Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဇင်ကလဲပြာပုံပေါ်က ဘဝများ

ဇင်ကလဲရွာသူရွာသားများ ဘာမှလည်းမသယ်နိုင်မပိုးနိုင်။ ခါးဝတ်ခါးစားဖြင့် ပြေးကြလွှားကြရသည်။ အကြမ်းဖက်စစ်တပ်၏ မီးရှို့မှုကြောင့် ဇင်ကလဲကျေးရွာ ပြည်သူတို့၏ နေအိမ်(၂၀၀)ကျော် မီးလောင်ပျက်စီးခဲ့ပြီးအထက်တန်းကျောင်းခွဲ စာသင်ကျောင်းလည်း မီးလောင်ပျက်စီးခဲ့​ရသည်။

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

အကြမ်းဖက်စစ်ကောင်စီတပ်များသည်၎င်းတို့အားကြံ့ကြံ့ခံတော်လှန်နေ​သော စစ်ကိုင်းတိုင်းတိုင်းရှိ ​ကျေးရွာများကို အညှိုးတကြီးဖျက်ဆီး​နေသည်။ အဆိုပါ​ကျေးရွာများတွင် မင်းကင်းမြို့နယ်ရှိ ဇင်ကလဲ​ကျေးရွာလည်းအပါအဝင်ဖြစ်သည်။​

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီလ ၂၅ ရက်နေ့က မင်းကင်းနယ် ပန်းဆက်ရွာမှတဆင့် သံပေါက်ရွာသို့စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဧပြီလ ၂၆ ရက်နေ့နံနက်စောစောတွင် သံပေါက်၊ လောင်းပြည့်မှတဆင့် ဇင်ကလဲကျေးရွာအားလက်နက်ကြီးငယ်များဖြင့် အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသည်။

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

ဇင်ကလဲရွာသူရွာသားများ ဘာမှလည်းမသယ်နိုင်မပိုးနိုင်။ ခါးဝတ်ခါးစားဖြင့် ပြေးကြလွှားကြရသည်။ အကြမ်းဖက်စစ်တပ်၏ မီးရှို့မှုကြောင့် ဇင်ကလဲကျေးရွာ ပြည်သူတို့၏ နေအိမ်(၂၀၀)ကျော် မီးလောင်ပျက်စီးခဲ့ပြီးအထက်တန်းကျောင်းခွဲ စာသင်ကျောင်းလည်း မီးလောင်ပျက်စီးခဲ့​ရသည်။

မီးများလွန်း၍ ယမန်နေ့ ဧပြီလ ၃ဝ ရက်နေ့အထိ မီးကြွင်းမီးကျန်များအား ငါးရက်တိုင် ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

“ကျွန်တော်တို့ဟိုဘက်ကနေ မှန်ပြောင်းနဲ့ကြည့်တယ်။ အိမ်တစ်အိမ်ကို ၄ ကြိမ်ဝင်ရှို့တယ်။ မီးခိုးလုံးကြီး ဝုန်းကနဲတက်လာတယ်။ မလောင်လောင်အောင်ရှို့တာ။ နေပူပြင်းတဲ့အချိန် လေတင်ကနေရှို့တာ။ ကျွန်တော်တို့ တော်တော်ရင်နာတယ်။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဧပရယ်(၂၈)ရက်နေ့က အဆိုပါ ဇင်ကလဲရွာသို့အနီးအနားဒေသခံပြည်သူများ အပါအဝင်
ချင်းတွင်း နွေဦး – တော်လှန်ရေးအင်အားစုနှင့် အခြား တော်လှန်ရေးအဖွဲ့အစည်းများက မီးငြိမ်းသတ်ပေးခဲ့ကြပြီး ဒေသတွင်း ချင်းတွင်းချစ်သူ မီဒီယာ အဖွဲ့သားများက အဆိုပါအကြမ်းဖက်မီးရှို့မှုဖြစ်စဥ်အား ရုပ်သံမှတ်တမ်း တင်ထားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

မီးရှို့ခံရပြီး ၂ ရက်အကြာတွင်သွားရောက်ရိုက်ကူးခဲ့သည့် ချင်းတွင်းချစ်သူ၏ ရုပ်သံမှတ်တမ်းမှာပင် နေအိမ်ဆုံးရှုံးခဲ့ရသူများ၏ အော်ဟစ်ငိုယိုသံများ ပါဝင်နေခဲ့သည်။

“ကျွန်တော်တို့ဘဝ ခွေးလုံးလုံးဖြစ်သွားပြီ။ နံပါတ်တစ်က ပြန်စရတော့မယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်ပြင်ဖြစ်နေသော နေအိမ်နေရာဟောင်းအားကြည့်ရင်း အမျိုးသမီးတစ်ဦးလည်း ငိုကြွေးနေခဲ့သည်။

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

“နေပူမရှောင် မိုးရွာမရှောင် လုပ်ထားရတဲ့ ပဲတွေနှမ်းတွေ ဘာတစ်ခုမှ မရှိတော့ပါဘူးတော့။”ဟု ပြောရင်း ဇင်ကလဲရွာသူအမျိုးသမီးကြီးက အားရပါးရငိုပါသည်။

မီးလောင်ပျက်စီးနေသည့်ကိုယ့်နေအိမ်မှ အစအနလေးများကျန်လိုကျန်ငြား ရှာဖွေမွှေနှောက်နေသည့် အမျိုးသမီးတစ်ဦးအား သူ့ရင်သွေးငယ်သားငယ်တစ်ဦးက ငေးကြည့်နေသည်။

“ကျွန်တော်တို့ ဒီအခြေအနေမျိုးပြန်ရောက်ဖို့ နောက်ဆယ်နှစ်ထူထောင် ဒီအခြေအနေမျိုး ပြန်မရောက်နိုင်တော့ဘူး။ ယုတ်မာရိုင်းစိုင်းလွန်းတယ်။ တိုက်ချင်ရင် PDF ကိုရှာတိုက်ပါ။ ပြည်သူတွေကို မနှိပ်စက်ပါနဲ့။ သူတို့ နှိပ်စက်လေလေ PDF တွေက တိုးလေလေပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အကြမ်းဖက် စစ်ကောင်စီများ၏ မီးရှို့ဖျက်ဆီခြင်းခံရသည့် ဇင်ကလဲကျေးရွာ မြင်ကွင်း။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

နွားတစ်ကောင်ကတော့ မျက်ဝန်းမှ မျက်ရည်များကျရင်း သူ့သခင်နှင့်နေအိမ်ဝင်းကို အပြေးအလွှားရှာနေသည်ကို မြင်တွေ့ရသည်။

မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရပ်တည်ရေးများအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခံစားနေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူ့နေအိမ်တွေ မဖျက်ဆီးရပါဘူးဆိုပြီး ဘာလို့ဒီလိုဖျက်ဆီးရတာတဲ့တုန်း။ ဘာလို့နှိပ်စက်ရတာတဲ့တုန်း။”ဟု ဇင်ကလဲရွာသူအမျိုးသမီးတစ်ဦးက ရင်နာနာဖြင့်ပြောသည်။

အကြမ်းဖက်စစ်တပ်သည် နေအိမ်များအပြင် တောင်သူလုပ်ငန်းခွင်၏ မရှိမဖြစ် နွားစာစင်းစက်များ၊ ထွန်စက်များ၊ ပဲခွဲစက်များ၊ မြေပဲမျိုးဆန်များကိုလည်း ရိုက်ချိုးဖျက်ဆီး မီးပုံရှို့သွားခဲ့သည်။

“ပဲမျိုးဆို ၁၂ ပုံးဗျာ တင်းခြောက်ဆယ်။ ပဲမာဆို ၁၅ တင်းလောက်ပါသွားတယ်။ အကုန်လုံးပဲပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇင်ကလဲ ရွာကဲသို့ပင် အကြမ်းထက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့​သော​ကျေးရွာများမှာ ဧပြီ​လအတွင်းမှာပင်​ကျေးရွာ​ပေါင်း ဆယ်နှင့်ချီရှိသည်။ ခင်ဦးမြို့နယ်မှ ရွာသာရွာ၊ တပင်ကောင်း(တောင်)ရွာ၊ သံဘိုကျေးရွာ၊ ​ရွှေဘိုမြို့နယ်မှ ကျားရွာ ၊မ​ကွေးတိုင်း​ပေါက်မြို့နယ်မှ ​ကျောက်အိုးရွာ၊လယ်ယာရွာ စ​သော​ကျေးရွာ​ပေါင်း​​မြောက်များစွာမှာစစ်​ကောင်စီတပ်၏ မီး​လောင်တိုက်သွင်းမှုကိုခံခဲ့ရသည်။

အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခံရ​​သော​နေအိမ်​ပေါင်း ၁၁,၀၀၀​ကျော်ရှိ​လာကြောင်း မီး​လောင်ဖျက်ဆီးခံရ​သော ​နေအိမ်အချက်အလက်များကို ပြုစုထုတ်ပြန်​ပေး​နေ​သော Data For Myanmarကထုတ်ပြန်သည်။ အချက်အလက်ပြုစုရာတွင် မပြည်စုံ
သဖြင့်ကျန်ခဲ့​သော ​ကျေးရွာများရှိနိုင်သဖြင့် အမှန်တစ်ကယ်တွင် စစ်​တပ်ကမီးရှို့ဖျက်ဆီးခဲ့​သောအ​ရေအတွက်မှာထို့ထက်ပင်များနိုင်ပါသည်။ထိုထဲတွင်အာဏာလုစစ်​ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် ခုခံတွန်းလှန်​နေ​သော စစ်ကိုင်းတိုင်းတစ်တိုင်းတည်းမှာပင် ​နေအိမ်​​ပေါင်း ၇၅၀၀ ​ကျော်ကိုအကြမ်းဖက်စစ်​တပ်က မီးရှို့ဖျက်ဆီးခဲ့​လေသည်။

အာဏာလုယူထားပြီး ပြည်သူကိုသတ်ကာ ပြည်သူများ၏အိုးအိမ်များဖျက်ဆီး​နေ​သော စစ်​ကောင်စီက မီးရှို့ဖျက်ဆီးခံရ​သောပြည်သူများကို စာနာ​ကြောင်းစကားတစ်ခွန်းပင်မဟပါ။ ထို့အစားပြည်သူ့​နေအိမ်များကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ(PDF)များက မီးရှို့ခြင်းဖြစ်သည်ဟုပင် ​မျက်နှာ​ပြောင်တိုက်၍ လိမ်ညာဝါဒဖြန်​ခဲ့သည်။ ပြည်သူများက မိမိတို့​နေအိမ်များမည်သူမီးရှို့ဖျက်ဆီးသည်ကိုကိုယ့်​တွေမျက်မြင်သိထားကြပြီးဖြစ်၍စစ်​ကောင်စီဝါဒဖြန့်မှုမှာအရာမထင်​ပါ။

လတ်တ​လောတွင်ကျောခင်းစရာပင် ​နေစရာမရှိ​တော့​သော ပြည်သူများ၏ ​​သောကများကို​ဖြေ​ဖျောက်​ပေးနိုင်ရန်အတွက် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်​ရောက်လာရန်လိုပါသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီလ က မီးရှို့ဖျက်ဆီးခံရ​သော​နေအိမ်များကို ပြည်သူ့အာဏာပြန်ရသည်နှင့်နိုင်ငံ​တော်ကပြန်​ဆောက်​ပေးမည်ဟုကတိ့ပြုထားပါသည်။ ပြည်သူ့​အောင်ပွဲရသည်နှင့် ဇင်ကလဲရွာ စစ်​မိစ္ဆာများမီး​လောင်တိုက်သွင်းခဲ့​သော​ကျေးရွာများ ပြာပုံကြားမှ ပြန်လည်စိမ်းလန်းလာပါလိမ့်မည်။

အေးမြနေသည့် ချင်းတွင်းမြစ်ဘေးရှိ ဇင်ကလဲကျေးရွာမှာ နွေခေါင်ခေါင်တွင် ပူလောင်အတိပြီးနေသည်။ ပြာအတိဖုံးလွှမ်းနေသော ဇင်ကလဲရွာကိုကြည့်ရင်း ဒေသခံတစ်ဦးက ယခုလိုပြောပါသည်။

“ကျွန်တော့်အနေနဲ့ပြောရရင် စစ်ကောင်စီကို မသေမချင်းတော်လှန်သွားမှာပဲ။” ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။