စောနွေဦး/People’s Spring
ဧရာဝတီမြစ်အနောက်ခြမ်း မုံရွာ-ပုသိမ်လမ်းမကြီးပေါ်၌ ညနေ နေဝင်ချိန် မှောင်စပျိုးချိန်တွင်ဖြစ်၏။ ကားများ၊ဆိုင်ကယ်များဖြင့် လက်နက်မျိုးစုံကိုင်ထားသည့် ဒေသခံကာကွယ်ရေးတပ်များ စုရုံးရောက်ရှိလာကြသည်။သံပိုက်ကြီးငယ်များ ထမ်းလာသူများလည်းပါလာသည်။ အချို့က သံပိုက်များကို အဝတ်စများဖြင့် ပတ်ထားကြသည်။
ထိုသံပိုက်ကြီးများသည်ပြောင်းဟုခေါ်သည်လက်လုပ်လက်နက်ကြီးများဖြစ်သည်။ သံပိုက်များနှင့်အတူ အဖူးဟုခေါ်သည့် လက်လုပ် လက်နက်ကြီး ကျည်ဖူးများထည့်ထားသည့် အိတ်ကြီးများလည်းပါသည်ကိုတွေ့ရသည်။
“ဒီမှာ အဖူး ၆ ဖူး။ ပြောင်းက ၆၀ မမပြောင်း စခန်းမှာရှိတာ အကုန်ယူလာတာပဲ”ဟု ပုဆိုးခပ်တိုတိုဝတ်ထားသည့်ဒေသခံ ကာကွယ်ရေးတပ်သား(LDF)တစ်ဦးကပြောသည်။

သေနတ်မျိုးစုံကိုင်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် လက်လုပ် လက်နက်ကြီးများထမ်းလာသူများက မုံရွာ-ပုသိမ်လမ်းမကြီးပေါ်ရှိ ဈေးဆိုင်လေးရှေ့တွင် တစ်နာရီအတွင်း လူအပြည့်ဖြစ်သွားသည်။ ထိုနောက်အဖွဲ့ခေါင်းဆောင်များက တိုက်ခိုက်ရေးဗျူဟာကို အပြီးသတ်ဆွေးနွေးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အဖွဲ့လိုက်ခွဲလိုက်ကြသည်။

Public Service Announcement
ကာကွယ်ရေးတပ်သားများက အဖွဲ့လိုက် တာဝန်ကျရာနေရာများကို ဆက်လက်ချီတက်သွားကြသည်။ သံပိုက်ကြီးများသယ်ထားသည့် ကာကွယ်ရေးအဖွဲ့သားများလည်း သံပိုက်ကြီးများကိုထမ်းကာ ညအမှောင်ထဲကို တိုးဝင်သွားကြသည်။
ထိုမြင်ကွင်းသည် မကွေးတိုင်းမြောက်ပိုင်း၊ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ လက်အောက်ခံ ပျူစောထီး (ခေါ်) ပြည်သူ့စစ်များတပ်စွဲထားသည့်ရွာကို တိုက်ခိုက်ရန် ဒေသခံကာကွယ်ရေးတပ်များသားစုဝေးတိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်မှုအားကောင်းသည့် အညာဒေသတွင် စစ်လက်နက်ပစ္စည်းများရှားပါးမှုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်(Local PDF )များသည် လက်လုပ်လက်နက်များကို အဓိက အားထားနေရသည်။
ထိုထဲတွင် ကာကွယ်ရေးတပ်များ အားအထားရဆုံးမှာ မိုင်းများ နှင့် အဝေးပစ် လက်လုပ်လက်နက်ကြီးများပင်ဖြစ်တော့သည်။
လက်လုပ်လက်နက်ကြီးများသည် အညာဒေသတွင် (မကွေးနှင့် စစ်ကိုင်း) တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ(တော်လှန်ရေးနှစ်နှစ်ကျော်ကာလ) အရေးပါသော လက်
နက်များဖြင့် ရှိနေဆဲဖြစ်သည်။

လက်လုပ်လက်နက်ကြီးများသည် လက်နက်အစစ်များ မသုံးနိုင်သောကြောင့် ကာကွယ်ရေးအဖွဲ့များကိုယ်တိုင် လေ့လာသင်ယူပြီးအရေးပေါ်သုံးရသည့် လက်နက်များဖြစ်သည်ဟု စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့်ဆားလင်းကြီးဒေသအတွင်းလှုပ်ရှားနေသည့် Fighter Brotherhood Guerrilla Army ၏ တာဝန်ခံ သခင်ကြီးကပြောသည်။
“ဂန်း(သေနတ်)အစစ်တွေ မသုံးနိုင်တဲ့အဖွဲ့တွေအတွက်ကတော့ လက်လုပ်လက်နက်ကြီးတွေကို နတ်ဘုရားသဖွယ် ကိုးကွယ်ပြီး တိုက်ခိုက်နေကြရလို့ အရမ်းအရေးပါ
ပါတယ်ဗျ ။ ကုန်ကျစရိတ် နည်းတယ်။ ထိရောက်ပေါက်ကွဲမှုအားကောင်းတယ်။ တာဝေးကပစ်မှတ်ကို ၁မိုင်၊၁မိုင်ခွဲကနေပြီး ပစ်လို့ရတယ်။”ဟု အသက် ၂၅ နှစ်အရွယ် သခင်ကြီးက လက်လုပ်လက်နက်ကြီး၏ စွမ်းဆောင်နိုင်ရည်ကိုပြောသည်။
လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်လျှင် ရန်သူနှင့် အနီးကပ်မတိုက်ခိုက်ရ၍ လက်နက်အားနည်းသည့် ရဲဘော်များအတွက် အန္တရာယ်အထိုက်အလျောက်ကင်းသည်ဟုလည်း သူကသုံးသပ်သည်။ လက်နက်မလုံလောက်သူများအတွက် လက်လွှတ်၍ မရအောင် အရေးပါသည့်လက်နက်ဖြစ်သည်ဟုလည်းသူကဆိုလေသည်။

“အရေးပါတာကတော့ မပြောပါနဲ့ဗျာ ။ လက်လုပ်လက်နက်ကြီးတွေကို လက်လွှတ်လိုက်ရင်တော့ လက်နှစ်ဖက်နဲ့ လည်ပင်းပြေးညှစ်ဖို့ပဲ ရှိတော့တယ်ဗျာ”ဟု သခင်ကြီးက ဒေသခံကာကွယ်ရေးအဖွဲ့များအတွက် လက်လုပ်လက်နက်ကြီးများ၏ အရေးပါပုံကိုပြောပြသည်။
လုပ်လက်လက်နက်ကြီးများသည် စခန်းသိမ်းတိုက်ပွဲများ၊ရင်ဆိုင်တိုက်ပွဲများတွင် ကြိုတင်ပစ်ခတ်ခြင်း၊ မြေပြင်တိုက်ခိုက်ရေးသမားများကို ကာပေးခြင်းတို့ကို ပြုလုပ်ပေးလေ့သည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များတွင်သေနတ်အစစ်များရှိသော်လည်း စစ်ကောင်စီတပ်သားများက မမှုကြောင်း နှင့် လက်လုပ်လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လျှင်မူ စစ်သားများကို ထိတ်လန့်စေသည်ဟု Myingyan Black Tigerအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မနိုင်လျှင် လေယာဉ်ပစ်ကူ၊လက်နက်ကြီးပစ်ကူတောင်းသကဲ့သို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် လက်လုပ်လက်နက်ကြီးများသည်လည်း သူတို့အတွက်ပစ်ကူဖြစ်သည်ဟုသူကဆိုသည်။
“လက်နက်ကြီးတွေကြောင့် စကစရဲ့ အကြံအစည်တွေမအောင်မြင်ခဲ့ဘူး။ စကစရဲ့ အကြံအစည်တွေမအောင်မြင်ခြင်းကလည်းတော်လှန်ရေးရဲ့ အရွှေ့အပြောင်းတစ်ခုပါပဲ”ဟု ဗိုလ်မိုက်ခဲကပြောသည်။
သူတို့အဖွဲ့က လက်လုပ် လက်နက်ကြီး အမျိုးအစားတစ်ခုဖြစ်သည့် RPGကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။



လက်လုပ်လက်နက်ကြီးများပြုလုပ်မှုကို ကိုယ့်အစီအစဥ်ဖြင့် ကိုယ်အဖွဲ့လိုက်လေ့လာကြရသည်ဟုလည်း သူကပြောသည်။ ထိုအပြင် ထုတ်လုပ်အောင်မြင်သည့်အဖွဲ့များထံမှ နည်းပညာများပြန်လည်မျှဝေလက်ဆင့်ကမ်းရင်း လက်နက်ကြီးများ ထုတ်လုပ်နေကြခြင်းဖြစ်သည်ဟုသိရသည်။
“ကျနော်တို ထုတ်လုပ်မဲ့ အမျိုးစားရဲ့.လိုအပ်တဲ့ ပစွည်းတွေအရင် ရှာရတာပေါ့။ပြီးရင် ပထမ စမ်းသပ် ပစ်ကြတယ်။ အဆင်ပြေလို save (အန္တရာယ်ကင်း) ဖြစ်ရင်တိုက်ပွဲတွေမှာ အသုံးပြုကြတယ်။”ဟု ပခုက္ကူခရိုင်တပ်ရင်း ၁၄၊ တပ်ခွဲ ၂ မှ ရဲဘော်တစ်ဦးကပြောသည်။
ပြောင်းထဲကို ထည့်ပစ်ရသည့် အဖူးဟုခေါ်သည့် ကျည်ဖူးများကိုလည်း ကိုယ်တိုင် ပြုလုပ်ကြခြင်းဖြစ်သည်။ လက်နက်ကြီးကျည် ပြုလုပ်ခြင်းကို “အဖူးလုံး” သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကခေါ်သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ လက်လုပ်လက်နက်ကြီးပစ်သံနှင့် စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်သံကို အ
လွယ်တကူခွဲခြားနိုင်ကြသည်ဟု ဒေသခံများကပြောသည်။
မြိုင်မြို့နယ်ဒေသခံတစ်ဦးက “လက်လုပ်ပစ်သံက စကစပစ်တဲ့ လက်နက်ကြီးအသံနဲ့မတူးဘူး။ အက်ကွဲသံပါတဲ့ ဂျိမ်းဆိုတဲ့အသံ၊ ရွှီးရွှီးဆိုပြီး ပစ်သံလည်းကြားရတယ်”ဟု ပြောပါသည်။
လက်လုပ်လက်နက်ကြီးများပစ်ခတ်သံ၊ စမ်းသပ်ပစ်ခတ်သံများသည် ဒေသခံပြည်သူများအတွက် စစ်တပ်၏အန္တရာယ်များကို ကာကွယ်သည့်အသံဟု ဒေသခံလူထုက ယူဆကြသည်။ သို့သော် စစ်ကောင်စီတပ်လက်နက်ကြီးအသံကိုမူ ပြည်သူများအတွက် အန္တရာယ်ကျရောက်တော့မည်အသံဖြစ်သည်ဟု လူထုက ခံယူထားကြသည်။

လက်လုပ်လက်နက်ကြီးများမှာ ပစ်မှတ်တိကျမှုအားနည်းချက်ကြောင့် တသ်ခါတစ်ရံ ပစ်သည့်နေရာမရောက်ဘဲ မပစ်သည့်နေရာရောက်သည်လည်းရှိသည်။ထိုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်မည်ဆိုပါက လူထုကို အရင်တိမ်းရှောင်စေပြီးမှ စစ်တပ်တပ်စွဲရာ ၊စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာသို့ပစ်ခတ်ခြင်းဖြစ်၍ လုထုထိခိုက်မှု မရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ခရိုင်တပ်ရင်းတစ်ခုမှ ထောက်ပို့ရဲဘော်တစ်ဦးက လက်နက်အစစ်များမှာဈေးကြီးသလို အလွယ်တကူဝယ်မရသဖြင့်ဒေသကာကွယ်ရေးအဖွဲ့များမှာ ကိုယ်တိုင်ထုတ်လုပ် အသုံးပြုကုရခြင်းဖြစ်ကြောင်း ပြောသည်။
၇၉ ဟုခေါ်သည့် ၄၀ မမ ဗုံးပစ်လောင်ချာတလက်ပင် အညာဒေသတွင် ကျပ် သိန်း၁၅၀ မှ ၂၀၀ ကြားပေါက်ဈေးရှိသည်။ ၆၀ မမ ဗုံးသီးပစ်ခတ်နိုင်သည့် လက်နက်ကြီးတစ်လက်ကို ကျပ် သိန်း ၃၀၀ နီးပါးရှိသည်။ လက်နက်ကြီးပြောင်းများကို ဝယ်ယူနိုင်သည့်နိုင် ကျည်ဖူးများမှာလည်း အလွယ်တကူဝယ်ယူ၍ မရနိုင်ပေ။ ၄၀ မမ ဗုံးသီးတစ်လုံးကိုပင် ကျပ်တစ်သိန်းဝန်းကျင်ရှိနေသည်။
“လက်လုပ်လက်နက်ကြီးတွေက တော်လှန်ရေး အရွေ့တစ်ခုဖြစ်ခဲ့တယ်ဆိုတာတော့ ဆိုလို့ရပါတယ်ဗျ ။ ကျနော်တို့ တော်လှန်ရေးအင်အားအများစုက တော်လှန်ရေးအစမှာ လက်လုပ်လက်နက်ကြီးတွေကိုပဲ အဓိကထားသုံးခဲ့တယ် ပြီးတော့ ကျနော်တို့ ဒေသတွင်းမှာ လက်နက်ကိုင်အင်အားအများစုက ခုထိ လက်လုပ်လက်နက်ကြီးတွေကို တော်လှန်ရေးအရွေ့အတိုင်း အဆင့်မြှင့်တင်ပြီး တိုက်ခိုက်နေတာကို အခုကာလထိ တွေ့မြင်နိုင်ပါတယ်ဗျ။”ဟု စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးကပြောသည်။
၎င်းတို့အဖွဲ့သည် ထိုဒေသမှ လက်နက်ကြီးအဖွဲ့ပေါင်း ၁၃ ခုကျော်ကို စုပေါင်းထားခြင်းဖြစ်သည်။
လက်လုပ်လက်နက်ကြီးများပြုလုပ်ရာတွင် အလွယ်တကူပြုလုပ်နိုင်ခြင်းမဟုတ်ပေ။ အဆင့်ဆင့်စမ်းသပ်ပြီး ထုတ်လုပ်ရသည်။ လက်လုပ်လက်နက်ကြီးများ စမ်းသပ်မှုနှင့် ယမ်းချက်မှုကြောင့် မတော်တဆပေါက်ကွဲမှုများဖြစ်ပွားပြီး သေဆုံးရသည့် ရဲဘော်များလည်းရှိသည်။ ကိုယ်လက်အင်္ဂါပျက်စီးချို့ယွင်းခဲ့သည့် ရဲဘော်များလည်းမနည်းမနောရှိသည်။ ပစ်ခတ်စဉ်တွင်လည်း ပစ်ခတ်သည့် ပြောင်းမတော်တဆပေါက်ကွဲမှုနှင့် ကျည်ဖူးအနီးနားကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ကျဆုံးဒဏ်ရာရရှိသူများလည်းရှိသည်။
“လက်လုပ်ဟာ ရန်သူအရင် ပြုလုပ်တဲ့လက်ကိုဒုက္ခပေးတယ် ။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် အကြိမ်ကြိမ် လုပ်တဲ့လူဟာ စမ်းသပ်ရတယ် ။ စမ်းသပ်ကာလမှာ မအောင်မြင်ဘဲ အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေ၊ ဘဝပျက်သွားတဲ့ ရဲဘော်တွေ အများကြီးရှိပါတယ်။” ဟု သခင်ကြီးကအတွေ့အကြုံကိုပြောသည်။
လက်လုပ်များလုပ်ကိုင်ရာတွင် အန္တရာယ်ရှိမှန်း သိကြသော်လည်း ရဲရဲဝံ့ဝံ့ စမ်းသပ်ရင်း အသက်ကို စတေးကြခြင်းဖြစ်သည်ဟုလည်းသူကဆိုပါသည်။
“ ရန်သူကိုသတ်ဖို့ဆိုရင် အရင်ဆုံး သေရဲမှ ရမယ်လေ ။ သူတို့က ရန်သူကိုသတ်ဖို့အတွက် သူတို့ရဲ့ အသက်တွေကို စတေးလိုက်ကြတာပဲဗျာ ။ အသက်တွေ စတေးခဲ့တဲ့ရဲဘော်တွေကြောင့် လက်လုပ်တွေဟာ အောင်မြင်မှုတော်တော်လေးရလာခဲ့ပါပြီ ” ။
လက်လုပ်တင်မက လက်နက်အစစ်များပင် မတော်တဆမှုများဖြစ်တတ်သဖြင့် လက်လုပ်များက ပိုမို အန္တရာယ်များသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတစ်ညီတစ်ညွတ်တည်းပြောသည်။
“လက်လုပ်စမ်းသပ်ရင်း ကျဆုံးရဲဘော်တွေ၊ ဘဝပျက်သွားတဲ့ ရဲဘော်တွေ အများကြီးရှိပါတယ်။”ဟု စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ခေါင်းဆောင်ကပြောသည်။
လက်လုပ်စမ်းသပ်ရင်း မတော်တဆကျဆုံးရသည့်ရဲဘော်များအပြင် လက်လုပ်အတွင်း ထည့်သွင်းမည့် ယမ်းများချက်ရာတွင်ပင် မတော်တဆ ပေါက်ကွဲမှုကြောင့် ကိုယ်အင်္ဂါစွန့်လွှတ်သည့်ရဲဘော်များ၊ သေဆုံးရသည့်ရဲဘော်များလည်းရှိသည်။
မကွေးတိုင်းရှိအဖွဲ့တစ်ဖွဲ့တွင် ယမ်းချက်ရင်း ပေါက်ကွဲမှုကြောင့် ရဲဘော် ၇ ယောက် တပြိုက်နက်ကျဆုံးခဲ့ဖူးသည်ဟု အဆိုပါအဖွဲ့ခေါင်းဆောင်းကပြောသည်။ အန္တရာယ်ရှိသည့် လုပ်ငန်းဆောင်ရွက်ရာတွင် မတော်တဆဖြစ်နိုင်သည်ကို သိရှိပြီး ရဲဝံ့စွာ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သူကဆိုပါသည်။ ကျဆုံးသူများ၏ အမည်နှင့်အချက်အလက်များ ထုတ်ပြန်လိုခြင်းမရှိဟု သူကဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမှတ်(၁ )စစ်ဒေသအတွင်း ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ ဒီဇင်ဘာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃၆၁ ဦးနှင့် ဒဏ်ရာရရှိသူ ၄၇၆ ဦး ရှိသည်ထုတ်ပြန်ထားသည်။ အမှတ် (၁) စစ်ဒေသသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ပါဝင်သည်။
အထက်ပါကျဆုံးသူစာရင်းတွင် လက်နက်ကြီး မတော်တဆမှုကြောင့် ကျဆုံးဆုံးခဲ့ရသည့် ရဲဘော်များနှင့် ဒဏ်ရာရရှိသူ ပါဝင်ခြင်းရှိ၊မရှိကိုမူ မသိရသေးပေ။
လုပ်လက်လက်နက်ကြီးကို NUGလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ခရိုင်တပ်ရင်းများတွင်မူ အသုံးပြုမှုနည်းပြီး LDFဟုခေါ်သည့် ဒေသခံကာကွယ်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အဓိက အသုံးပြုကြခြင်းဖြစ်သည်။
LDFများသည် NUGနှင့်ချိတ်ဆက်မှုအားနည်းသောကြောင့် လက်နက်ကြီး မတော်တဆမှုကြောင့် ကျဆုံးသည့် ရဲဘော်များစာရင်းကို အတိအကျရနိုင်ရန်ခက်ခဲသည်ဟုသုံးသပ်ရသည်။
“အညာမှာ စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ ကျဆုံးတဲ့ရဲဘော်ထက်၊ လက်နက်ကြီး မတော်တဆ၊မိုင်းမတော်တဆကြောင့် ကျဆုံးတဲ့အရေအတွက်က ၃ ဆလောက်ပိုများတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှာ မြို့နယ်အဆင့်အရာရှိတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်ဖြင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း၌ ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး PDFတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးကလည်း လက်လုပ်လက်နက်ကြီးများသည် အန္တရာယ်ကြီးမား၍ အသုံးမပြုသင့်လက်နက်များဖြစ်သည်ဟု အကြံပြုသည်။
အန္တရာယ်ကြီးမားသော်လည်း လက်လုပ်သေနတ်များကိုအသုံးပြုပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲနေသည့် PDFများကို လေးစားဂုဏ်ယူသည်ဟု သူကဆက်ပြော
သည်။
ကာကွယ်ရေးတပ်သားများသုံးစွဲနေသည့်ပြောင်းများမှာ သံကျွတ်များဖြစ်ပြီး ပစ်ခတ်စဉ် ယမ်းပေါက်ကွဲအားဒဏ်နှင့်အပူချိန်ကို ဒဏ်ကို မခံနိုင်၍ ပြောင်းကွဲခြင်းဖြစ်ရခြင်းဖြစ်သည်ဟု နည်းပညာတက္ကသိုလ်တစ်ခုမှ စက်မှုအင်ဂျင်နီယာဌာနမှ CDMကျောင်းဆရာက သုံးသပ်သည်။ထိုကြောင့်အပူချိန် နှင့် ဖိအားဒဏ်ကို ခံနိုင်ရည်မြင့်သည့် သံများကို အဓိကထားသုံးသင့်သည်ဟု၎င်းက အကြံပြုသည်။

လက်လုပ်လက်နက်ကြီးများကို အန္တရာယ်ကြားက သုံးစွဲ တိုက်ပွဲဝင်နေသည် ကာကွယ်ရေးတပ်ဖွဲ့များအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ ဘဏ္ဍာငွေကြေးလိုအပ်ချက်ပင်ဖြစ်သည်။
အဖူးတစ်လုံးကို ထုတ်လုပ်ရာတွင် ကျပ်ငါးသောင်း မှ ကျပ် တစ်သိန်းထိကုန်ကျပြီး အလှူငွေရရှိမှုနည်းလာခြင်းကြောင့် တော်လှန်ရေးအစပိုင်းကဲ့သို့ ပေါများစွာမသုံးနိုင်တော့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
လက်လုပ်လက်နက်ကြီးပြောင်း တစ်ချောင်းလျင်ကျပ်တစ်သိန်းဝန်းကျင်ခန့်ကုန်ကျသည်။
ထိုကြောင့် စာရိတ်နည်းနည်းဖြင့် စစ်ကောင်စီကိုတိုက်ခိုက်နိုင်ရန်မှာ လက်လုပ်လက်နက်ကြီးများထက် စာရိတ်ပိုသက်သာသောလက်နက်မရှိဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောကြသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ အများစုက ၆၀ မမ ကို အဓိကထုတ်လုပ်အသုံးပြုကြသည်။
လက်လုပ်လက်နက်ကြီးများမှာ ပစ်မှတ်တိကျမှု ၊ ပစ်မှတ်သို့ရောရှိမှု တို့တွင် အားနည်းနိုင်ပြီး ရန်သူကိုခြောက်လှန့်ရန်အတွက် ပိုအသုံးတည့်နိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ထုတ်လုပ်အသုံးပြုရာတွင် အန္တရာယ်လည်းရှိသောကြောင့် ဖြစ်နိုင်ပါက လက်နက်အစစ်များအသုံးပြုနိုင်အောင်ပိုကြိုးစားရန် ၊လက်နက်ကြီးအောင်မြင်စွညထုတ်လုပ်နိုင်သော ပိုအဆင့်မြင့်လာသောနည်းပညာကို PDF အချင်းချင်းမျှဝေနိုင်ပါက အန္တရာယ်လျော့ပါးပြီးပိုမိုထိရောက်လာမည်ဟု ၎င်းကအကြံပြုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ ၆၀ မမများအောင်မြင်စွာထုတ်လုပ်နိုင်နေပြီး နည်းပညာများကိုလည်းလက်ဆင့်ကမ်းဖြန့်ဝေပေးနေကြောင်း တာဝန်ရှိသူတစ်ဦးကပြော
သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ စစ်ရေးတာဝန်ရှိသူကမူ ဒေသကာကွယ်ရေးအဖွဲ့များမှာ သီးခြားတစ်ဖွဲ့ခြင်းရပ်တည်ပါက လက်နက်ရရှိမှု ၊ထုတ်လုပ်မှု ၊စစ်တပ်ကိုတိုက်ခိုက်နိုင်မှု၊ရန်ပုံငွေရရှိမှုစသည်တို့တွင် အားနည်းနိုင်၍ NUG ၏ကာကွယ်ရေးဝန်ကြီးဌာန ၏ COC (Chain of Command )အောက်သို့ ဝင်ရောင်သင့်ကြောင်းအကြံပြုသည်။
သို့သော် NUG ၏ COC အောက်သို့ဝင်ရန်မှာ စံသတ်မှတ်ချက်များမြင့်မားသလို ၊ ဘဏ္ဍာငွေထောက်ပံ့မှုတွင် လုံလောက်စွာမထောက်ပံ့နိုင်သေးဘဲ ၊ တစ်ဖွဲ့ချင်းစစ်ရေးလွတ်လပ်စွာ မလှုပ်ရှားနိုင်သေးခြင်းစသည်တို့ကြောင့် အဖွဲ့အချို့မှာ ဝင်ရောက်ရန်အခက်အခဲရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့အချို့မှတာဝန်ရှိသူများကပြောသည်။
စစ်ကောင်စီတပ်ကိုအမြစ်ဖြတ်နိုင်ရန်မှာ ထင်သလိုတိုက်ခိုက်၍ မရဘဲ စစ်နည်းဗျူဟာ၊မဟာဗျူဟာအရ COC ဖြင့် စနစ်တကျ တိုက်ခိုက်ရန်လိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ စစ်ရေးတာဝန်ရှိသူကရှင်းပြသည်။
သို့သော်လည်း လက်ရှိအချိန် လက်လုပ်လက်နက်ကြီးများသည် ရန်သူကို ထိရောက်စွာဟန့်တားနှောက်ယှက်နိုင်သေးသလို စစ်ကောင်စီတပ်သားများကိုလည်း သုတ်သင်နိုင်သေးသည်ဟု ကာကွယ်ရေးတပ်သားများကဆိုသည်။
“ကျည်တစ်တောင့်က တစ်သောင်းကျော်တန်တယ်။ ဒါက စစ်ကောင်စီတပ်သားတစ်ယောက်ကို တစ်ချက်တည်းနဲ့မသတ်နိုင်ဘူး။လက်နက်ကြီးတွေက တစ်ချက် ချက်ကောင်းရရင် ၅ဘယောက်လည်းဟုတ်တယ်။ ၁၀ ယောက်လည်း ဟုတ်တယ်”ဟု ပခုက္ကူခရိုင်အတွင်းရှိ ပျူရွာကို တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။ သို့သော်စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
ပခုက္ကူမြို့နယ်မှ ပျူရွာကို တိုက်ခိုက်စဉ်က လက်နက်ကြီးအဖွဲ့ သုံးဖွဲ့က ဝိုင်းဝန်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှင့် ပျူစောထီး ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
တိုးတက်မှုတစ်ခုမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်လက်နက်ကြီးပစ်ခတ်ရာတွင် မတော်တဆဖြစ်ပွားမှု လျော့နည်းလာသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ လက်နက်ကြီးများ ပြုလုပ်ရာတွင် အဆင့်မြင့်လာခြင်း နှင့် နည်းပညာမျှဝေမှုကြောင့် ထိခိုက်မှု လျော့နည်းလာခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဝင်များကဆိုသည်။
“လက်လုပ်လက်နက်ကြီးတွေက အန္တရာယ်ဖြစ်မှန်းသိပါတယ်။ ဒါပေ့မယ် လက်နက်အစစ်မှ မရှိတာ။ရှိတာနဲ့ ဖြစ်အောင်လုပ်ရတာပဲ။ ဖြစ်နိုင်ရင် ဒီ ေးတွေကို လက်နက်အစစ်တွေ သုတ်သင်ချင်တာပေါ့”ဟု တော်လှန်ရေးရဲဘော်တစ်ဦးကဆိုလေသည်။ ။
