Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

၂၀၂၂ ခုနှစ်ရဲ့ အလှုပ်ခတ်ဆုံး နိုင်ငံတကာ ခေါင်းကြီးပိုင်း သတင်းဖြစ်ရပ်များ

ဒီနှစ်ထဲမှာ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံ ပြည့်မြောက်တာတွေ၊ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးရဲ့ ရေချိန် အပြောင်းအလဲ ဖြစ်တာတွေ ကြုံခဲ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး ရပ်ဝန်းမှာ အပြောင်းအလဲတွေ ပေါင်းစုံဖြစ်ခဲ့ပြန်တယ်။

၂၀၂၂ ခုနှစ်ကတော့ ကမ္ဘာ့လူသားတွေကို ရသပေါင်းစုံ ပေးစွမ်းတဲ့ သတင်းဖြစ်ရပ်တွေ ချန်ထားပြီး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံ ပြည့်မြောက်တာတွေ၊ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးရဲ့ ရေချိန် အပြောင်းအလဲ ဖြစ်တာတွေ ကြုံခဲ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး ရပ်ဝန်းမှာ အပြောင်းအလဲတွေ ပေါင်းစုံဖြစ်ခဲ့ပြန်တယ်။ လောလောလတ်လတ် အနေနဲ့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်ဟောင်းကြီး ပီလီလိုမျိုး အထင်ကရ ပုဂ္ဂိုလ်တွေ ကြွေလွင့်ခဲ့ကြရတယ်။ ၂၀၂၂ ရဲ့ ဖြစ်ရပ်ပေါင်းစုံထဲမှာမှ ကမ္ဘာ့ မီဒီယာတွေရဲ့ သတင်းခေါင်းကြီးပိုင်းတွေကို အဓိက လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ အကြောင်းအရာ ၁၀ ခုကို ပြန်လည်စုစည်း ဖော်ပြလိုက်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၄ ရက်မှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်ကစလို့ ရုရှား-ယူကရိန်း စစ်ပွဲဟာ ၁၀ လကျော် ကာလအတွင်း ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေ့စဉ်ရက်ဆက် ဖော်ပြရတဲ့ သတင်း ဖြစ်လာတယ်။ စစ်ပွဲကြောင့် နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေး၊ စားနပ်ရိက္ခာနဲ့ လောင်စာစျေးကွက် စတဲ့ ကဏ္ဍပေါင်းစုံကို သက်ရောက် ထိခိုက်မှုတွေ ရှိလာတယ်။ ရုရှားဟာ ရက်အနည်းငယ် အတွင်းမှာ ကိယက်ဗ်မြို့တော်ထိ တက်သိမ်းပိုက်ဖို့ ယုံကြည်မှု အပြည့်နဲ့ စစ်ပွဲကို စတင်ခဲ့ပေမယ့် အကြီးအကျယ် လွဲချော်ခဲ့တယ်။ စစ်ပွဲကို အကြောင်းပြုပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပိုမို ကင်းကွာလာပေမယ့် ယူကရိန်းကို အကောင်းဆုံး ဦးဆောင်ပေးနေတဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြု ရွေးချယ်မှု ခံရတဲ့ထိ ပွဲလယ်တင့်ခဲ့ပါတယ်။ ဒီစစ်ပွဲဟာ ၂၀၂၃ ခုနှစ်ထိ ဆက်လက် ကူးစက်သွားမှာဖြစ်ပြီး ရပ်တန့်သွားမယ့် အလားအလာတွေလည်း လောလောလတ်လတ် မတွေ့ရသေးပါဘူး။

ကမ္ဘာ့ဖလား​ ဘောလုံးပြိုင်ပွဲ

အခုနှစ်မှာ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်နဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲလို နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးတွေ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကာတာမြေက ကမ္ဘာ့ဖလားလောက်တော့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို မရခဲ့ရိုး အမှန်ပါ။ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ကာတာ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်သံတွေ သောသောညံခဲ့သလို ပွဲစီစဉ်မှု ညံ့ဖျင်းကြောင်း ပြစ်တင်ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာ ရလဒ်တွေ၊ အလှည့်အပြောင်းတွေနဲ့အတူ ကမ္ဘာ့ဖလား သမိုင်းတလျှောက် အကောင်းဆုံး ပြိုင်ပွဲအဖြစ် ချီးကျူးမှုတွေလည်း ရှိခဲ့တယ်။ နိုင်ငံ လက်ရွေးစင် ၃၂ သင်းရဲ့ အားပြိုင်မှုတွေအပြီး နောက်ဆုံးမှာတော့ အာဂျင်တီးနားက သူတို့ရဲ့ သမိုင်းမှာ တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ဗြိတိန် ဘုရင်မကြီးရဲ့ ဈာပန

Public Service Announcement

Public Service Announcement

ဗြိတိန်က တော်ဝင်မိသားစုဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး သတင်းလူသားတွေ စာရင်းမှာ ခြွင်းချက်မရှိ ပါဝင်သူတွေ ဖြစ်ပါတယ်။ ဒီနှစ် စက်တင်ဘာလထဲမှာတော့ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ထီးဆောင်းမင်းအဖြစ် သတ်မှတ် ခံရသူ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်ဟာ အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ အရိုက်အရာကို သားတော် အိမ်ရှေ့မင်းသား ချားလ်စ်က ဆက်ခံပြီး ဗြိတိန်ရဲ့ ဘုရင်အသစ် ဖြစ်လာတယ်။ ဘုရင်မကြီး အဲလိဇဘက်သ်အတွက် ကျင်းပတဲ့ နိုင်ငံတော် ဈာပနဟာ ဗြိတိန်မှာသာ မကဘဲ တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ရတဲ့ အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်။ အမှတ်တရ တစ်ခုကတော့ ဗြိတိန် ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်ဟာ ဘုရင်မကြီး မကွယ်လွန်ခင် တစ်ရက်အလိုမှာ ရာထူးလက်ခံယူခဲ့ပြီး ဘုရင်မကြီးရဲ့ ဈာနပအပြီး သိပ်မကြာခင်မှာ နုတ်ထွက်ခဲ့ရခြင်းပါ။ ရာထူးသက်တမ်း ၄၆ ရက်သာ ကြာညောင်းခဲ့တဲ့အတွက် ထရက်စ်ဟာ ဗြိတိန်ရဲ့ သက်တမ်း အတိုဆုံး ဝန်ကြီးချုပ်ဆိုတဲ့ မနှစ်မြို့စရာ မှတ်တမ်းတစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ကိုဗစ် ကပ်ရောဂါ ဂယက်

ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုကြီးဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် ၂၀၂၂ မှာ ကွဲပြားမှုတွေ ရှိလာပါတယ်။ ထိရောက်တဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ ပိုမိုကောင်းမွန်လာတဲ့ ကုသမှု စနစ်တွေကြောင့် အသေအပျောက် အချိုးအစားက နည်းပါးသွားတယ်။ အခုနှစ်မှာ ကိုဗစ် ကူးစက်လူနာ အရေအတွက် သန်း ၆၀၀ စတင်ကျော်လွန်ခဲ့သလို သေဆုံးသူ ဦးရေလည်း ၆ သန်းကျော်လွန်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံအများစုက ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ အစီအမံတွေကို စတင် ဖြေလျှော့လာကြပြီး ကပ်ရောဂါ ကာလအလွန် စီးပွားရေး နာလန်ပြန်ထူဖို့ အားထည့်လာကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicron မျိုးကွဲသစ်တွေနဲ့ ပတ်သက်ပြီး မပေါ့ဆကြဖို့ သတိပေးထားဆဲပါ။ လောလောဆယ် အနေနဲ့ တရုတ်နိုင်ငံဟာ Omicron ဖိစီးမှုကို အလူးအလဲ ခံစားနေရပြီး ဆေးရုံဆေးခန်းတွေနဲ့ သင်္ချိုင်းတွေမှာ မနိုင်ဝန်ပိတဲ့ အခြေအနေတွေပါ ကြုံနေရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေ

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကြံ့ကြံ့ခံရင်း ဒုံးကျည်နဲ့ နျူကလီးယားလက်နက် နည်းပညာ စမ်းသပ်မှုတွေကို အစဉ်တစိုက် အရှိန်မြှင့်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေက အံ့ဩစရာ ကောင်းလောက်အောင် ထူထပ် များပြားလာတယ်။ ၂၀၂၂ ခုနှစ် ကုန်ဆုံးတဲ့ ဒီဇင်ဘာ ၃၁ ရက်ထိ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည် ၃ စင်း ပစ်ခတ်နေတုန်းပါပဲ။ တစ်နှစ်လုံး အတိုင်းအတာနဲ့ ပြန်ကြည့်ရင် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်တဲ့ ကိစ္စတွေဟာ သီတင်းပတ်တိုင်းနီးပါး ကြားနေရတဲ့ သတင်းမျိုးတောင် ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ စံချိန်တင် အရေအတွက်အဖြစ် ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ ဒုံးကျည် အစင်း ၉၀ နဲ့ ၁၀၀ ကြားလောက် ပစ်ခတ်ခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီထဲက တစ်စင်းဟာ အမေရိကန်ရဲ့ ဘယ်နေရာကိုမဆို ထိမှန်နိုင်လောက်တဲ့ အကွာအဝေးမျိုးထိ ပျံသန်းပြနိုင်ခဲ့တယ်။ နောက်ထပ် ဒုံးကျည် တစ်စင်းကတော့ ဂျပန် လေပိုင်နက်ပေါ်က ဖြတ်ကျော်သွားခဲ့ပါတယ်။

မျောက်ကျောက်ရောဂါ

၂၀၂၂ မှာ ကမ္ဘာ့ကျန်းမာရေး ကဏ္ဍကို ခြိမ်းခြောက်ခဲ့တာဟာ ကိုဗစ်ရောဂါ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ အစိတ်အပိုင်း တချို့မှာ Monkeypoxလို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားပြီး အသေအပျောက်တွေလည်း ရှိလာခဲ့တယ်။ ၂၀၂၂ တစ်နှစ်လုံးစာ အတိုင်းအတာအရ မျောက်ကျောက် ကူးစက်မှု ၈၃၀၀၀ ကျော် အတည်ပြု တွေ့ရှိခဲ့ပြီး နောက်ထပ် သံသယလူနာ ၁၀၀၀၀ နီးပါးလောက်လည်း ရှိခဲ့ပါတယ်။ ပြီးတော့ အနည်းဆုံး လူ ၂၄၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်။ မျောက်ကျောက်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ပျံ့နှံ့ ရောက်ရှိခဲ့တဲ့နောက် WHOက ဇူလိုင်လ နှောင်းပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး ပြဿနာကြီးအဖြစ် ကြေညာခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာ မျောက်ကျောက် ကူးစက်မှုတွေကတော့ အတော်လေး အရှိန်ပြန်လျော့သွားပါပြီ။ နောက်ပြီး Monkeypox ဆိုတဲ့ နာမည်က မလိုလားအပ်တဲ့ အနုတ်လက္ခဏာဆန်ဆန် သက်ရောက်မှုတွေ ရှိစေတာကြောင့် ရောဂါနာမည်ကို Mpoxလို့ ပြောင်းလဲ ခေါ်ဆိုစေဖို့ WHOက သတ်မှတ်လိုက်ပါတယ်။

အသေအပျောက်များတဲ့ မတော်တဆမှုတွေ

၂၀၂၂ ခုနှစ်ရဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေထဲမှာ လူပေါင်း ရာနဲ့ချီ အစုလိုက် သေဆုံးခဲ့ရတဲ့ မတော်တဆမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခု အနေနဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ဟောလိုဝင်းပါတီ ဆင်နွှဲရင်း လူတွေ အရမ်းကျပ်ညပ်ကုန်တာကြောင့် လူငယ်လူရွယ် အများစု အပါအဝင် ၁၅၀ ကျော် သေဆုံးခဲ့ခြင်းပါ။ ဒါတင် မကသေးဘဲ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားက ခန်ဂျူရူဟန် အားကစားရုံကြီးမှာ ပရိသတ်တချို့ ဆူပူမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းရာက လူတွေ အထိတ်တလန့် တိုးဝှေ့ ပြေးလွှားကြရင်း လူနင်းခံကြရလို့ ၁၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အောက်တိုဘာ လဆန်းပိုင်းက ကိစ္စကြောင့် အင်ဒိုနီးရှား အစိုးရ အနေနဲ့ အားကစားရုံတွေရဲ့ လုံခြုံရေး အစီအမံတွေကို ပြန်စိစစ် တင်းကျပ်ဖို့ အလေးအနက် စဉ်းစားလာရပါတယ်။ အောက်တိုဘာ လကုန်ပိုင်းမှာလည်း အိန္ဒိယက ကြိုးတံတား တစ်ခုပေါ်မှာ လူတွေ စုပြုံပြီး တက်ကြရာက ပျက်ကျသွားတာကြောင့် ဒေပါဝလီ ပွဲတော်ကာလ လည်ပတ်သူ ၁၃၀ ကျော် သေဆုံးခဲ့ရပါတယ်။ မတ်လ နှောင်းပိုင်းက အရှေ့တရုတ် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး ကွမ်ရှီးဒေသမှာ ပျက်ကျခဲ့ရာမှာလည်း လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၃၃ ဦးစလုံး ဖိတ်စဉ်ခဲ့ရပါတယ်။