Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကိုနိုင်ဝင်းနဲ့သူရဲ​ကောင်း​တွေကို ဂုဏ်ပြုခြင်း

ကိုနိုင်ဝင်းပါဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီက တိုက်ပွဲတစ်ခုဟာ ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကြားမှာ ဒီနေ့အထိ ပြောစမှတ်တွင်နေဆဲပါ။

ကိုနိုင်ဝင်း၏ ဓါတ်ပုံ
ကိုနိုင်ဝင်း၏ ဓါတ်ပုံ

တနေကုန်တိုင်ပြင်းထန်ခဲ့တဲ့ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးသွားလို့ ပျော်နေကြတဲ့ ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်က ဒေသခံတွေဆီ သတင်းဆိုးတစ်ခု ရုတ်တရက် ရောက်လာခဲ့ပါတယ်။

“ဒီတခါတော့ ကိုနိုင်ဝင်းပြန် မလာနိုင်တော့ဘူး။ သူတိုက်ပွဲမှာကျသွားပြီ”ဒေသကာကွယ်ရေးရဲဘော်တစ်‌ယောက်ဆီကဒီသတင်းကိုကြားကြားချင်း မထူးအိမ်တစ်ယောက် ချက်ချင်းပဲ ချုံးပွဲချငိုလိုက်မိပါတယ်။ ကိုနိုင်ဝင်းနဲ့ မထူးအိမ်ဟာ ဆွေမျိုးမတော်စပ်ပါဘူး။ကိုနိုင်ဝင်းဟာ ​ဒေသတွင်းအများက လေးစားအားကျရတဲ့ အရည်အချင်းတွေ ရှိသလို၊ လူချစ်လူခင်ပေါများတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးမို့ မထူးအိမ်ကလည်း လေးစား၊ချစ်ခင်နေတာပါ။

မအိမ်ထူးဟာ CDM ဝန်ထမ်းဖြစ်ပြီးအခုအခါမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလအုပ်ချုပ်ရေးအစီအစဉ်တွေမှာ တာဝန်အချို့ ထမ်းဆောင်နေသူပါ။ သူတို့နှစ်ဦးဟာ စစ်အာဏာရှင်ကို ရွံ့မုန်းတာနဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်နိုင်တဲ့အထိ ရရာလက်နက်နဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဘုံရည်မှန်းချက်တူညီကြတဲ့ ချင်းတွင်းမြစ်ဝှမ်းဒေသက တော်လှန်ရေး မောင်နှမလို့လည်း ပြောလို့ရပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုတွေကျူးလွန်တဲ့အခါမှာ မထူးအိမ်တို့ ဇာတိကနီမြို့နယ်အပါအဝင် ချင်းတွင်းမြေဝမ်းဒေသမှာ တော်လှန်ရေးသူရဲကောင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကိုနိုင်ဝင်းတစ်ယောက်လည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၃၃နှစ်အရွယ်ကိုနိုင်ဝင်းက ကနီမြို့နယ်သားဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်က လက်သမားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ သူ့မှာဇနီးနဲ့အတူ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ဦးရှိပါတယ်။ ၂၀၂၁ ‌ဖေဖော်ဝါရီလ စစ်တပ်က နိုင်ငံတော်အာဏာမသိမ်းခင် ရှေ့ကာလတုန်းရတော့ မိသားစုအတွက် သာမာန်ဝင်ငွေလေးနဲ့ ရှာဖွေဖြည့်ဆည်းရင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးရှိခဲ့သူပါ။ အနေအေးသူ၊ လူတိုင်းကို လေးစားစွာ ခရီးဦးကြိုပြုတတ်သူ၊ သနားကြင်နာတတ်သူ၊ မတရားမှုကို ရွံမုန်းသူ လက်သမားဆရာကိုနိုင်ဝင်းဟာ စစ်တပ်က ပြည်သူကို ရန်သူလို့ ဆက်ဆံလာချိန် ၂၀၂၁ နွေဦးမှာတော့ ပုခုံ​ပေါ်​ရောက်လာတဲ့ ​ခေတ်ဝန်ကို ထမ်းဖို့ သူလက်မတွန့်ခဲ့ပါဘူး။သူ့လက်စွဲတော် လွှတွေ၊ တူတွေကို ဘေးချလိုက်ပြီး သေနတ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ဇာတိမြို့က ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KLG PDF ကို ဝင်ခဲ့တယ်။ စစ်သင်တန်းတက်ပြီး သေနတ်ကိုင်ခဲ့တယ်။ ချင်းတွင်းမြစ်ဝှမ်းဒေသရဲ့ အဦးဆုံးတိုက်ပွဲဖြစ်တဲ့ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာတိုက်ပွဲမှာ ကိုနိုင်ဝင်းပါခဲ့တယ်။ သပြေအေးရွာတိုက်ပွဲဟာ ၂၀၂၁ ၊ ဧပြီလ ၂ရက်မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲဟာ အာဏာသိမ်းစစ်တပ်ကို ပြန်ခုခံတဲ့ ချင်းတွင်းမြစ်ဝှမ်းဒေသရဲ့ အဦးဆုံးတိုက်ပွဲအဖြစ် မှတ်တမ်းရှိနေပါတယ်။

“သူတိုက်တဲ့တိုက်ပွဲပေါင်းမရေတွက်နိုင်ဘူး။ ကနီဒေသရဲ့ တိုက်ပွဲတိုင်းနီးပါးသူပါတယ်။ အရမ်းလည်း သတ္တိရှိသလို ဦးဆောင်နိုင်စွမ်းလည်းရှိတယ်” လို့ KLG PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက‌​ပြောပြတယ်။

KLG-PDF တက်ဖွဲ့ဝင်များ
KLG-PDF တက်ဖွဲ့ဝင်များ

တိုက်ရည်ခိုက်ရည်ရော၊ ဦးဆောင်နိုင်စွမ်းပါရှိတဲ့ ကိုနိုင်ဝင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင်တပ်ရင်းတပ်ရင်း (၂၁)(KLG PDF)ရဲ့တပ်ခွဲမှူးဖြစ်လာပါတယ်။ တိုက်ပွဲတွေကို သူဦးဆောင်တိုက်တယ်။တနယ်လုံးက ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေက သူ့စကားကို အတိအကျနားထောင်တယ်။

ကိုနိုင်ဝင်းပါဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီက တိုက်ပွဲတစ်ခုဟာ ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကြားမှာ ဒီနေ့အထိ ပြောစမှတ်တွင်နေဆဲပါ။

နှင်းတွေ သိပ်သိပ်သည်းသည်းကျနေတဲ့ တမနက်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကိုနိုင်ဝင်းတို့ပါဝင်တဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ နေ့လယ်လောက်မှာ စစ် ကြောင်းပြန်ဆုတ်သွားပါတယ်။ ရှေ့တန်းကနေ တိုက်နေခဲ့တဲ့ ကိုနိုင်ဝင်းဟာ ရွာဆီ ပြန်ရောက်မလာဘဲပျောက်နေပါတယ်။ စစ်ကောင်စီစစ်ကြောင်းရဲ့ ကင်းပုန်းတွေကလည်း ရှိနေတာမို့ ကိုနိုင်ဝင်းကို စိတ်ရှိတိုင်းလိုက်ရှာလို့ မရခဲ့ကြပါဘူး။ ညနေစောင်းအထိ ပြန်မလာတာမို့ ကိုနိုင်ဝင်းတစ်ယောက် ကျဆုံး(သို့မဟုတ်)အဖမ်းခံလိုက်ရပြီလို့ အားလုံးက ​ကောက်ချက်ချလိုက်ကြပြီး မျှော်သူကမျှော်၊ ငိုသူကငိုနဲ့ ရှိနေခဲ့ပါတယ်။

ညနေ မှောင်ရီတရောမှာတော့ လူတစ်ဦးဟာခြေလှမ်းမှန်မှန်လှမ်းရင်း ရွာဘက်ဆီ ပြန်လာနေတာကို တွေ့လိုက်ကြရပါတယ်။ကိုနိုင်ဝင်းမှ ကိုနိုင်ဝင်းအစစ်ပါပဲ။ သူ့လက်ထဲမှာက ဒဏ်ရာရထားတဲ့ ‌ယုန်လေးတစ်ကောင်။ ရွာသူရွာသားတွေနဲ့ ရဲဘော်ရဲဘက်တွေဟာကိုနိုင်ဝင်းကိုဖက်ငိုကြပါတော့တယ်။

မနက်က တိုက်ပွဲမှာ စစ်ကောင်စီနဲ့အနီးကပ် ထိပ်တိုက်ရင်ဆိုင်တိုက်နေချိန် သူကိုင်တဲ့ ခါးချိုးသေနတ်က မဟန်လို့ ‌ခြုံပုတ်တစ်ခုထဲ ပြေးပုန်းခိုနေခဲ့ရကြောင်း၊ စစ်ကြောင်းနဲ့ အနီးဆုံးမှာ ရှိနေလို့ ထွက်မရခဲ့ကြောင်း၊ တိုက်ပွဲပြီးတော့လည်း ကင်းပုန်းတွေ ရှိနိုင်တာကြောင့် ဆက်ပုန်းနေခဲ့ရကြောင်း ကိုနိုင်ဝင်းက ပြန်ပြောပြခဲ့ပါတယ်။

သူပွေ့သယ်လာတဲ့ ယုန်လေးကတော့ စစ်ကောက်စီပစ်တဲ့လက်နက်ကြီးဟာ မြေပြင်ပေါ်အကျမှာ လွင့်စင်လာတဲ့ မြေကြီးခဲတွေ ထိမှန်သွားပြီး ဒဏ်ရာရခဲ့တာပါ။ ကိုနိုင်ဝင်းဟာ ဒဏ်ရာရယုန်လေးကို ပွေ့ပိုက်ပြီး တချိန်လုံး ပုန်းအောင်းနေခဲ့တာပါ။ အပြစ်မဲ့တဲ့ ယုန်လေးတစ်ကောင်ကို သူ မျက်နှာလွဲခဲပစ် မထားခဲ့ရက်ကြောင်းနဲ့ ယုတ်ကမ်းအကြမ်းဖက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ သူ့ခါးချိုးသေနတ်နဲ့ ရသလောက် ပစ်ခတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ကိုနိုင်ဝင်းကပြောပြပါသေးတယ်။

တိုက်ပွဲပေါင်းအလီလီနွှဲခဲ့တဲ့ တပ်ခွဲမှူးကိုနိုင်ဝင်းဟာသြဂုတ် ၁၀ ရက် ကနီမြို့နယ် ရှမ်းမြောင်းရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း ရှေ့ဆုံးကနေပါခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်က ပြည်သူတွေရှိရာဆီ စစ်ကြောင်းထိုးလာလို့ KLG PDF နဲ့ မဟာမိတ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲက မနက် ၆နာရီခန့်ကနေ မနက် ၁၁ နာရီခန့်အထိပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း တွေ၊မိုင်းတွေနဲ့တိုက်ခိုက်ခဲ့သလို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ကိုနိုင်ဝင်းကတော့ ထုံးစံအတိုင်း ရှေ့ဆုံးကနေ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။

KLG-PDF တက်ဖွဲ့ဝင်များ
KLG-PDF တက်ဖွဲ့ဝင်များ

ရှမ်းမြောင်းရွာနဲ့ရေလယ်ကျွန်းပျူရွာအနီးပတ်ဝန်းကျင်မှာ မနက်ကတည်းကစတဲ့ တိုက်ပွဲဟာ တစထက်တစ ပြင်းထန်လာပါတယ်။ စစ်ကောင်စီဘက်မှာလည်း သေဆုံးသူတွေ ရှိခဲ့ပါတယ်။ မနက် ၁၁ နာရီခန့်မှာတော့ ရှမ်းမြောင်းရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကိုနိုင်ဝင်းအနားမှာ ကျရောက်ပေါက်ကွဲသွားပါ‌တော့တယ်။ ကိုနိုင်ဝင်းဟာ ဝမ်းဗိုက်နဲ့လက်မှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျဆုံးသွားတာပါ။

အခုဆိုရင်တော့ကိုနိုင်ဝင်းဟာစစ်အာဏာရှင်တော်လှန်ရေးခရောင်းလမ်းရဲ့ လမ်းခုလတ်မှာ ကျဆုံးသွားခဲ့ပါပြီ။ သူပါဝင်ခဲ့တဲ့ ဩဂုတ်လ ၁၀ရက်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်းသေဆုံးပြီး ဆုတ်ခွာသွားခဲ့ပါတယ်။ ဖိနှိပ်ခံရတဲ့ ပြည်သူတွေက ခွေးလို့ ခေါ်တဲ့ စစ်ကောင်တပ်ဖွဲ့ဝင်တွေ တိုက်ပွဲမှာ သေတဲ့သတင်းကြားတိုင်း မအိမ်ထူးအပါအဝင်း ချင်းတွင်းမြေဝမ်းဒေသက ပြည်သူတွေ ‌ပျော်ကြတယ်။

ဒီတကြိမ်မှာတော့ သူတို့ အရင်လို စိတ်လိုလက်ရ မပျော်နိုင်ရှာကြတော့ဘူး။တိုင်းပြည်နဲ့ ပြည်သူရဲ့ ရန်သူကို တွန်းလှန်ရင်း သူချစ်တဲ့ ဇနီးနဲ့သမီးလေးကို ထားရစ်ခဲ့ရရှာတဲ့ ကိုနိုင်ဝင်းအတွက် ချင်းတွင်းမြေဝမ်းဒေသ တနေရာဟာ ကျဆုံးသွားတဲ့ သူရဲ​ကောင်းအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျနေရှာပါတယ်။​

နွေဦး​တော်လှန်​ရေးမှာ ကိုနိုင်ဝင်းလိုပဲ မျိုးဆက်သစ်​တွေအတွက်၊နိုင်ငံအနာဂါတ်အတွက် အာဏာလုစစ်အုပ်စုကိုခုခံ​တော်လှန်​နေကြတဲ့ ပြည်သူ့သား​ကောင်းသိန်းနဲ့ချီရှိသလို ကျဆုံးခဲ့တဲ့ သူရဲ​ကောင်း​တွေဟာလည်းနိုင်ငံတစ်ဝန် ရာ​ပေါင်းများစွာရှိခဲ့ပါပြီ ။​ရှေ့က ကျဆုံးသွားတဲ့သူရဲ​ကောင်း​တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ပိုပြင်းပြ ၊ခိုင်ကျည်တဲ့ ဆုံးဖြတ်ချက်​တွေနဲ့ သူရဲ​ကောင်း​တွေဟာ စစ်​ကောင်စီကို နည်းနည်းမှ​နောက်မတွန့်ဘဲ တိုက်ခိုက်​နေကြတဲ့အတွက် စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူဟာ ​သောင်း​ပေါင်းများစွာရှိ​နေပြီဖြစ်ပါတယ်။ဒါ​ကြောင့်လည်း ၁၉၅၈ ကတည်းက​ခေါင်းစဥ်မျိုးစုံ အကြာင်းပြချက်မျိုးစုံနဲ့ အာဏာအကြိမ်ကြိမ်သိမ်းပြီး ပြည်သူကိုစစ်ကျွန်ပြုခဲ့တဲ့ စစ်အုပ်စုဟာ သမိုင်းတစ်​လျှောက် အကြပ်တည်းဆုံးအ​ခြေအ​နေကို​ရောက်​နေပါပြီ။နိုင်ငံတစ်ဝန်း ၂ နှစ်ခွဲ​ကျော် ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ မရပ်မနားခုခံတိုက်ခိုက်မှု​ကြောင့် စစ်အုပ်စုဟာစစ်ပန်းသလို ၊ဘက်​ပေါင်းစုံအကြပ်အတည်း​ကြောင့် ​နေရာအများစုမှာ တိုက်စစ်က​နေ ခံစစ်အသွင်ဖြစ်သွားခဲ့ရပါပြီ။ ​ဒါ​ကြောင့်တော်လှန်​ရေး​ခေါင်း​ဆောင်​တွေက စစ်အုပ်စုဟာ အားအနည်းဆုံးအချိန်​ရောက်လာပြီး ပြည်သူ​တွေရဲ့ပန်းတိုင်နီးလာပြီး ပိုစည်းလုံးကြဖို့ ​တော်လှန်​ရေးမှာပိုပါဝင်ကြဖို့တစ်ညီတစ်ညွတ်တည်း တိုက်တွန်လာကြပါတယ်။

ဒါမှသာလျှင် ကိုနိုင်ဝင်းတို့လို ပြည်သူ့သား​ကောင်း​တွေရဲ့ဆန္ဒအ​ကောင်းဆုံးဖြည့်ဆည်း​ပေးရာ​ရောက်မှာလို့ မထူးအိမ်ကယုံကြည်​နေပါတယ်။

“မျိူးဆက်သစ်​တွေအတွက် စစ်အာဏာရှင်ကို နိုင်အောင်တိုက်ရမှာလို့ အမြဲပြောတတ်တဲ့သူ။ဒီတာဝန်ကို ကျွန်မတို့ပြည်သူတွေ ဆက်ယူသွားကြရမယ်” လို့ မထူးအိမ်က ဖွင့်ဟပါတယ်။

(ကိုနိုင်ဝင်း၏ ဓါတ်ပုံနဲ့ KLG-PDF တက်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KLG -PDF)

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။