Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်မီးစမွှေးပြီး ကိုယ့်ဇာတ် ကိုယ်မနိုင်တော့တဲ့ အာဏာသိမ်း မြန်မာစစ်တပ်

အာဏာသိမ်းမှု မတိုင်ခင် ကတည်းက ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၃ သိန်းခွဲ နီးပါးလောက် ရှိနှင့်နေပြီးသားပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်

နိုင်ငံရဲ့ မြေစမ်းခရမ်းပျိုး အပျံသင်ကာစ ဒီမိုကရေစီကို မြန်မာစစ်တပ်က ဖျက်ဆီးပစ်လိုက်တာ အခုဆိုရင် ၁၈ လလောက် ကြာမြင့်ခဲ့ပြီးပါပြီ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာနဲ့ချီ များပြားတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီး အကျဉ်းချထားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အချိန်ထိ အကျဉ်းချခံရဆဲ ဖြစ်သလို အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာလည်း အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အရာရာဟာ ပိုပြီး အန္တရာယ် ကြီးလာပါတော့တယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာလည်း နှစ်ရှည်လများ ပြည်တွင်းစစ် ဖြစ်နေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပြင် ခန့်မှန်းခြေ အင်အား ၆ သောင်းထက်မနည်း စုဖွဲ့ထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တွေနဲ့ပါ စစ်ခင်း တိုက်ခိုက်နေရပြီ ဆိုတာကို မျက်ဝါးထင်ထင် တွေ့ကြုံလာရတယ်။ PDFဟာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။ လေ့လာသူတွေက အခုအခါမှာတော့ အာဏာသိမ်း စစ်တပ်ဟာ အကြီးအကျယ် အကျပ်ရိုက်နေပြီး စစ်သားသစ်တွေလည်း စုဆောင်းလို့ မရတော့သလို နိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ရပ်တန့်သွားတဲ့ မနှစ်ကတည်းက စတင်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကိုလည်း မဖြိုခွင်းနိုင် ဖြစ်နေရပြီလို့ သုံးသပ်ကြပါတယ်။

တိုက်ပွဲတွေဟာ စစ်မျက်နှာ ပေါင်းစုံကို ပျံ့နှံ့သွားပြီး အရင်ကတည်းက တိုင်းရင်းသားတွေနဲ့ စစ်ခင်းနေကျ နယ်စပ် ဒေသတွေအပြင် နိုင်ငံ အလယ်ပိုင်းက လူများစု ဗမာမျိုးနွယ်တွေ အဓိက နေထိုင်ရာ ဒေသတွေထိ ရောက်ရှိလာပါတယ်။ လေ့လာသူတွေကတော့ မြန်မာ စစ်တပ်ရော၊ စစ်လက်နက် အားအကောင်းဆုံး တပ်ဆင်ထားတဲ့ တိုင်းရင်းသား တပ်တွေ အပါအဝင် တစ်ခုနဲ့တစ်ခု မဆက်စပ်ဘဲ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ၇ ခုမနည်း ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီထဲမှာ အချင်းချင်း မတည့်ကြတဲ့ အင်အားစုတွေ၊ စစ်အစိုးရကို ထောက်ခံတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီတွေ၊ ပြောက်ကျား တပ်ဖွဲ့ဝင်တွေ စသဖြင့် ရောနှော ပါဝင်နေပါတယ်။

တိုက်ပွဲတွေကြောင့် ကြုံလာရတဲ့ အသေအပျောက် စာရင်းကလည်း ရှင်းရှင်းလင်းလင်း ရေတွက်လို့ မရပြန်ပါဘူး။ နိုင်ငံ ပိုင်နက်ထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက် စုံစမ်းကြည့်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ကုလသမဂ္ဂ အရာရှိတွေကတော့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူ ၂၀၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၄၀၀၀ ကျော်ကို ချုပ်နှောင် ဖမ်းဆီးထားတယ်လို့ ယုံကြည်နေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်အတွက် သတင်းပေး ဒလန်လုပ်နေတယ်လို့ ယုံကြည်ရတဲ့ အရပ်သားတွေကို တော်လှန်ရေး အင်အားစုတွေက ပစ်မှတ်ထား ရှင်းလင်းတာမျိုးတွေ ရှိနေပြန်တယ်။ ကုလသမဂ္ဂကတော့ အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူ အရေအတွက် ၇ သိန်းကျော်လောက် ရှိလာပြီလို့ ပြီးခဲ့တဲ့လမှာ ခန့်မှန်းခဲ့ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင် ကတည်းက ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၃ သိန်းခွဲ နီးပါးလောက် ရှိနှင့်နေပြီးသားပါ။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်မှုတွေကို စစ်ခင်းတိုက်ခိုက်တဲ့၊ ဖြိုခွင်းတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောက်ကျား နည်းဗျူဟာတွေကို အခြေခံပြီး ရွေ့လျားလှုပ်ရှားနေတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ စစ်တပ်က အတော်ကြီး ရုန်းကန်လာရပါတယ်။ နိုင်ငံရဲ့ တချို့ အစိတ်အပိုင်းတွေမှာဆို အာဏာသိမ်း စစ်တပ်ဟာ ဒေသအလိုက် မြို့ကြီးပြကြီး တချို့ကလွဲရင် ရွာနီးချုပ်စပ် ဧရိယာတွေကို လုံးဝ မထိန်းချုပ်နိုင်တော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တပ်ကနေ ထွက်ပြေးပြီး ဘက်ပြောင်း ခိုလှုံသူတွေ များလာတာ၊ စစ်သားသစ်တွေ စုဆောင်းလို့ မရတော့တာတွေကြောင့် တပ်ရဲ့ အင်အားကလည်း တဖြည်းဖြည်း ပွန်းပဲ့လာနေပါတယ်။

မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်ပြီး နှစ်ရှည်လများ သုံးစွဲနေကျ နည်းလမ်းဟောင်းတွေကို လက်ကိုင်ထားပြီး တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းဖို့ ကြိုးစားနေတယ်လို့ နိုင်ငံတကာ ဆက်ဆံရေးကောင်စီရဲ့ အမေရိကန် ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂျိုရှူအာ ကာလန့်ဇစ်ခ်က မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒီ နည်းလမ်းတွေကတော့ ကျေးရွာတွေကို ဗုံးကြဲတာ၊ အရပ်သားတွေကို အစုအပြုံလိုက် သတ်ဖြတ်တာ၊ နေရာအနှံ့ မြို့ရွာတွေကို မီးတင်ရှို့တာမျိုးတွေကို ဆိုလိုတာပါ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းပတမ်း နည်းလမ်းတွေဟာ တော်လှန်ရေး အရှိန်အဟုန်ကို မတားဆီးနိုင်တော့ဘူးလို့ သူက ဆိုတယ်။ ဒီနည်းလမ်းတွေ ကျရှုံးနေခြင်းကြောင့် တစ်ဖက်မှာ PDF တပ်ဖွဲ့ဝင်တွေအတွက် မျှော်လင့်ချက်တွေ ပိုအားကောင်းလာတယ်လို့လည်း ကာလန့်ဇစ်ခ်က ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ ကယားပြည်နယ်ထဲက အရေအတွက် ၂၀ ထက် မနည်းတဲ့ ကျေးရွာတွေနားမှာ မြန်မာစစ်တပ်ဟာ မိုင်းတွေ ဖြန့်ထောင်ထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှု အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကယား ပြည်နယ်မှာ ဒေသခံ ကရင်နီ တိုင်းရင်းသားတွေက အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေနဲ့ စစ်ခင်း တိုက်ခိုက်နေကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူမဆန်ဘဲ ရက်စက် ကြမ်းကြုတ်လွန်းတယ်လို့ ဝေဖန် ရှုတ်ချထားပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံဆီ စစ်လက်နက်တွေ တင်သွင်းနေတာကို ဝိုင်းဝန်း ဖြတ်တောက်ပေးကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှားယွင်း အကဲဖြတ်ခဲ့ဟန်ရှိကြောင်း၊ စစ်တပ်ဟာ လုပ်ပိုင်ခွင့် အာဏာကို စုစည်း ကိုင်တွယ်နိုင်စွမ်း မရှိသလို စီးပွားရေးနဲ့ တခြား အခြေခံ အစိုးရ လုပ်ငန်းစဉ်တွေမှာလည်း မကျွမ်းကျင်ဘူးဆိုတာ ကိုယ်တိုင် ဖော်ပြနေကြောင်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့် ဗြိတိန် သံအမတ်ကြီး ပိထ်ဗော်ဝဲလ်စ်က အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ မီဒီယာ တစ်ခုကို မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။ အခုဆိုရင် စစ်တပ်ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် လူမုန်းများနေပြီလို့လည်း သူက ဆိုတယ်။

ဒါပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေကလည်း အသာစီး ရနေတာမျိုးတော့ မဟုတ်ပြန်ဘူး။ ကျေးလက် ဧရိယာတွေမှာ ဖြန့်ကျက် လှုပ်ရှားနေပြီး အမြဲတမ်း PDF တပ်ဖွဲ့ဝင် မဟုတ်တဲ့ ဒေသအလိုက် ခုခံရေး အင်အားစုတွေမှာ စစ်ရေး မဟာဗျူဟာ အခင်းအကျင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အတော်လေး အားနည်းနေပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ဆိုတာကလည်း ရောနှော ရှုပ်ထွေးနေပြီး တချို့ အဖွဲ့တွေက စစ်ကောင်စီကို တိုက်ခိုက်တဲ့ နေရာမှာ တခြားသူတွေလောက် အားမထုတ်ဘူး ဆိုတာမျိုး ရှုမြင်ခံရတာတွေ ရှိနေပြန်တယ်။

PDFတွေမှာ စိတ်အားထက်သန်နေတဲ့ လူသစ်တွေ စုဆောင်းဖို့ မခက်ခဲပေမယ့် တောထဲမှာ ပြောက်ကျား စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်တဲ့ အဆင့်ကနေ ရှေ့မတက်နိုင်သေးဘဲ ဖြစ်နေတယ်လို့ ဝီလ်ဆင် စင်တာက ကိုရဲမျိုးဟိန်းနဲ့ လူးကက်စ် မိုင်ယာစ်တို့က မှတ်ချက်ပြု ရေးသားထားပါတယ်။ လက်နက် တပ်ဆင်မှု ပိုအားကောင်းပြီး လက်နက်တွေ စုဆောင်းနိုင်တဲ့ ရင်းမြစ်တွေအတွက် ပိုစိတ်ချရတဲ့ တိုင်းရင်းသား တပ်တွေကတော့ မြန်မာစစ်အာဏာရှင်ကို ထိုးစစ်ဆင်ရာမှာ ပိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသနေနိုင်ဆဲလို့လည်း ဆိုတယ်။

NUG အစိုးရရဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလာကတော့ ယူကရိန်း စစ်ပွဲမှာ နိုင်ငံတကာက ယူကရိန်းကို ညီညီညွတ်ညွတ် အားပေး ကူညီတာမျိုးနဲ့ ယှဉ်လိုက်ရင် မြန်မာ့ ဒီမိုကရေစီရေး တော်လှန် လှုပ်ရှားမှုအတွက် ကွာဟချက် အရမ်းကြီးနေတယလို့ အင်တာဗျူး တစ်ခုမှာ မှတ်ချက် ပေးခဲ့ပါတယ်။ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားက မြန်မာစစ်တပ်ကိုလည်း အကူအညီတွေ ပေးနေတာကို သမ္မတကြီးက ထောက်ပြခဲ့ပြီး မြန်မာ့အရေးမှာလည်း နိုင်ငံတကာရဲ့ အားပေး ကူညီမှုတွေ ပိုလိုအပ်တယ်လို့ ပြောပါတယ်။

ရက်စက် ကြမ်းကြုတ်လွန်းတဲ့ မြန်မာစစ်တပ်ရဲ့ အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကြိုးစား ကာကွယ်နေရတဲ့ ပြည်သူတွေအတွက် ကမ္ဘာကြီးက ပိုပြီး အားပေး ကူညီမှုတွေ လုပ်ဆောင်နိုင်တာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်လို့ The Diplomatရဲ့ Asian Geopolitical Publication အင်တာဗျူးမှာ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို နိုင်ငံတကာက ဝိုင်းပြီး ပံ့ပိုးနေတာမျိုးရဲ့ အစိတ်အပိုင်း သေးသေးလေးလောက်ပဲ မြန်မာအတွက် ရင်းနှီးမြှုပ်နှံပေးမယ်ဆိုရင် စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အဆုံးသတ်စေဖို့ ပိုပြီး အကူအညီ ဖြစ်နိုင်သလို ထောင်နဲ့ချီတဲ့ လူ့အသက်တွေကို ကယ်တင်ရာရောက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အားထုတ်မှုတွေကို ရှေ့ပိုရောက်စေလိမ့်မယ်လို့ သမ္မတကြီးက ဆိုတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ တချို့သော ကိုယ်စားလှယ်တွေက တိုက်ပွဲတွေရဲ့ ချိန်ခွင်လျှာ အလှည့်အပြောင်းကို ဖန်တီးဖို့အတွက် တောင်းဆိုမှုက အရမ်းမများလောက်ဘူးလို့ သုံးသပ်ပြကြတယ်။ စတင်းဂါးလို ဒုံးကျည်လက်နက် အလက် ၅၀ ကနေ ၁၀၀ လောက်ရယ်၊ စစ်သုံးအဆင့် M4 အော်တိုမက်တစ် ရိုင်ဖယ်သေနတ် ထောင်ဂဏန်းလောက်ရယ် ရရင်တောင် စစ်အာဏာရှင်ကို ဖယ်ရှားရှင်းလင်းဖို့ လုံလောက်နေပြီလို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာက ပညာရှင် တစ်ဦးဖြစ်တဲ့ မိုက်ကယ် မာတင်က ရေးသားထားပါတယ်။

ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ PDFတွေကို လက်နက်ထောက်ပံ့မလဲ ဆိုတဲ့အပေါ် မူတည်ပြီး တကယ်တမ်း ကုန်ကျမယ့် စရိတ်ဟာ ဒေါ်လာ ၁ ဘီလီယံ အောက်လောက်သာ ရှိနိုင်ကြောင်း၊ ဒါဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို လတ်တလော ထောက်ပံ့ပေးနေတာတွေနဲ့ ယှဉ်လိုက်ရင် အတော်လေး သေးငယ်တဲ့ အစိတ်အပိုင်းလောက်သာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ ခေါင်းမူးစရာ ကောင်းလောက်အောင် ရှုပ်ထွေးနေနှင့်ပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံက စစ်မြေပြင်တွေဆီ နောက်ထပ် စစ်လက်နက်တွေ တင်ပို့ပေးဖို့ ဆိုတာက နိုင်ငံတကာ အမြင်မှာ သိပ်ပြီး ခံတွင်းမြိန်မယ့် ရွေးချယ်မှုတော့ မဟုတ်ပြန်ဘူး။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ အပါအဝင် ဒေသတွင်းကို လတ်တလော သွားရောက်ခဲ့တဲ့ နိုင်ငံတကာ အစိုးရ အရာရှိကြီးတွေကတော့ ရန်လို အကြမ်းဖက်မှုတွေကို ရပ်နားပြီး နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြဖို့ပဲ တစိုက်မတ်မတ် တိုက်တွန်းနေကြပါတယ်။

ကံမကောင်းစွာနဲ့ပဲ လက်ရှိ အခြေအနေတွေမှာ အပေါင်းလက္ခဏာ ဆန်လာစရာတွေ မတွေ့ရသေးတာ သေချာနေကြောင်း၊ တစ်ဖက်မှာလည်း မြန်မာ ပြည်သူတွေ ဖိနှိပ်ခံနေရတာတွေ ရှေ့ဆက် တွေ့မြင်နေရကြောင်း သတင်းထောက်တွေနဲ့ ဘန်ကောက်မှာ တွေ့ဆုံချိန်မှာ ဘလင်ကန်က ဆိုပါတယ်။ အမေရိကန် အနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို ကြံဆ စဉ်းစားနေမှာ ဖြစ်ပြီး မြန်မာကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တွန်းတင်ဖို့ ဖိအားပေးနိုင်တဲ့ တခြားနိုင်ငံတွေလည်း ရှိနေပါတယ်လို့ သူက ပြောကြားသွားခဲ့ပါတယ်။

(Washington Post သတင်းဌာနတွင် Ishann Tharoor ရေးသားထားသည့် Myanmar’s Junta Can’t Win the Civil War it Started ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။