ ထောက်ပို့ထွက်တဲ့ယာဥ်တွေက ကျွန်တော်တို့ ဝက်လက်ကိုမဖြတ်ဘဲ အထက်ကိုမရောက်ဘူးလေ။ ဝက်လက်ကအဖွဲ့တွေက တောက်လျှောက် မိုင်းခွဲပြီးတိုက်ခိုက်နေတာဆိုတော့ ဘယ်လိုမှ ဖြောင့်ဖြောင့်ထွက်လို့မရဘူး
ဖြစ်နေတာ။ သူတို့ကဝက်လက်ကိုတောင်ကျော်ဖို့မနည်းမောင်းနေရတာဆိုတော့။ ဘာကားလာလာမလွတ်ဘူးဖြစ်နေတော့ သူတို့ဖိမှာပဲ။ ရွှေဘို-မန္တလေးလမ်းမှာက တောက်
လျှောက်မိုင်းတွေကွဲနေတာ။ ကားထွက်သံကြားရင်ကို ကားထွက်လာရင်ကို မိုင်းဆွဲဖို့စောင့်နေတာက ပွဲကြည့်နေတဲ့ လူထုကြီးလိုပဲ။ တစ်သီတစ်တန်းကြီးစောင့်နေတာဆိုတော့လေ တစ်စီးမလွတ်တစ်စီး မိတာပဲ”ဟု ပြောပြသည်။
အညာဆောင်းသည် ပီပီသသအေးနေသည့်အချိန်ဖြစ်သောကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း အအေးပက်၍ သကိကြီးရွယ်အိုတစ်ဦးသေဆုံးသည်ဟုသိရကြောင်းဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းကြီးက အယောက်တစ်ရာကျော်ထိုးနေတာဆိုတော့။ နှစ်ဖွဲ့ခွဲထိုးနေတယ်ကြားတယ်။ ရွာတွေတအားပြေးနေရတယ်။ ရွာတွေဆိုအခွံတွေပဲကျန်တော့တယ်။ ကြောက်ကြောက်လန့်လန့်နဲ့ပြေးနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။




















































