Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တရုတ်ပုဂ္ဂလိက လုံခြုံရေးတွေ စိမ့်ဝင်လာနိုင်ခြင်းရဲ့ အလားအလာ

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း၊ အထူးသဖြင့် အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ နိုးကြားလာတဲ့ အခါမှာတော့ တရုတ်ဟာအဲဒီ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရပြန်ပါတယ်။

တရုတ်ပုဂ္ဂလိက လုံခြုံရေးတွေ စိမ့်ဝင်လာနိုင်ခြင်းရဲ့ အလားအလာ
တရုတ်ပုဂ္ဂလိက လုံခြုံရေးတွေ စိမ့်ဝင်လာနိုင်ခြင်းရဲ့ အလားအလာ

– စိုင်း​ဒီပထွန်း/People’s Spring

အာဏာသိမ်း စစ်အုပ်စုကို အခြိမ်း​ခြောက်နိုင်ဆုံးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုကြောင့် ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာ ယာယီအပစ်အခတ် ရပ်စဲသွားခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေး ကာလတလျှောက် နိုင်ငံရေး လေ့လာသူတွေ အစဉ်တစိုက် မေးခွန်းထုတ်ခဲ့တာက မြန်မာ့ ပြည်တွင်းရေးမှာ တရုတ်ရဲ့ စွက်ဖက်နိုင်မှုက ဘယ်လောက်ထိ နက်ရှိုင်းနေသလဲ၊ စစ်အာဏာရှင်တွေ ပြိုကျရေး အလားအလာမှာ တရုတ်ရဲ့ သက်ရောက်မှုက ဘယ်လောက် ရှိနိုင်သလဲ ဆိုတာတွေပါပဲ။

ဒါပေမဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခ နယ်မြေတွေမှာ ရှိနေတဲ့ တရုတ်ရဲ့ (အထူးသဖြင့် ကြေးနီ နဲ့ နီကယ် သတ္တု တူးဖော်ရေးဆိုင်ရာ) ဧရာမ စီမံကိန်းကြီးတွေအကြောင်း၊ အဲဒီ စီမံကိန်းကြီးတွေရဲ့ လုံခြုံရေး အစီအမံတွေအတွက် ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတဲ့အကြောင်းတွေကိုတော့ အတော်လေး အာရုံစိုက်ခံရတာ နည်းပါတယ်။

Global Dataရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အကြီးဆုံး သတ္တုမိုင်းတွင်း ငါးခု စာရင်းမှာ ပါဝင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း၊ ကြေးစင်တောင် ကြေးနီ စီမံကိန်းနဲ့ တကောင်းတောင် နီကယ် စီမံကိန်းတွေဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ဝမ်ပေါင် သတ္တုတူးဖော်ရေး လုပ်ငန်း အပါအဝင် တရုတ် အစိုးရပိုင် စီးပွားရေး လုပ်ငန်းစုရဲ့ ဖက်စပ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။ အဲဒီ တရုတ်ရဲ့ သတ္တုတူးဖော်ရေး စီမံကိန်း သုံးခုဟာ ၂၀၅၁၊ ၂၀၂၈ နဲ့ ၂၀၃၂ ခုနှစ်တွေအထိ လုပ်ပိုင်ခွင့်တွေ အသီးသီး ရရှိထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာ မသိမ်းလိုက်ခင်ထိ အဲဒီ သတ္တုတူးဖော်ရေး လုပ်ငန်းတွေဟာ ဒေသခံတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အကြောင်းကတော့ အဲဒီ ကုမ္ပဏီတွေက သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေတွေကို ထည့်သွင်း စဉ်းစားတာမျိုး အရမ်းနည်းသလို လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေလည်း မျက်ကွယ် ပြုခဲ့တဲ့ အတွက်ကြောင့်ပါ။ အဲဒီ အချိန်တွေတုန်းက ဒေသခံ လူ့အဖွဲ့အစည်းတွေထဲမှာ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အရမ်း နိုးကြားနေမှာကို တရုတ် အစိုးရက စိုးရိမ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း၊ အထူးသဖြင့် အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ နိုးကြားလာတဲ့ အခါမှာတော့ တရုတ်ဟာအဲဒီ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရပြန်ပါတယ်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)ရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်ထိ အတောအတွင်း တရုတ် ပရောဂျက်တွေ တည်ရှိနေတဲ့ လုပ်ငန်းဧရိယာတွေ တဝိုက်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေ အကြိမ်ပေါင်း ၂၂၄၈ ခု ဖြစ်ပွားခဲ့တယ်လို့ ဆိုရပါတယ်။ ISP Myanmarရဲ့ အချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်ဟာ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ အထူထပ်ဆုံး စံချိန်တင် ပေါ်ပေါက်ခဲ့ရာ ကာလအဖြစ် ရှင်းရှင်းလင်းလင်း ညွှန်ပြနေပြီး တရုတ် စီမံကိန်းတွေ တည်ရှိတဲ့ ဧရိယာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။

ဥပမာ စက်ရုံလည်ပတ်ဖို့ လိုအပ်တဲ့ ဓာတ်အားပေး စက်ရုံလို နေရာတွမှာ အပျက်အစီးတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေမျိုးတွေဟာ ၂၀၂၃ ခုနှစ် မေလထိ နောက်ပိုင်းကာလတွေမှာ အကျပိုင်းဆီ ပြန်ဦးတည်သွားပါတယ်။ ဒေသခံ သတင်းတွေကို ဆန်းစစ်ကြည့်ရင် အဲဒီ စီမံကိန်းကြီး သုံးခု တည်ရှိရာ နယ်မြေတွေမှာ တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဆိုတာကို အတည်ပြုနိုင်ပါတယ်။

▪︎ရှုပ်ထွေးတဲ့ လုံခြုံရေး ကွန်ရက်များ

အာဏာသိမ်းမှု နောက်ပိုင်းကတည်းက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့နောက် အာဏာသိမ်း စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံနေတဲ့ တရုတ်အပေါ် အနုတ်လက္ခဏာဆန်တဲ့ အမြင်မျိုးတွေ ရှိခဲ့ပါတယ်။ တရုတ် အလံကို မီးရှို့ခဲ့တဲ့ လှုပ်ရှားမှုမျိုးတွေက မြင်သာတဲ့ ဥပမာ တစ်ခုပါ။ အဲဒီ ကာလတွေအတွင်း ရှိရင်းစွဲ သတ္တုမိုင်းတွင်း တူးဖော်မှုစီမံကိန်းတွေ ဆိုင်းငံ့ထားပေမယ့် အချက်အလက်တွေအရ တရုတ်ဟာ အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့ကြောင်း ညွှန်ပြနေပါတယ်။

ပိုပြီး အရေးကြီးတာက သတ္တုတူးဖော်တဲ့စီမံကိန်း ဧရိယာတွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားခြင်းက နေပြည်တော် နဲ့ ဘေဂျင်းကြားက ဆက်နွှယ်မှုတွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တရုတ် စီမံကိန်းတွေမှာ တပ်တွေ ဖြန့်ထားတာဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ မူဝါဒအတိုင်း ကျင့်သုံးတာ ဖြစ်တယ်လို့ စစ်​ကောင်စီက ဆိုတယ်။ ဒါပေမဲ့လည်း စစ်​ကောင်စီတပ်တွေဟာ စီမံကိန်း ဧရိယာတွေကို ကျော်လွန်ပြီး စစ်ရေး လှုပ်ရှားတာတွေ ရှိခဲ့တယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အခါ သူတို့ဖက်က စတာမဟုတ်ပါဘူးလို့ အာဏာသိမ်းစစ်တပ်က ငြင်းဆိုလေ့ ရှိပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေက သူတို့ ရည်မှန်းထားတာဟာ မြန်မာ စစ်တပ်တွေကို အဲဒီ နယ်မြေကနေ မောင်းထုတ်ဖို့ပဲ ရည်ရွယ်ပြီး တရုတ်စီမံကိန်းတွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ဖြေရှင်းကြတယ်။ ဒါပေမဲ့ လက်ပန်းတောင်း တောင်မှာ ဖြစ်ပွားတဲ့ ရှော့တိုက်ဒုံး တိုက်ခိုက်မှု ဖြစ်စဉ်အပြီး မြန်မာ ဝမ်ပေါင် ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သဘောထား အရတော့ လက်ရှိ ပဋိပက္ခမှာ ကုမ္ပဏီအနေနဲ့ ဝင်ရောက် ပတ်သက် ဆက်နွှယ်ဖို့ ဆန္ဒမရှိကြောင်းနဲ့ မိုင်းတွင်း တူးဖော်မှု လုပ်ငန်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ရပ်နားထားခဲ့တယ်လို့ဆိုခဲ့ပါတယ်။

ဒါ​ပေမယ့် စီမံကိန်းလုံခြုံ​ရေးဆိုတဲ့တပ်​တွေအနီးဝန်းကျင်ကရွာ​တွေကပြည်သူ​တွေကို ဖမ်းဆီးသတ်ဖြတ်တာ ၊​နေအိမ်​တွေကို မီးရှို့ဖျက်ဆီးတာ​တွေ လုပ်ခဲ့ပါတယ်။ အဲစစ်​ကောင်စီတပ်ကို ​အစားအ​သောက်နဲ့ ရိက္ခာ​တွေ​ထောက်ပံ့ပြီး စီမံကန်းဧရီယာ ထဲမှာ​နေထိုင်ခွင့်​ပေးတဲ့တရုတ်ရဲ့ရပ်တည်ချက်ကို​တော်လှန်​ရေူအဖွဲ့​တွေက ​မေးခွန်းထုတ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ စစ်ကိုင်းတိုင်းထဲမှာ ထိန်းချုပ်နယ်မြေတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ရရှိလာနေကြောင်း သတင်းတချို့က ဖော်ပြနေပေမယ့် လေ့လာသူတချို့ကတော့ NUGဟာ ဒေသခံ တော်လှန်ရေး အင်အားစုတွေကို စုစည်း ဦးဆောင်ဖို့၊ ထိန်းချုပ်ဖို့ စနစ်တွေနဲ့ ပတ်သက်ရင် စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပြောကြပါတယ်။ အဲဒီလိုမျိုး ရှုပ်ထွေးတဲ့ ဆက်ဆံရေး ကွန်ရက်တွေဟာ တရုတ် အတွက်လည်း မသေချာမှုတွေ၊ စိန်ခေါ်မှုတွေကို ကြုံလာစေတယ်။ အရင်တုန်းကဆိုရင် တရုတ်ဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာတွေမှာ တည်ငြိမ်မှု ရရှိစေဖို့အတွက် ဒေသခံတွေ၊ လူမှု အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်း နှီးနှောလေ့ ရှိတယ်။

ဒါပေမဲ့ လက်ရှိ စီမံကိန်းဧရိယာတွေထဲမှာတော့ NUGရဲ့ ပျံ့နှံ့ တည်ရှိမှု၊ ဒေသခံ တော်လှန်ရေး အင်အားစုတွေရဲ့ အခြေအနေ၊ သဘောထားတွေကို ထဲထဲဝင်ဝင် အနုစိတ်

ပုံဖော်ဖို့အတွက်က တရုတ် လုပ်ငန်းစုတွေအတွက် အတော့်ကို ခေါင်းစားစရာ ဖြစ်နေပါတယ်။ အဲဒီတော့ မရေမရာ အခြေအနေတွေကို ကျော်လွှားပြီး ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုရင် တရုတ်က ဖြေရှင်းမှု နည်းလမ်းတစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာနိုင်​ခြေရှိ​နေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံထဲကို တရုတ် ပုဂ္ဂလိက လုံခြုံရေးကန်ထရိုက်တာ (PSC)တွေ ခေါ်သွင်းလာဖို့ဆိုတဲ့ စဥ်းစားချက်ပါပဲ။

▪︎ပြည်တွင်းရောက်ရှိနေတဲ့ တရုတ်ရဲ့ ပုဂ္ဂလိကလုံခြုံရေးကန်ထရိုက်တာ-PSCတွေရဲ့ အခြေအနေများ

တရုတ်ရဲ့ ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်း-PSCတွေမြန်မာနိုင်ငံထဲ ရောက်နေတာ အချိန်အတိုင်းအတာ တစ်ခုစာလောက် ကြာခဲ့ပြီးပါပြီ။ ဥပမာ ပြရရင် အဲရစ် ပရင့်စ်ရဲ့ Frontier Services Groupလိုမျိုးပေါ့။ ဒါပေမဲ့ အာဏာသိမ်းမှုအလွန် ကာလတွေအတွင်း မြန်မာနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ PSC တွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်တွေက ကွဲပြားမှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှု အခြေအနေက တရုတ်-ပါကစ္စတန် နယ်စပ် စင်္ကြံ ၊ အာဖရိကနဲ့ အလယ်ပိုင်းအာရှ ဒေသတွေမှာ တရုတ်က ဖြန့်ကျက်နေတဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု မဟာစီမံကိန်း (BRI)တို့မှာ ကြုံနေရတာတွေနဲ့ အတော်လေး ဆင်တူသလို ရှိနေပါတယ်။ အဲဒီကုမ္ပဏီ က လုံခြုံ​ရေးဝန်ထမ်း​တွေဟာ တရုတ်စစ်တပ်က အငြိမ်းစား​တပ်ဖွဲ့ဝင်​တွေ ပါဝင်​လေ့ရှိပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေထက် တရုတ်ရဲ့ ထိန်းချုပ်မှုအောက် PSCတွေသာ ဝင်ရောက်လာမယ့် သဘော ရှိပါတယ်။ ရှိရင်းစွဲ လုပ်ငန်း လည်ပတ်နေတဲ့ PSCတွေရဲ့ အနေအထားနဲ့ ချိန်ထိုးကြည့်တဲ့အခါ မြန်မာနိုင်ငံရောက် တရုတ် PSCတွေကလည်း ဖောက်သည်ဖြစ်တဲ့ သတ္တု တူးဖော်ရေး ကုမ္ပဏီတွေဖက်က တောင်းဆိုတာတွေကို ဖြည့်ဆည်းဖို့ ဘာမဆို လုပ်မယ့် သဘောပါပဲ။

မြန်မာနိုင်ငံထဲမှာ တရုတ် PSCတွေ လုပ်ငန်း ဆောင်ရွက်နိုင်မှု ဖြစ်တန်ခြေ သုံးခုရှိပါတယ်။

ပထမဆုံး တစ်ခုကတော့ ဒေသခံ PSCတွေနဲ့ ပူးပေါင်းပြီး သင်တန်းပေးတာ၊ အရင်းအမြစ်တွေ ထောက်ပံ့တာမျိုးပါ။ အရေးကြီးတဲ့ အချက်တစ်ခုက တရုတ် PSCတွေရဲ့လုပ်ထုံးလုပ်နည်းအရ အိမ်ရှင်နိုင်ငံရဲ့ သတ်မှတ် ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်း PSCတွေအတွက် စည်းမျဉ်းတွေ သတ်သတ်မှတ်မှတ် မရှိပါဘူး။ ရှိနေတဲ့ ပြင်တွင်း PSCတွေကလည်း မြန်မာစစ်တပ်ရယ်၊ စစ်တပ်နဲ့ ပလဲနံပသင့်တဲ့ ပြည်သူ့စစ်တွေရယ်နဲ့ ဆက်စပ်နေပြီး အန္တရာယ်များတဲ့ လုံခြုံရေး ဧရိယာတွေထဲမှာ တာဝန်ယူနေတတ်တယ်။ အဲဒီ အစုအဖွဲ့တွေနဲ့ ပူးပေါင်းခြင်းဟာ တရုတ်ကို နိုင်ငံရေးအရ မျက်နှာပျက်စရာတွေ ရှိလာစေနိုင်တယ်။

ဒုတိယ ဖြစ်တန်ခြေကတော့ စီမံကိန်း နယ်မြေတွေမှာ ဖြန့်ကျက်ထားတဲ့ (စစ်​ကောင်စီတပ်) လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း တပ်ဖြန့်တာမျိုးပါ။ ဒါပေမဲ့လည်း လတ်တလော နယ်စပ် ​ဒေသတွေမှာ ဖြစ်ခဲ့တဲ့ ​အွန်လိုင်းမှ ​ငွေလိမ်လည်မှု-ကျာဖျင့် လိုအကြောင်းကိစ္စတွေအပြင် တရုတ်အစိုးရက မြန်မာ စစ်အာဏာရှင်တွေနဲ့ စည်းခြားထားလိုတဲ့ သဘောထားမျိုး ရှိတာကြောင့် အဲဒီ ဖြစ်နိုင်ခြေမျိုးက အလားအလာ နည်းလွန်းပါတယ်။

နောက်ဆုံး တစ်ခုကတော့ ပါကစ္စတန်မှာ ဒေသခံ PSCတွေနဲ့အတူ လက်တွေ့ လေ့ကျင့်ပစ်ခတ်တဲ့ သင်တန်းမျိုးတွေမှာ ပါဝင်နေတာမျိုးအစား မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် PSCတွေဟာ ဒေသတွင်း အရေးကိစ္စတွေနဲ့ ပတ်သက် ဆက်နွှယ်တဲ့ အင်အားစု အားလုံးကို နားလည်သိရှိအောင် ကြိုပြင်ဆင်ထားခြင်းပါပဲ။ လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစောဆုံး ထိတွေ့ သိရှိသူတွေ ဖြစ်လာခြင်းအားဖြင့် အဲဒီ PSCတွေဟာ တရုတ် အစိုးရအတွက် တန်ဖိုးမဖြတ်နိုင်တဲ့၊ လက်ဦးမှု ရစေနိုင်တဲ့၊ မြေပြင် အခြေအနေမှန်ကို ထင်

ဟပ်စေတဲ့ သတင်း အချက်အလက်တွေ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ရလဒ် အနေနဲ့ တရုတ်ဟာ တခြားနိုင်ငံတွေ အလွယ်တကူ မရနိုင်တဲ့ ထူးကဲတဲ့ အတွေးအမြင်တွေကို မဟာဗျူဟာကျကျ ရရှိထားစေမယ့် အကျိုးကျေးဇူးမျိုးကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

▪︎ဆန်းစစ်ကြည့်ရမယ့် ဆက်နွှယ်ပတ်သက်မှုများ

တရုတ် PSCတွေကို အသုံးတွင်ကျယ်လာတဲ့ ကိစ္စဟာ အနောက်နိုင်ငံတွေမှာလည်း လုံခြုံရေး ရှုထောင့်ကနေ ငြင်းခုံစရာ ဖြစ်နေပါတယ်။ တရုတ် PSCတွေရဲ့ လုပ်ငန်း ဆောင်ရွက်တွေက ရှုပ်ထွေးပြီး အဲဒီ ကုမ္ပဏီတွေရဲ့ ဖြန့်ကျက် တည်ရှိမှုကလည်း ခန့်မှန်းလို့ မရတဲ့ သဘောသဘာဝတွေ ရှိတတ်တာကြောင့် လက်တွေ့ အသုံးမပြုခင် ထောင့်စေ့အောင် ကြိုတင် စဉ်းစားဖို့ လိုပါတယ်။ တရုတ် PSCတွေရဲ့ ပြန်လည် ရုပ်သိမ်းမယ့် ကာလကို တိတိကျကျ အချိန်သတ်မှတ် မထားတာမျိုးကလည်း ဖြန့်ကျက်မှု ကာလကို ပိုမို ရှည်ကြာစေပြီး နောက်ဆက်တွဲ စစ်ရေးအရ ပါဝင် စွက်ဖက်မှုတွေထိ ဖြစ်လာစေနိုင်ပါတယ်။

နောက်တစ်ခုက တရုတ် PSCတွေဟာ မြန်မာနိုင်ငံမှာလည်း လက်ဝေခံ အစုအဖွဲ့တွေကို ရည်ရွယ်ချက် မပါဘဲနဲ့ဖြစ်စေ ပုံသွင်း ထူထောင်မိတာမျိုး ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။မြန်မာနိုင်ငံက တချို့သော အင်အားစုတွေက တရုတ် လက်ဝေခံ သဘောမျိုး မှတ်ယူခံရတဲ့ အခြေအနေတွေကို ဥပမာ ပေးရပါမယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ-NUGအတွက်တော့ တရုတ်နဲ့ ထိတွေ့ ဆက်ဆံနိုင်ခြင်းဟာ အခွင့်အလမ်းကောင်း တစ်ခုလို့ သတ်မှတ်နိုင်တဲ့တိုင် သတိကြီးကြီး ထားဖို့တော့ သိပ်အရေးကြီးပါတယ်။ မူဝါဒ ချမှတ်သူတွေကလည်း စောင့်ကြည့် အကဲခတ်မှု လုပ်ငန်းစဉ်တွေ သတ်မှတ်ထားဖို့ လိုအပ်ပြီး ဒေသတချို့မှာ တရုတ် PSCတွေရဲ့ ဖြန့်ကျက်မှုနဲ့ လုပ်ရပ်တွေကြောင့် ကြုံလာနိုင်မယ့် အရှုပ်အထွေးတွေကို ကြိုတင် တွေးတော သတိပြု ပြင်ဆင်ထားသင့်​နေပြီဖြစ်ပါတယ်။ ။

(​ဆောင်းပါးရှင် စိုင်းဒီပထွန်းဟာ တရုတ်အ​ရေးလေ့လာ​နေသူတစ်ဦးဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။