ကျောင်းအဝင်မုဒ်ဦးရှေ့နား တန်းစီနေသူတွေဟာ ပျောက်ကျားစစ်ဝတ်စုံနဲ့ လူအချို့ကို စီးကြိုနေကြပါတယ်။ စီးကြိုနေသူတွေက လက်ထဲကိုင်ထားတဲ့ပန်းနဲ့ အောင်သပြေခက်တွေကို မုဒ်ဦးကိုဖြတ်ပြီး ဝင်လာသူတွေထံ ကမ်းပေးရင်းခရီးဦးကြိုပြုကြပါတယ်။
အဝင်ဝနဲ့ မလှမ်းမကမ်း၊ ကျောင်းအဆောက် အအုံရဲ့ရှေ့ မြေကွက်လပ်သစ်ပင်ကြီးအချို့ရဲ့အောက်မှာတော့ ကလေး၊ လူကြီး အများအ ပြား နေရာယူထားပါတယ်။
လူကြီးအချို့က ထိုင်ခုံတွေပေါ် ထိုင်သူထိုင်၊ အချို့က အဖြူအစိမ်းဝတ် ကလေးတွေနဲ့အတူ မြေသားထက်က တာလပတ်အခင်းပေါ် ထိုင်သူထိုင်နေကြတာကို တွေ့ရပါတယ်။

စားပွဲခုံတွေနဲ့ မျက်နှာချင်းဆိုင်က မြေသားအ ခင်းရဲ့အလယ်မှာတော့ စကားပြောဆင်မြင့်တစ်ခုက ထီးထီးမားမားနေရာယူထားပါတယ်။ ပြောမယ်ဆိုရင် ဒီမြင်ကွင်းတွေကအခမ်းအနားတစ်ခုဖြစ်တယ်ဆိုတာကို မြင်သူတိုင်းသိနိုင်တဲ့အရာပါပဲ။
မှန်ပါတယ်။ အဲဒီမြင်ကွင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ အခမ်း အနားတစ်ခု ကျင်းပနေတာပါ။ တိတိကျကျပြောရရင် မြောင်မြို့နယ်ရဲ့ ကြားကာလပညာ ရေးအစီအစဥ်အတွက် ကျောင်းဖွင့်ပွဲတစ်ခု ကျင်းပနေတာဖြစ်ပါတယ်။
အတိုင်းအတာတစ်ခုအထိ နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်တဲ့ မြောင်ဒေသမှာ မေလအထိ ကျောင်းပေါင်း ၂၆ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“ကျောင်းတွေက ၂၆ ကျောင်းဆိုပေမယ့် ဆက်ဖွင့်မယ့် ကျောင်းတွေလည်း ရှိတယ်။ အဲဒီအ တွက်လည်း ပြင်ဆင်နေပါတယ်”လို့ မြောင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM)ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနွေဦးက ပြောပါတယ်။
လက်ရှိမှာ မြောင်ဒေသရဲ့ ကြားကာလပညာ ရေးအတွက် Myaung Education Network-MEN ကိုတည်ထောင်ထားပြီး အဲဒီကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ CDM ဆရာဆရာမတွေက ပညာသင်ကြားပေးနေတယ်လို့ သူက ရှင်းပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်ပြီးကြားကာလပညာရေးနဲ့ပတ်သက်ပြီး အွန်လိုင်းအခြေပြုသင်ကြားရေးအပြင် ပြည်သူအခြေပြုသင်ကြားရေးကို ပိုမိုလုပ်ဆောင်လာတဲ့ ဒေသတွေ ပိုများလာတာကို မြေပြင်အချက်အလက်တွေအရ သိနိုင်ပါတယ်။
အထူးသဖြင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းနဲ့ကရင်နီ(ကယား)ပြည်နယ်တို့မှာ ပိုမိုအား ကောင်းလာတာကို တွေ့ကြရမှာပါ။ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ KNU နဲ့ KIOတို့က အရင်ကတည်းက ၎င်းတို့ဘာသာအခြေပြုပြီး ပညာရေးစနစ်ကို အသေအချာဆောင်ရွက်ထားတာကြောင့်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းလာထားသူတွေပိုတိုးလာတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဥ်အခြေခံပညာသင်ကြားရတဲ့ ကျောင်းသား၊ကျောင်းသူပေါင်း ၉ သန်းကျော် ၁၀ သန်းဝန်းကျင်ရှိပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကမ္ဘာ့ကပ်ဆိုးရောဂါ COVID-19 ကြောင့်ကျောင်းများပိတ်ခဲ့ရသလို ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာလည်း အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ်လက်အောက်မှာ ကျောင်းသားမိဘအများစုက ကျောင်းတွေကိုမပို့ကြပါဘူး။စစ်ကောင်စီတပ်က နိုင်ငံကိုအုပ်ချုပ်နိုင်တယ်လို့နိုင်ငံတကာကို ဝါဒဖြန့်နိုင်ဖို့ အခုလာမယ့်ပညာသင်နှစ် (၂၀၂၂-၂၀၂၃)အတွက်ကျောင်းသားနဲ့မိဘတွေကို ဖိအားပေးကျောင်းထားခိုင်းသလို တချို့နေရာတွေမှာခြိမ်းခြောက် ကျောင်းအပ်ခိုင်းတာတွေပါပြုလုပ်ပါတယ်။ စစ်ကောင်စီကိုဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံနဲ့ ဖက်ဒရယ်ပညာရေးစနစ် မျှော်မှန်းပြီးကြိုးစားနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့အစိုးရကလည်း ကြားကာလပညာရေးစနစ်ကို တစ်ဆင့်ချင်းအကောင်အထည်ဖော်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကတော့ KIO နဲ့ KNU လက်အောင်မှာ ပညာရေးဌာနတွေ သီးခြားရှိပြီး နှစ်ပေါင်းများစွာစနစ်တကျကိုယ်ပိုင်ပညာရေးစနစ်တွေကိုအကောင်အထည်ဖော်ခဲ့တာကြောင့် အခုဆိုရင် အရင်က အစိုးရကျောင်းထားသူတွေတောင် သူတို့ဆီလာပြီးကျောင်းအပ်နှံသူတွေများလာနေပြီဖြစ်ပါတယ်။
ချင်းပြည်နယ်မှာလည်း ပြည်သူ့ပညာရေးစနစ်ကို ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေမှာ စနစ်တကျအကောင်အထည်ဖော်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာဆိုရင် မြောင်မြို့နယ်ဟာ ပြည်သူအခြေပြုသင်ကြားရေးအတွက် စာ သင်ကျောင်းတွေ အများဆုံးဖွင့်လှစ်လာနိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျန်မြို့နယ်အများစုမှာတော့ အွန်လိုင်းအခြေပြုသင်ကြားရေးကို မူလကဦးတည်ခဲ့ပေမဲ့ ခုနောက်ပိုင်း အင်တာနက်လိုင်းအခက်အခဲကြောင့် မြေပြင်မှာကျောင်း တွေဖွင့်နိုင်ဖို့ကို ကြိုးစာနေကြတာဖြစ်ပါတယ်။

▪︎ကျောင်းဖွင့်မယ်ဆိုရင်
ခုလို တော်လှန်ရေးကာလမှာ တော်လှန်ရေးအင် အားစုတွေရဲ့အားနဲ့ ကျောင်းတစ်ကျောင်းဖွင့်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
အထူးသဖြင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်ဘဲ နယ်မြေစိုးမိုးနိုင်မှု အထိုက်အလျှောက်ရှိမှသာဖွင့်လှစ်နိုင်တာပါ။ ဒါတင်မကသေးပါဘူး။နယ်မြေစိုးမိုးမှုရှိတယ်ဆိုဦးတော့ ကျောင်းအတွက်ကုန်ကျစရိတ်၊ ပညာသင်ကြားပေးမယ့် ဆရာ၊ ဆရာမအင်အား၊ ကျောင်းတက်လိုတဲ့ ကလေးတွေ၊ ကျောင်းသားမိဘနဲ့ ရပ်မိရပ်ဖတွေ၊ ရပ်ရွာအခြေပြု LDF တွေ စတဲ့ကဏ္ဍစုံ ပူးပေါင်းပါဝင်မှသာ လုပ်ဆောင်နိုင်တာလို့ ကိုနွေဦးက ပြောပါတယ်။
“ကျောင်းတစ်ကျောင်းဖွင့်တော့မယ်ဆိုရင် ကျွန်တော်တို့က ဒီရွာတစ်ရွာမှာရှိတဲ့ CDM ဆရာ၊ ဆရာမတွေကို အရင်စုစည်းလိုက်တယ်။ သင်မယ့်ဆရာ၊ ဆရာမရပြီဆိုမှ ကျောင်းကော်မတီဖွဲ့တာအပါအဝင် နောက်ပိုင်းကိစ္စတွေ ဆက်လုပ်ရပါတယ်”
ရပ်ရွာပြည်သူအခြေပြု ကျောင်းတွေဖွင့်လှစ်တဲ့အခါမှာ အခြေခံစည်းမျဥ်းအနေနဲ့ အချက်ငါးချက် သတ်မှတ်ထားပါတယ်။ အဲဒီအချက်တွေက သင်ကြားရေးအတွက် ဆရာ၊ ဆရာမ၊ လုံခြုံ ရေးတာဝန်၊ ကျောင်သားမိဘတွေကိုယ်တိုင် လိုလားမှုရှိတာ၊ ရပ်မိရပ်ဖတွေနဲ့ LDF တွေကသဘောတူလက်ခံတာစတာတွေဖြစ်ပါတယ်။
သတ်မှတ်စည်းမျဥ်းတွေနဲ့ကိုက်ညီပြီဆိုရင်တော့ ဒေသတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ CDSOM ရဲ့ ထိန်းကြောင်းမှုနဲ့ ကျောင်းကော် မတီ စဖွဲ့ပါတယ်။ ကော်မတီမှာ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘ၊ ရပ်မိရပ်ဖနဲ့ LDF ကိုယ်စား လှယ် စတဲ့သူတွေနဲ့ ဖွဲ့စည်းပါတယ်။
အဲဒီနောက်မှာတော့ ကျောင်းဖွင့်တဲ့အခါ လုံခြုံ ရေးဆိုင်ရာကိစ္စတွေအတွက် ဒေသကာကွယ် ရေးအဖွဲ့ LDF တွေက ကိုယ့်ဒေသအလိုက်တာ ဝန်ယူရပါတယ်။ ကော်မတီဖွဲ့ပြီးပြီ၊ လုံခြုံရေးတာဝန်လည်း ဆောင်ရွက်ထားနိုင်ပြီဆိုတဲ့အခါမှာ သင်ကြားရေးနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို MEN ဆီ တာဝန်လွှဲပေးတယ်လို့ ကိုနွေဦးကရှင်းပြပါတယ်။

ကျောင်းဖွင့်တော့မယ်ဆိုတာနဲ့ MEN ကွန်ရက်ဝင် ဆရာ၊ ဆရာမတစ်ဦးကို ကျောင်းတာဝန်ခံအဖြစ် ခန့်အပ်ပြီး ကျောင်းရဲ့လိုအပ်ချက်တွေကို စာရင်းပြုစုစေပါတယ်။ ပြီးတော့ သင်ထောက်ကူပစ္စည်းအပါအဝင် ကျောင်းရဲ့ကုန် ကျစရိတ်အတွက် တစ်လကို ကျပ်နှစ်သိန်းကနေ သုံးသိန်းအထိ CDSOM က ထောက်ပံ့ပေးပါတယ်။
“ကျွန်တော်တို့ လက်ရှိအနေအထားမှာ ခြောက်လစာအထိ ပြင်ဆင်ထားတယ်။ ကျောင်းတစ်ကျောင်းကို CDM ဆရာ၊ ဆရာမ သုံးယောက်စာအတွက် ကျောင်းဘဏ္ဍာရေးကို လစဥ်ထည့်ပေးတယ်”လို့ CDSOM ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနွေဦးက ပြောပါတယ်။
မြောင်ဒေသမှာ ပြည်သူအခြေပြု ကြားကာလပညာရေးကျောင်းတွေကို ၂၀၂၂ မတ်လထဲက စဖွင့်ခဲ့တာဖြစ်ပြီး ခုဆိုနှစ်လကျော် သက်တမ်းရှိလာပါပြီ။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာဆိုရင်လည်းမြို့နယ်(ပကဖ)တွေ၊ (ပအဖ) တွေ၊ PDF တွေနဲ့ ဒေသခံပြည်သူပူးပေါင်းပြီး ကျောင်းတွေဖွင့်နေတာရှိပြီး လုံခြုံရေးအရ နေရာဒေသနဲ့ ကျောင်းအရည်အတွက်ကိုတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
“မြို့နယ်အတွင်းက ကျေးရွာများမှာတော့ ပြည်သူများကိုယ်တိုင် ပညာရေးကို အကောင် အထည်ဖော်ဆောင်နေပါတယ်ဗျ”လို့ ယင်းမာပင်အခြေစိုက် Myanmar National Armed Force-MNAF တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ပြောပါတယ်။
မကွေးတိုင်းထဲမှာဆိုရင်လည်း မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ဂန့်ဂေါမြို့နယ်တွေက ကျေးရွာ ၇၀ လောက်မှာ ကျောင်းတွေဖွင့်နိုင်ပြီလို့ ဒေသဆိုင် ရာပညာရေးဘုတ်အဖွဲ့တွေက အသိပေးပါတယ်။
အဲဒီမြို့နယ်တွေထဲက မြိုင်တစ်မြို့နယ်ထဲမှာတင် ကျေးရွာပေါင်း ၄၈ ရွာက ကျောင်းသား/ကျောင်းသူ ၈၈၀၀ ကျော်ကို CDM ဆရာ၊ ဆ ရာမ ၂၇၆ ဦးနဲ့ စေတနာ့ဝန်ထမ်း ၇၀၀ ကျော်နဲ့ သင်ကြားပေးနေတယ်လို့ မြိုင်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ကယားပြည်နယ်(ကရင်နီဒေသ)မှာဆိုရင်လည်း ကြားကာလပညာသင်ကြားရေးကို ပြည်နယ်အတိုင်ပင်ခံကောင်စီ(KCSS)က ကြိုး ပမ်းနေပါတယ်။ ကရင်နီဒေသလုံးဆိုင်ရာ အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂအနေနဲ့လည်း စေတနာ့ဝန်ထမ်း ၉၀၀ ကျော်ကို သင် ကြားရေးအတွက် သင်တန်းတွေပေးထားတယ်လို့ ပြောပါတယ်။
အဲဒီစေတနာ့ဝန်ထမ်းတွေကတော့ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနဲ့ မယ်စဲ့မြို့နယ်တွေကဖြစ်ပြီး ကြားကာလ ပညာသင်ကြားရေးမှာ ပါဝင်ကူညီနိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းတွေပေးခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာဆိုရင်လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ချင်းပြည်အတွင်းရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့အသီးသီးမှာလိုအပ်နေတဲ့ သင်ရိုးစာအုပ်၊သင်ထောက်ကူပစ္စည်းတွေထုတ်လုပ်နိုင်ဖို့၊ အချိန်ပြည့်နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊မတွေကိုထောက်ပံ့ပေးဖို့နဲ့ အခြားလိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂-၂၃ ပညာသင်နှစ် ချင်းပြည် အခြေခံပညာမူလတန်း သင်ရိုးသတ်မှတ်ပြဌာန်းနိုင်ရေး၊ ချင်းပြည် ဖက်ဒရယ် အခြေခံပညာသင်ရိုးမူဘောင်ရေးဆွဲရေးကော်မတီဖွဲ့စည်းဖို့ နဲ့ ဆရာ၊ဆရာမတွေအတွက် မွမ်းမံ သင်တန်းတွေဖွင့်လှစ်ပေးနိုင်ရေးတို့ကို အစီအစဥ်တွေရေးဆွဲချမှတ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ပြောမယ်ဆိုရင် ပြည်သူအခြေပြုပညာရေးဟာ မြေပြင်မှာပါ ကျောင်းတွေဖွင့်လှစ်သင်ကြားဖို့လိုအပ်တာကြောင့် တော်လှန်ရေးအားကောင်တဲ့ဒေသတွေမှာသာ လုပ်ကိုင်နိုင်တဲ့အခြေအနေမှာ ရှိနေပါသေးတယ်။
ဒါကြောင့် ကြားကာလပညာသင်ကြားရေးနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေအရ ကျောင်းဖွင့်သင်ကြားဖို့ ခက်ခဲတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီလို တိုင်းဒေသကြီးတွေမှာတော့ အွန်လိုင်းအခြေပြု ပညာသင်ကြားရေးကို အားကိုးနေရဦးမှာပဲ ဖြစ်ပါတယ်။

▪︎ရည်ရွယ်ချက်
သင်ကြားရေးနဲ့ ပတ်သက်ရင်တော့ မြောင်ပညာ ရေးကွန်ရက်(MEN)နဲ့ချိတ်ဆက်ပြီး သင်ကြားရေးလုပ်ဆောင်နေတဲ့ ဆရာ၊ ဆရာမ ၃၀၀ ကျော် ရှိပါတယ်။ အဲဒီ ဆရာ၊ ဆရာမတွေက ဖွင့်ထားပြီးဖြစ်တဲ့ ကျောင်းပေါင်း ၂၆ ကျောင်းအတွက် တာဝန်ခွဲဝေပြီး ဖြစ်ပါတယ်။
နောက်ထပ် ကျောင်းတွေဆက်ဖွင့်တဲ့အခါ ဖွင့်လိုတဲ့ရပ်ရွာမှာရှိတဲ့ CDM ဆရာ၊ ဆရာမတွေကို ထပ်မံစည်းရုံးပြီး အင်အားတွေ ထပ်ထပ်ဖြည့်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခုလို ခုခံစစ်ဆင်နွှဲနေတဲ့ တော်လှန်ရေးကာလအတွင်းမှာ ကြားကာလပညာရေးအတွက် အ ခက်အခဲတွေကြားက ကျောင်းတွေဖွင့်ရတာဟာ ကလေးတွေရဲ့ အနာဂတ်အတွက်ပဲ ဖြစ်ပါတယ်။
၂၀၂၀ပြည့်နှစ်ကိုဗစ်ကာလထဲက ကျောင်းတွေပိတ်ထားခဲ့ရတာအပြင် ကိုဗစ်အလွန် နောက်တစ်နှစ်မှာ အာဏာရူးတစ်စုရဲ့ မတရားအာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပြီး ကလေးတွေအဖို့ ပညာသင်ကြားခွင့် မရခဲ့ကြပါဘူး။
ဒါ့ကြောင့် ပညာသင်ယူခွင့် နှောင့်နှေးနေရတဲ့က လေးတွေကို ရှေ့ရှုပြီး ကြားကာလပညာသင်ကြားရေးကို စခဲ့တာလို့ MEN အဖွဲ့ဝင် မြောင်ဒေသ ကျောင်းအမှတ် (၂၃)ရဲ့ တာဝန်ခံဆရာက ပြောပါတယ်။
“ကျွန်တော်တို့ သင်ကြားနေတဲ့ပုံစံကတော့ 3H ကိုအခြေခံပြီး သင်ယူလေ့လာတတ်စေရန် လေ့ကျင့်ပေးနေပါတယ်”လို့ သူက ဆက်ပြေပါတယ်။
3H ဆိုရာမှာ ပထမ H က Head – ဦးခေါင်းကိုအသုံးပြုပြီး တွေးခေါ်တတ်စေရန်၊ ဒုတိယ H က Heart – ကိစ္စရပ်တစ်ခုခုပေါ်တွင် နှလုံးသားကို အရင်းခံပြီး ခံစားတတ်လာစေရန်နှင့် တတိ ယ H မှာ Hand – လက်တွေ့ကျကျ ဆောင်ရွက်တတ်စေရန်တို့ဖြစ်တယ်လို့ အမှတ် (၂၃) ကျောင်းရဲ့ ကျောင်းတာဝန်ခံ ဆရာက ရှင်းပြပါတယ်။
သင်ရိုးစာအုပ်အတိုင်း သင်ကြားပေးတာမျိုးမဟုတ်ဘဲ စာဖတ်ခြင်း၊ အနုပညာ၊ ကိုယ်လက် လှုပ်ရှားမှု၊ လက်တွေ့လုပ်ဆောင်ခြင်း စတာတွေကို အပြန်အလှန်ပူးပေါင်းသင်ယူတတ်စေဖို့ လေ့ကျင့်ပေးနေတာလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

▪︎မျှော်မှန်းချက်
ပြောမယ်ဆိုရင် နိုင်ငံတစ်ဝှမ်း ကြားကာလပညာသင်ကြားရေးနဲ့ပတ်သက်လို့ NUG အစိုးရ၊ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ဂိုက်လိုင်းတွေအတိုင်း သွားနေတာဖြစ်ပါတယ်။
ကြားကလာပညာသင်ကြားရေးကိုပဲ အပိုင်းနှစ်ပိုင်းနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။ အဲဒါတွေကတော့ အွန်လိုင်းအခြေပြု Home Education နဲ့ ကျောင်းတွေဖွင့်လှစ်သင်ကြားတဲ့ ပြုသူအခြေပြုပညာသင်ကြားရေးတို့ပဲ ဖြစ်ပါတယ်။
NUG ပညာရေးဝန်ကြီးဌာနက Home Education ကို အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ထဲမှာပဲ စတင်နိုင်ခဲ့ပါတယ်။ ခုနောက်ပိုင်း စစ်ကောင်စီက စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါးကို အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်တဲ့အချိန်မှာတော့ ပြုသူအခြေပြု ပညာသင်ကြားရေးကို စတင်ခဲ့တာပါ။
ကြားကာလနဲ့ပတ်သက်တဲ့ Home Education ရော ပြည်သူအခြေပြုသင်ကြားရေးရော နှစ်ခုစလုံးဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပညာ ရေးစနစ်နဲ့ ချိတ်ဆက်နိုင်အောင် ပညာရေးဝန် ကြီးဌာနနဲ့ ပညာရပ်ဆိုင်ရာပညာရှင်တွေ ညှိ နှိုင်းအဖြေရှားထားတဲ့ သင်ကြားနည်းစနစ်ဖြစ်တယ်လို့ အခြေခံပညာရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကျောင်းဆရာကိုနောင်ချိုက ပြောပါတယ်။
ဒါကြောင့် ကြားကာလ အခြေခံပညာရေးညီလာ ခံကို မေ ၁၀ ရက်ကနေ ၁၃ ရက်အထိ လေးရက်တိုင် ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ အခြေ ခံပညာရေး ဆန်းစစ်ချက်တွေဟာ အနာဂတ်ပညာရေးနဲ့ ချိတ်ဆက်နိုင်ရေးဆိုတဲ့ မူကြမ်းတစ်ခုကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ညီ လာခံကို တင်သွင်းခဲ့ပါတယ်။
“assessment သည် NUG/MOE ကနေပြီး အကြမ်းကိုပဲ ညီလာခံကိုတင်သွင်းတာဖြစ်ပြီးတော့ ညီလာခံမှာတက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေကနေပြီးတော့ ဘယ်ဟာတွေပါသင့်တယ် နယ်မြေအလိုက်ပေါ့နော် ဒေသအလိုက်လိုအပ်တာတွေ၊ အကြံပြုခဲ့တာတွေ ရှိပါတယ်” လို့ ညီလာခံကျင်းပရေးကော် မတီကိုယ်စား CDM ကျောင်းဆရာ ကိုနောင်ချိုက ပြောပါတယ်။
အဲဒီ အခြေခံပညာကဏ္ဍ စစ်ဆေးစမ်းစစ်ချက်မူကြမ်းကို ညီလာခံကိုယ်စားလှယ်တွေရဲ့ အကြံ ပြုချက်တွေဖြည့်စွက်ပြီး လက်တွေ့အကောင် အထည်ဖော်ဖို့ သက်ဆိုင်ရာအစုအဖွဲ့နဲ့ အဖွဲ့အ စည်းများထံ ပေးပို့သွားမယ်လို့ သူက ရှင်းပြပါတယ်။
ဆိုရရင် ကြားကာလပညာသင်ကြားရေးဟာ ပညာတတ်မြောက်ရေးတစ်ခုတည်းကို ဦးတည်တာမဟုတ်ဘဲ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပညာရေးရဲ့ အခြေခံကောင်းတွေ ရရှိလာအောင် အစပြု ပျိုးထောင်ပေးခြင်းဖြစ်တယ်လို့ NUG နဲ့ ပညာရေးဆိုင်ရာ ပညာရှင်တွေက အသိပေးထားပါတယ်။

▪︎စည်းရုံးသိမ်းသွင်းပါ
ဘယ်လိုပဲဖြစ်ဖြစ် ခုလိုတော်လှန်ရေးဆင်နွှဲနေရတဲ့ကာလမျိုးမှာ မသင်မနေရပုံစံမျိုးနဲ့ ဖိအားပေးပြီး ကျောင်းတွေဖွင့်မှာမျိုးကိုတော့ ကိုနွေဦးတို့လို တော်လှန်ရေးခေါင်းအချို့က မလို လားပါဘူး။
ဘာကြောင့်လည်းဆိုတော့ အာဏာရှင်စနစ်ကို လက်မခံလို့ ခုခံတော်လှန်နေတဲ့တစ်ချိန်တည်းမှာ အမိန့်အာဏာမသုံးသင့်သလို စည်းရုံးရေးကိုဦးတည်ပြီး ဘယ်ကိစ္စမဆို နားလည်လက်ခံသည်အထိ ရှင်းပြပြီးမှ လုပ်သင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။
မြောင်မှာဆိုရင်လည်း မေလအထိ ကျောင်းပေါင်း ၂၆ ကျောင်းအထိ ဖွင့်လာနိုင်တာဟာ နယ်မြေစိုးမိုးရေးတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကျောင်းဖွင့်ရင် ဘာဖြစ်မယ်၊ မဖွင့်ရင် ဘာဖြစ်နိုင်တယ် စတဲ့အကျိုးအပြစ်ကိုယ် ရှင်းပြပြီး စည်းရုံးခဲ့၍သာဖြစ်တယ်လို့ ကိုနွေဦးက သူတို့အတွေ့အကြုံကို ရှင်းပြပါတယ်။
ချင်းပြည်နယ်ရှိ မင်းတပ်မြို့ မှာလည်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ရှိမြို့တွင်းအခြေအနေတွေအရ စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းတွေဟာ လုံခြုံရေးအန္တရာယ်ရှိနေတယ်ဒေသခံပြည်သူတွေကိုအသိပေးထားပါတယ်။ဒါကြောင့် စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေမှာအပ်နှံခြင်းမပြုဘဲ ၊မိမိတို့ ရင်သွေးငယ်တွေရဲ့ ပညာရေးနောက်မကျစေဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်တဲ့ကျောင်းတွေမှာသာအပ်နှံကြဖို့ “မိဘပြည်သူများသို့ပန်ကြားချက်” ဆိုပြီးတော့မေ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုနွေဦးတို့ မြောင်ဒေသမှာ ခုဆိုရင် ကြား ကာလ အခြေခံပညာ သင်ယူခွင့်ရတဲ့ ကျောင်း သား၊ ကျောင်းသူပေါင်း ၃,၀၀၀ ကျော် ရှိနေပါပြီ။
ဒါကြောင့် သူက “ကျွန်တော်တို့က မဖွင့်မနေရ ဆိုတာမျိုးနဲ့တော့ ရွာတွေကို ဖိအားမပေးဘူး။ ဒါပေမဲ့ ဖွင့်နိုင်အောင်လို့တော့ စည်းရုံးတယ်”လို့ ရင်ဖွင့်ပါတယ်။
