Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

သူရဲကောင်းတို့ ခေတ္တနားခိုရာ မေတ္တာရိပ်မြုံ

သာမာန်သူတွေအတွက် အိပ်ယာထ၊မျက်စိနှစ်လုံးပွင့်တာဟာ အသေးအမွှားကိစ္စလိုဖြစ်နေပေမယ့် ဒီစင်တာထဲမှာတော့ လူနာ တွေ လမ်းပြန်လျှောက်နိုင်တာ၊ လက်ကလေးဖြန့်နိုင်တာ ၊ အသက်ရှင်လျှက် နိုးထရတာတွေဟာ စင်တာအတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့ အရာတွေဖြစ်နေပါတယ်။

သူရဲကောင်းတို့ ခေတ္တနားခိုရာ မေတ္တာရိပ်မြုံ
သူရဲကောင်းတို့ ခေတ္တနားခိုရာ မေတ္တာရိပ်မြုံ

လက်သွေး/People’s Spring

နယ်စပ်တစ်နေရာ ခြံဝန်းတစ်ခုထဲက ပျဉ်ထောင်ခြေတံရှည်အိမ်ကြီးရဲ့ အောက်မှာ ကုတင်နဲ့ကွပ်ပျစ်တွေ အလုံး ၂၀ ခန့်ရှိနေ တယ်။ ဆေးရုံကုတင်တွေပါသလို ဝါးကွပ်ပျစ်တွေလည်း တွေ့ရတယ်။ အိမ်အောက်ပတ်ပတ်လည်ကိုတော့ သွပ်ပြားတွေနဲ့ ကာရံထားတယ်။

ကုတင်တွေပေါ်မှာ တချို့ကလဲလျောင်းနေကြတယ်၊ တချို့ကဖုန်းသုံးနေကြတယ်၊ တချို့ကတော့ ထမင်းစားနေကြတယ်။ ကုတင်ဘေးမှာလည်း ချိုင်းထောက်တွေ၊ ဘီးတပ်ကုလားထိုင်တွေကိုတွေ့ရတယ်။ တစ်ချို့က ခြေထောက်တွေဖြတ်ထားရ သလို တချို့က လက်တစ်ဖက်မရှိတော့ဘူး။ ဒါ့အပြင် မျက်လုံးထိခိုက်တာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထိခိုက်တာနဲ့ အတွင်း ဒဏ်ရာရသူတွေပါ ရှိနေကြတယ်။

ပူပြင်းတဲ့ရာသီဥတုမှာ လူနာတွေဟာ မိမိသက်သာသလိုနေထိုင်နေကြတာပါ။

Public Service Announcement

Public Service Announcement

အိမ်ရဲ့ဘေးမှာလည်း မြေကွက်လပ်တစ်ခုရှိပြီး အဲဒီဘေးမှာ အိမ်ခန်းတွဲခုနစ်ခန်းလောက်ရှိသေးတယ်။ အိပ်ခန်းတွေထဲမှာလည်း ဒဏ်ရာရလူနာတွေအပြည့်ပါပဲ။ သူတို့က သာမာန်မတော်တဆ ထိခိုက်ဒဏ်ရာရလာသူတွေတော့ မဟုတ်ဘူး။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ တော်လှန် ရေးမှာတိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရလာကြတဲ့ တော်လှန်ရေးရဲဘော်တွေပါပဲ။

ဒီနေရာကို Sunshine Care Center (SCC) လို့ခေါ်တယ်။ တော်လှန်ရေးရဲဘော်တွေအတွက် မရှိမဖြစ်အရေးပါလှတဲ့ စင်တာ တစ်ခုပါ။ ဒီနေရာဟာ ဆေးကုသပေးတဲ့နေရာတော့ မဟုတ်ပါဘူး။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့သူတွေ နယ်စပ်က ဆေးရုံတွေ မှာ ခွဲစိတ်ကုသမှုခံယူပြီးပြန်ဆင်းလာရင် နေစရာ၊ ခိုလှုံစရာ ပြန်လည်ထူထောင်ပေးတဲ့နေရာတစ်ခုပါ ။

ဒီစင်တာမရှိခင်တုန်းကဆိုရင် ရဲဘော်တွေဟာ ဆေးရုံကဆင်းပြီး ဘယ်သွားလို့ဘယ်လာရမှန်းမသိ နယ်စပ်မှာ ယောင်ချာ ချာဖြစ်နေရတယ်။ ဆေးကုသတယ်ဆိုတာကလည်း တစ်ခါတည်းနဲ့ အပြီးအပြတ်ဖြစ်သွားတာမျိုးဆိုတာ မရှိသလောက် ရှား တယ်မဟုတ်လား။ ရက်ချိန်းတွေ ပြန်ပြရတယ်၊ ရောဂါအခြေအနေအရ နောက်ဆက်တွဲကုသမှုတွေရှိတယ်။ ဒီလိုတွေ ဆက်လက်ကုသနိုင်ဖို့ သူတို့ မှာ ခေတ္တနားခိုဖို့နေရာက မရှိမဖြစ်ပဲ။

ဒီနိုင်ငံထဲကို ခိုးဝင်နေဖို့ဆန္ဒနဲ့လာတာမဟုတ်ဘဲ ဆေးကုသဖို့လာကြတာဖြစ်တဲ့အတွက် သူတို့မှာ အထောက်အထားဆိုတာကမရှိ ၊ လုံခြုံရေးအရလည်း နေရာတိုင်းနေလို့မရနဲ့ ရဲဘော်တွေဟာ ကနဦးမှာ တော်တော် ဒုက္ခပင်လယ်ဝေခဲ့ကြတယ်။ ဒီလိုဒုက္ခတွေကို စင်တာမှာ စည်းကမ်းပိုင်းနဲ့စာရင်းပိုင်းကို လက်ရှိတာဝန်ယူကူ​ပေးနေတဲ့ စောစေးဝါးလည်း ကြုံခဲ့ဖူးတယ်။

“ကျွန်တော်တို့ ဒီကိုစရောက်တော့ ဘာမှမရှိဘူး။ တာဝန်ယူပေးမယ့်သူလည်း ဘာမှန်းကိုမသိဘူး။ ရောက်လာတယ်၊ ဆေးရုံ ကြီးမှာတက်တယ်၊ ခွဲစိတ်ပြီးတော့ ဆင်းဆင်းဆင်းဆိုရင် ဘယ်ဆင်းရမှန်းမသိတဲ့အခြေအနေတွေ ရှိခဲ့တယ်ပေါ့နော်။ ဘယ် သွားရမှန်းမသိဘူး” လို့ သူဆေးလာကုသရတဲ့အတွေ့အကြုံကို သူက ပြန်ပြောပြပါတယ်။

စောစေးဝါးက တိုက်ပွဲတစ်ခုမှာ ဒူးခေါင်းဒဏ်ရာရယ်၊ မျက်လုံးတစ်ဖက်ထိတာရယ်ကြောင့် နယ်စပ်မှာဆေးလာကုသရသူပါ။ သူက အာဏာမသိမ်းခင်က တက်တူးထိုးတာနဲ့ ပန်းချီဆွဲတာ လုပ်ကိုင်ခဲ့တယ်။ စစ်ကောင်စီ အာဏာသိမ်းတာကိုမကျေနပ်တာကြောင့် ဆန္ဒပြပွဲတွေမှာဝင်ပါရင်း သူ့သူငယ်ချင်းဖြစ်သူက သူ့မျက်စိရှေ့တင် ကျဆုံးသွားခဲ့တယ်။ ဒါကြောင့် လက်နက်နဲ့တော်လှန်မယ်ဆိုပြီး တော်လှန်ရေးနယ်မြေကိုထွက်လာကာ စစ်သင်တန်းတက် တိုက်ပွဲဝင်ရင်း ဒဏ်ရာရလာခဲ့တာဖြစ်တယ်။

“ ရဲဘော်တစ်ယောက်က အော်လိုက်တဲ့အချိန်မှာ လှမ်းပစ်ခံရတာ ရန်သူနဲ့သွပ်တစ်ချပ်ပဲခြားတယ်။ သူကအထဲမှာ ကျွန်တော် ကအပြင်မှာ၊ ကျွန်တော်နောက်က အသံကိုကြားတော့ သူကလှမ်းပစ်တာ ဒူးခေါင်းကိုအရင်ထိတာ။ ကျွန်တော်က သူ့ကိုပြန် ပစ်လိုက်တဲ့အတွက် သူကကျသွားတယ်။ ဒါပေမဲ့ ခပ်လှမ်းလှမ်းကနေ စက်နဲ့ထပ်ပစ်တော့ ကျနော်မျက်လုံး ထိသွားတယ်။ ကျွန်တော် ဘာမှလှုပ်လို့မရတော့ဘူး” လို့ သူတိုက်ပွဲမှာ ဒဏ်ရာရခဲ့ပုံကို ပြန်ပြောပြပါတယ်။

ဆေးကုသမှု ခံယူပြီးတဲ့နောက်မှာတော့ သူ့ဒဏ်ရာအခြေအနေကြောင့် တိုက်ပွဲပြန်မဝင်နိုင်တော့ပါဘူး။ ဒါကြောင့် ၂၀၂၂ ဒီဇင် ဘာမှာ စင်တာကိုရောက်လာခဲ့ကာ လိုအပ်တာတွေကူညီမယ်ဆိုပြီး စင်တာကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ နော်နေခြည်နဲ့ တိုင်ပင်ကာ တာဝန်ယူကူညီလုပ်ဆောင်ဖြစ်ခဲ့တာ ဒီနေ့အချိန်ထိပါပဲ။

“ ကျွန်တော် ဒီဘက်မှာ ဆေးကုသမှုခံယူရင်းနဲ့ ကျွန်တော့်ကိုဆေးရုံက သုံးနှစ်လောက် နားရမယ်လို့တော့ပြောတယ်ပေါ့နော်။ မျက်လုံးတစ်ဖက်နဲ့ဒူးခေါင်းတစ်ဖက်ထိတာ။ ဒူးခေါင်းကတော့ ထုတ်ချင်းဖောက်ထွက်သွားလို့ စတီးရိုးထည့်ထားရတာ။ မျက် လုံး တစ်ဖက်ကတော့ ကွယ်သွားတာပေါ့။ ဟိုဘက်မှာ စစ်မူပြန်ထမ်းလို့မရတော့တဲ့ အခြေအနေတစ်ခုဖြစ်တဲ့အတွက် ဒီဘက် မှာ တတ်နိုင်တဲ့ဘက်မှာ လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ အနော်နဲ့တိုင်ပင်ပြီးမှ တာဝန်ယူဖြစ်တာပေါ့နော်။” လို့ သူက ဆိုပါတယ်။

လက်ရှိ စင်တာနေရာက ပထမဆုံးစတင်တဲ့နေရာတော့ မဟုတ်ပါဘူး။ အဆင်ပြေရာကို ပြောင်းရွှေ့လာရင်း ဒီနေရာကို ရောက် လာတာဖြစ်ပြီး အခုနေရာက သုံးနေရာမြောက်လို့ SCC စင်တာကို စတင်တည်ထောင်ခဲ့တဲ့ နော်နေခြည်က ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးသုံးဦးမိခင် နော်နေခြည်က ရန်ကုန်ဇာတိဖြစ်ပြီး အိမ်ထောင်ကျတဲ့အခါမှာ ကရင် ပြည်နယ်ကမြို့တစ်ခုမှာ အခြေချနေထိုင်ရင်း စီးပွားရေးလုပ်ကိုင်နေခဲ့တာပါ။ အာဏာသိမ်းမှုဖြစ်တော့ စစ်ကောင်စီကို ဆန့် ကျင်တဲ့အတွက် မြို့ထဲမှာနေလို့မရတော့ဘဲ လေးကေကော်မြို့သစ်မှာ ပြောင်းရွှေ့နေထိုင်ရင်း တော်လှန်ရေးအတွက် အား ဖြည့်နေခဲ့ပါတယ်။

ဒီလိုနေလာရင်း ၂၀၂၁ ၊ ဒီဇင်ဘာလမှာတော့ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့ တိုက်ပွဲ ဖြစ်တာကြောင့် နယ်စပ်ကို ထွက်ပြေးလာခဲ့ရပါတယ်။ ထွက်ပြေးခဲ့ရတာလည်း သက်စွန့်ဆံဖျားပါပဲ။ သူက အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် စစ်ရှောင် ၃၀ ကျော်လောက်ကို ဦးဆောင်ထွက်ပြေးလာခဲ့တာပါ။

မြစ်ကို ဖြတ်ကူးနေစဉ်မှာပဲ စစ်ကောင်စီတပ်က ကလေးတွေ၊ အမျိုးသမီးတွေပါဝင်တဲ့ အရပ်သားပြည်သူတွေကို လှမ်းပစ်ပါ တယ်။ “အနော်ကိုယ်တိုင်တိုင်လည်း အရပ်ဝတ်နဲ့ပုံမှန်ပဲလေ။ အရပ်သားပဲဆိုတော့ အဲ့လောက်ထိ Attack (တိုက်ခိုက်) လုပ် လိမ့်မယ်မထင်ခဲ့တာ၊ မထင်ဘဲနဲ့ အပစ်ခံခဲ့ရတာ။” လို့ ထွက်ပြေးစဉ်က အတွေ့အကြုံကို အနော်က ပြန်ပြောပြတယ်။

သူ့တစ်ကိုယ်ရည်စာအရ ကိုယ့်မိသားစုနဲ့ကိုယ် ကိုယ်လွတ်ရုန်းပြေးမယ်ဆိုရပေမယ့် ကိုယ့်ရဲဘော်မိသားစုတွေကို ရသလောက် ကယ်တင်မယ်ဆိုပြီး သူတို့ကိုဦးဆောင်ထွက်ပြေးခဲ့တာလို့ အနော်ကဆိုတယ်။ ပြေးနေချိန် ပစ်တဲ့သူကိုလှမ်းမကြည့်ပေမယ့် ကျည်ဆန်တွေအနားက ဖြတ်သွားတာကို ခံစားမိနေတယ်။ ထွက်ပြေးတဲ့ ပြည်သူတွေမှာလည်း ထိတ်လန့်တကြားပါပဲ။ မြစ်လယ်က သောင်ထွန်းတဲ့နေရာ ဝင်ပုန်းသူပုန်း၊ ပြေးသူကပြေးနဲ့ တကယ့်ကို အသက်လုပြေးလွှားရတဲ့အနေအထားပါ။ အနော်လည်း စိတ်ထဲအတော်ထိတ်လန့်ခဲ့ရပြီး ဘုရားကိုဆု တောင်းနေခဲ့ ရတယ်လို့ ဆိုတယ်။ ကံကောင်းစွာနဲ့ပဲ ဖြတ်သန်းသူတွေမှာ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ခဲ့ပါဘူး။

“ အနော်ကတော့ ဦးဆောင်လာပြီးတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲဘော်ရဲဘက် မိသားစုတွေကို တာဝန်ယူကတိခံပြီး ဦးဆောင်လာ တဲ့သူတစ်ယောက်က ရှေ့ဆုံးကပြေးတာ မဖြစ်သင့်ဘူးလေနော်။ အဲ့ဒါကြောင့် အနော့်သားသမီးတွေကို သူတို့နဲ့အတူထည့်ပြီး အရေးကြီးတဲ့သူတွေ သွားသွားဆိုပြီး လွှတ်တဲ့အချိန်မှာပေါ့။” လို့ အဲ့ဒီနေ့က ဖြစ်စဉ်ကို အနော်က ပြန်ပြောပြပါတယ်။

ဒီဘက်ရောက်တော့ အသိမိတ်ဆွေတွေဆီမှာ ခေတ္တနေထိုင်ရင်း ဒီစင်တာကို စတင်ဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒါကတော့ တိုက်ပွဲ ကြောင့် ဒဏ်ရာရသူတွေများလာတဲ့အတွက် ဒီဘက်မှာ ဆေးကုသစောင့်ရှောက်ဖို့ အနော့်ကို အကူအညီတောင်းလာခဲ့တာပါ။ ဒီလို စင်တာတစ်ခုကို ဦးဆောင်လုပ်ကိုင်ဖို့ အဲ့ဒီအချိန်က စိတ်မကူးခဲ့မိသေးပါဘူး။

စင်တာကိုစတင်တုန်းက လူနာလေးဦးလောက်နဲ့ စခဲ့တာပါ။ အဲဒီလူနာတွေထဲ အိပ်ရာထဲ လဲတဲ့လူနာမပါသေးဘူး။ ဆေးရုံ ရက်ချိန်းတွေ ကျန်ရှိနေသေးတဲ့အခါ ခဏတဖြုတ်နေဖို့ စီစဉ်ပေးရတဲ့ အခြေအနေပါ။ အဲ့ဒီကာလ လုံခြုံရေးအရ အိမ်ရှာဖွေရ တာလည်း ခက်လှပါတယ်။ အထူးသဖြင့်အထောက်အထားမရှိတဲ့အခါ နေထိုင်ခွင့်ရဖို့လည်း ညှိနိုင်းကြိုးစားရပါတယ်။

“ သူတို့တွေကို တစ်ကယ်ပဲလေးစားတယ်။ အပေါ်ယံလုပ်တာမဟုတ်ဘူး။ တကယ်လည်း သူတို့ကို ချစ်ခင်စိတ်နဲ့ အတတ် နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရင်းနဲ့ ဒီအခြေအနေထိဖြစ်လာတာပေါ့နော်။” လို့ အနော်ကဆိုတယ်။

သူကဆက်ပြီး “သူတို့မှာ အသက်တွေပါတယ်။ နှလုံးသားတွေပါတယ်ဆိုတော့ ဘာပဲပြောပြောတစ်ဖက်ကလည်း ကိုယ့်နိုင်ငံ အတွက် ပေးဆပ်ထားတဲ့ကလေးတွေ ဖြစ်တယ်ဆိုတော့ အနော်တို့က ဒီလိုလူတွေကို တာဝန်ယူရမယ်ဆိုတဲ့အတွေး တစ်ခုက ကလေးလိုတွေးလို့မရဘူး။ ဒီလူတွေတစ်ဦးတစ်ယောက်တိုင်းမှာ အနော်တို့လက်ခံလိုက်ပြီဆိုရင် သူတို့ရဲ့ရေရှည်ပေါ့နော် ပြန် လည်ကောင်းမွန်ထူထောင်လာပြီး ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ဖို့ အဆင်ပြေအောင်အနော်တို့ စဉ်းစားပြီးလုပ်ပေးတယ်။” လို့ အနော်က ရှင်းပြတယ်။

အနော့်ကို အဓိကဦးဆောင်ပေးနေတာက အနော့်ရဲ့ခင်ပွန်းပဲဖြစ်တယ်။ သ့်ရဲ့ခင်ပွန်းဟာ KNU မှာလည်း တာဝန်တစ်ခု ယူ ထားသူဖြစ်ပြီး ဒဏ်ရာရရဲဘော်တွေကိုဆေးကုသနိုင်ဖို့ တိုက်ပွဲမြေပြင်ကနေ ဒီဘက်ဆေးရုံတွေထိ တင်နိုင်ဖို့ အဆင့်ပေါင်း များ စွာကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ဟိုဘက်မှာ ဒဏ်ရာတစ်ခုခုရတာနဲ့ ဒီဘက်ကို တစ်ခါတည်း တန်းပြီး ခေါ်ဆောင်ကုသပေးလို့မရပါဘူး။ လူနာရဲ့ အခြေအနေကို ကြည့်ရတယ်။ လမ်းမှာ ဘယ်လောက်ကြာနိုင်မလဲ ၊ ဒဏ်ရာရရှိတဲ့အပေါ်မူတည်ပြီး လူနာဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတာ တွေကို တွက်ချက်ရပါတယ်။

ဒီဘက်ကဆေးရုံတွေကို တင်နိုင်ဖို့လည်း ဒဏ်ရာကိုပြင်ဆင်မှု၊ ဆေးမှတ်တမ်းတွေပြင်ဆင်မှုနဲ့ ဒီဘက်နိုင်ငံက ဆေးကုသခြင်း ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီအောင် ချိတ်ဆက်ပြင်ဆင်ရပါသေးတယ်။ လူနာတစ်ယောက်ကို ဒီဘက်မှာ ဆေး ကုသနိုင်ဖို့ ရောက်ရှိလာရေးအတွက်ဆိုရင် တစ်ဦးကို အချိန်သုံးနာရီခန့် ပြင်ဆင်ပေးရပါတယ်။

“ လူတစ်ယောက် ထိထိခြင်းဆို ရိုးရိုးမြန်မာရုပ်ရှင်ထဲကလို ကဒ်လေးပေါ်မှာတင်ပြီးခေါ်လာလို့မရဘူးလေ။ လူနာရဲ့အခြေ အနေ လူနာလမ်းပေါ်မှာကြာမယ့်အခြေအနေ၊ ဒီဘက်ဆေးရုံကိုရောက်ရှိလာမယ့်အခါ ခံနိုင်မယ့်အခြေအနေ၊ အကုန်လုံး တွက် ချက်ရတာပေါ့။” လို့ အနော်ကဆိုတယ်။

ဒီလို စနစ်တကျပို့ဆောင်ပေမယ့်လည်း အခက်အခဲတွေက များစွာရှိနေပါသေးတယ်။ အခြားနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ ဒီဘက်ကို လူနာရောက်လာခါမှ ဆေးရုံတင်မရတဲ့ အဖြစ်တွေလည်း ကြုံခဲ့ဖူးတယ်။ ဒီပြဿနာတွေကို ရှင်းပြရရင် တစ်ပတ်လောက်တောင် ပြီးနိုင်မယ့်ကိစ္စမဟုတ်ဘူးလို့ အနော်က ဆိုတယ်။ လူနာအမျိုးမျိုး ဒဏ်ရာအမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကလည်း တစ်ခုခုနဲ့တစ်ခု မတူကြပါဘူး။

တစ်ဖက်မှာ ပြန်ကြည့်ရင်လည်း သူတို့နိုင်ငံသားလည်းမဟုတ် ၊ ဖြစ်တဲ့ပြဿနာတွေကလည်း ဒဏ်ရာရလူနာတွေ အရေးပေါ် ကိစ္စတွေဆိုတော့ သူတို့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာပါ။ ဒီလိုအခြေအနေတွေကြားထဲမှာတောင် လူသား ချင်း စာနာမှုအရ လက်ခံကုသပေးနေတာဟာ ကျေးဇူးတင်ဖို့ကောင်းတယ်လို့ အနော်ကဆိုတယ်။

“ သူတို့တတ်နိုင်တဲ့ဘောင်ထဲက သူတို့လုပ်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့နော်။ အဲ့တော့အနော်တို့လုပ်ပေးနိုင်တာတစ်ခုပဲ ရှိတယ်။ သူတို့စည်းမျဉ်းစည်းကမ်းကဘာလဲ၊ သူတို့ကလုပ်နိုင်တာ ဘာလဲဆိုတာကြည့်ပြီးလုပ်ရတာပေါ့နော်။” လို့ အနော်က ဆိုတယ်။

အခုချိန်ထိဆိုရင် SCC စင်တာကနေ ကူညီကုသပေးလိုက်တဲ့ ရဲဘော် ၅၀၀ နီးပါးရှိခဲ့ပါပြီ။ ဒီထဲမှာ အချိန်မီ ဆေးရုံမပို့နိုင်လို့ လေလွင့်သူရယ်လို့မရှိခဲ့ဘဲ ဒဏ်ရာပြင်းထန်လို့သာဆုံးပါးခဲ့ရတဲ့ လူနာတစ်ဦးနှစ်ဦးသာရှိခဲ့ပါတယ်။ စင်တာမှာတော့ လက်ရှိ လူနာ ၁၂၀ ဝန်းကျင်ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့နေရာမှာ ခန္ဓာကိုယ်စောင့်ရှောက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနဲ့ အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရေး၊ ဆေးရုံဆေးခန်းရက်ချိန်း စသဖြင့် တာဝန်များစွာယူရပါတယ်။ ဒါ့အပြင် ရဲဘော် တွေရဲ့ ဇနီးသည်တွေ ကိုယ်ဝန်ရလာတဲ့အခါ ကလေးမွေးဖွားပေးတာနဲ့ ကိုယ်ဝန်သည်ကို စောင့်ရှောက်မှုတွေလည်း လုပ်ပေးပါ သေးတယ်။

စင်တာမှာတော့ နာတာရှည်ကုသရမယ့်သူတွေသာ အနေကြာကြပြီး ပြန်လည်သက်သာလာတာနဲ့ တော်လှန်ရေးတာဝန် ပြန် ထမ်းဆောင်မယ့်သူတွေများပါတယ်။ တစ်လမှာ တိုက်ပွဲအခြေအနေအရ လူနာအသစ်တွေ ထပ်ရောက်လာကြသလို ပြန်လည် ကောင်းမွန်လို့ တာဝန်ပြန်လည်ထမ်းဆောင်နေကြသူတွေကလည်း ပြန်လည်ထွက်ခွာသွားကြပါတယ်။

“ ပြောမယ်ဆိုရင် အနော်တို့ ဒီစင်တာကိုရောက်လာတယ်၊ ဒီမှာနေတဲ့အများစုသည် ဗော်လန်တီယာကလေးတွေကအစ တ ကယ်ကို လေးစားဖို့ကောင်းတဲ့ ကလေးတွေဖြစ်တယ်။ အုတ်ရောရော ကျောက်ရောရောတွေ မပါဘူး။ ပြောရရင် ဆိုရှယ်မီဒီယာ တောင် သိပ်သုံးတဲ့ကလေးတွေမပါဘူး။” လို့အနော်က ဆိုပါတယ်။

စင်တာမှာ ဝန်ထမ်းရယ်လို့သီးခြားမရှိဘဲ စေတနာ့ဝန်ထမ်းအဖြစ်သာ စင်တာကို လာရောက်ကုသူသူတွေထဲကပဲ ပြန်လည် ကူညီလုပ်ကိုင်ပေးနေကြတာပါ။ စင်တာကိစ္စအ၀၀ကို နေ့စဉ် စေတနာ့ဝန်ထမ်းလူငယ် ၁၈ ဦးလောက်က ဆောင်ရွက်ပေးကြ ပါတယ်။ ထမင်းဟင်းချက်တာ၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ၊ အိပ်ယာကမထနိုင်တဲ့လူတွေကအစ ဝေယျာဝစ္စ လုပ် ပေးကြပါတယ်။

စင်တာကို စီမံရတဲ့အခါမှာလည်း အထက်အောက်ပုံစံမျိုးဆိုတာမရှိဘဲ တော်လှန်ရေးရဲဘော်လူငယ်တွေနဲ့ အပြန်အလှန်လေး စားမှုတန်ဖိုးထားမှုနဲ့သာ နေ့စဉ်လည်ပတ်ဆောင်ရွက်နေတာပါ။

“ အနော်က ကလေးတွေနဲ့ဆက်ဆံတဲ့အခါမှာ Over တွေမလုပ်နေဘူး။ ကိုယ့်ဖာသာကိုယ်ကျေးဇူးရှင်ကြီးလိုလည်း မသတ်မှတ် ထားသလို ငါလုပ်ပေးမှရမယ်ဆိုတဲ့ အတွေးမျိုးလည်းမရှိဘူး။ အဓိကက အနော်လည်းသူတို့ကိုလေးစားတယ်။ လေးစားလို့ လုပ်ပေးတာမေတ္တာပါလို့။ သူတို့လည်းအနော့်ကိုလေးစားတယ်။ အပြန်အလှန်လေးစားမှုနဲ့ပဲသွားတယ်။”လို့ အနော်ကဆို တယ်။

စစ်တာမှာ ရုပ်ပိုင်းဆိုင်ရာပြန်လည်ကုစားမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ထောက်ပံ့ကူညီပေးပါတယ်။ များသော အားဖြင့် ရဲဘော်တွေဟာ အသက် ၂၀ ကနေ ၃၀ အတွင်းလူငယ်တွေဖြစ်ပြီး စိတ်ဓာတ်တစ်ခုတည်းနဲ့သာ တိုက်ပွဲဝင်နေရ ပေမယ့် ဒဏ်ရာအနာတရဖြစ်တဲ့အခါ မိဘတွေကိုလွမ်းဆွတ်တာမျိုးလို စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေလည်း ရှိတတ်ပါတယ်။

အနော်ကတော့ ဒဏ်ရာရလာတဲ့ရဲဘော် မည်သူ့ကိုမဆို အမြဲအားပေးနှစ်သိမ့်တတ်ပြီး သူကိုယ်တိုင်လည်း ရဲဘော်တွေ ဝေဒနာ ခံစားနေရတာတွေကို နာကျင်နေရသူပါ။ ဒီအတွက် သူစိတ်ထိခိုက်တာတွေကို ရဲဘော်တွေမမြင်ရအောင် အားတင်းထားရင်း တစ်ဖက်ကလည်း အားပေးနေရပါတယ်။

“လူသားတစ်ယောက်အနေနဲ့ ခံနိုင်လားဆိုတော့ ညာပြောတာပဲဖြစ်မှာပေါ့နော်။ အနော်တော်တော်မခံနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ သူတို့အော်ဟစ်နေတဲ့အချိန်ဆို အနော်အရမ်းသနားတယ်။ ဒါပေမယ့်အနော်သည် သူတို့ရှေ့မှာညိုးနွမ်း မျက်ရည်ကျပြ နေလို့မရဘူး။” လို့ သူကဖွင့်ဟပါတယ်။

ဒီအတွက်ကြောင့်လည်း သူကနေကာမျက်မှန်ကို အမြဲဆောင်ထားရပြီး စိတ်အဆင်ပြေနေသယောင် ဟန်ဆောင်ကာ သူတို့ကို အားပေးရတယ်လို့အနော်ကဆိုတယ်။ အခုတော့ သူတစ်ဆင့်တက် သန်မာနိုင်ဖို့ မျက်မှန်ချွတ်နိုင်အောင် ကြိုးစားနေပါပြီ။

ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလည်း ကျွမ်းကျင်တဲ့ဆရာမတွေနဲ့ချိတ်ဆက်ကာ တစ်ယောက်စီတွေ့ဆုံဆွေး နွေးတာတွေနဲ့ သူတို့စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ ပန်ချီသင်တာ ၊ တက်တူးသင်တာ၊ ဆံပင်ညှပ်သင်ပေးတာမျိုးတွေ လုပ် ပေးပါသေးတယ်။

စင်တာလည်ပတ်ဖို့ တစ်လတာငွေကြေးကုန်ကျမှုကလည်း အိမ်ခန်းဌားခ၊စားစရိတ်၊ဆေးရုံဆေးခန်းပြရမှုတွေနဲ့ အထွေထွေ လည် ပတ်စားရိတ်တွေဟာ တစ်လကို ဘတ်တစ်သိန်းခွဲနဲ့နှစ်သိန်းကြား (မြန်မာငွေ သိန်း၁၅၀ ကျော်ခန့်)က လစဉ်ကုန်ကျပါ တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ယခုနှစ်စပိုင်းကစပြီး တစ်လကို ဘတ်ခုနစ်သောင်းနီးပါးတိုးပြီး ထောက်ပံ့ပေး ပါတယ်။ ယခင်က တစ်လကို ဘတ်ငါးသောင်းထောက်ပံ့ပေးတာပါ။

ဒါ့အပြင် ပြင်ပအလှူရှင်တွေလည်းရှိပြီး ဒဏ်ရာတွေကို ဆေးကုသပေးနိုင်ဖို့ ဆေးကုသစားရိတ်နဲ့ ဆေးဝါးတွေကိုတော့ နိုင်ငံ တကာအဖွဲ့အစည်းတစ်ခုကနေ လူသားချင်းစာနာမှုအရ ကူညီပေးနေတာရှိတယ်လို့ အနော်ကဆိုပါတယ်။ ဆေးကုသစားရိတ် ကလည်း မနည်းလှပါဘူး။ တစ်ဦးကို ဘတ်သိန်းနဲ့ချီကုန်ကျရတာပါ။

“ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပုဂ္ဂလိကဆေးရုံတွေမှာ သွားရောက်ကုသရတာ ရှစ်ဦးထက်မနည်းပေါ့။ အတိအကျတော့မမှတ်မိဘူး။ ဘတ် သုံးသန်းလောက်ကုန်သွားတယ်။ SCC အနေနဲ့ ကြိုးစားရပ်တည်ပြီး ခွဲစိတ်ကုသပေးရတယ်။ တစ်ချို့ဆို ငါးသိန်းနီးပါး တစ်ချို့ဆိုရင် ခုနစ်သိန်းကျော်ကုန်ခဲ့တာတွေရှိတယ်။” လို့ အနော်ကရှင်းပြပါတယ်။

ဒီလိုတွေ ကုန်ကျနေပေမယ့်လည်း လစဉ်တော့လည်ပတ်လို့ရနေတဲ့ အခြေအနေတစ်ခုလို့ အနော်ကဆိုတယ်။ စင်တာ အတွက် ကို တစ်လခြင်းစီသာ အစီအစဉ်ဆွဲထားပြီး ရေရှည်အတွက် ရန်ပုံငွေ စုစောင်းထားတာလည်းမရှိပါဘူး။ စင်တာစစ ခြင်းမှာတော့ လုံခြုံရေးအရ ဘယ်သူ့ကိုမှ အသိပေးလို့မရတဲ့အတွက် ပေါ်တင်လည်းအလှူမခံနိုင်ပါဘူး။ နောက်ပိုင်း အနော်တို့ မှန်မှန် ကန်ကန် ဆောင်ရွက်နေတာတွေ မြင်တဲ့အခါကျမှသာ မိတ်ဆွေတွေကကူညီလာကြပါတယ်။

တစ်ခါတစ်လေလည်း အရေးပေါ်လိုတဲ့အခါ ချေးငှားရတာတွေလည်းရှိပါတယ်။ ဒီလိုအခက်အခဲတွေကြုံနေပေမယ့်လည်း စင် တာကတော့ အခုချိန်ထိ အနော့်ရဲ့စီမံမှုအောက်မှာ ကောင်းကောင်းမွန်မွန်လည်ပတ်နေဆဲပါပဲ။ ဒါပေမယ့်လို့ စင်တာကို လည် ပတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ကြားက တိုက်ခိုက်ခံရမှုတွေလည်း အနော် ကြုံရပါသေးတယ်။

အဓိက လုံခြုံရေးချိန်းခြောက်မှုတွေပါ။ တော်လှန်ရေးလုပ်ငန်းတွေကို မလုပ်နိုင်အောင် တစ်ဖက်အဖွဲ့အစည်းတွေက ခြောက် လှန့်တဲ့ သဘောလည်းဖြစ်ပါတယ်။ အနော်ဓါတ်ပုံကို ဆိုင်တွေမှာလိုက်ပြပြီး ဘယ်သူလဲလိုက်မေးတာ၊ အနော့်မကောင်း ကြောင်း ပြောဆိုတာတွေက ခဏ ခဏပါပဲ။ ဒါနဲ့ပတ်သက်ပြီး အနော်ကတော့ သူတို့ အကြောက်တရားသွင်းတာ ဝေဖန်တိုက် ခိုက်တာတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ်။

“အန္တရာယ်ကတော့ရှိတယ်။ အဲ့ဒါကိုကြောက်တာမကြောက်တာကတော့ ကိုယ့်ရွေးချယ်မှုပေါ့နော်။” လို့အနော်က သူ့ယုံကြည်ချက်ကို​ပြောပါတယ်။

လက်ရှိ စင်တာလည်ပည်နေတာဟာ နှစ်နှစ်နီးပါးရှိနေပါပြီ။ စင်တာဆက်လက်တည်တံ့ဖို့ကိုလည်း အနော်ဦးဆောင်တဲ့ အဖွဲ့ သားတွေက ၀ိုင်းဝန်းကြိုးစားဆောင်ရွက်နေကြပါတယ်။

ဒီစင်တာဟာ တော်လှန်ရေးရဲဘော်တွေအတွက်လည်း မရှိမဖြစ် အရေးပါတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့လည်း စောစေးဝါး က ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း စင်တာရေရှည် လည်ပတ်နိုင်ဖို့ အနေအထိုင်ကအစ စည်းကမ်းသေသပ်စွာ သိုသိုသိပ်သိပ် နေထိုင်ကြရတယ်လို့ သူကဆိုတယ်။

“ သိုသိုသိပ်သိပ်နေမှလည်း တော်ကာကျမှာ ၊ ဘာလို့လည်းဆိုတော့ သူများနိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ဘယ်အရာ ကိုမှ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ထင်တိုင်းကြဲလို့မရဘူး။ ချုပ်ချုပ်တည်းတည်းနေပြီး အတတ်နိုင်ဆုံးဒီနေရာလေးကို ရေရှည် သွားလို့ ရအောင် ဆောင်ရွက်ကြရတာပေါ့။” လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ယခင်ကထက်စာရင် အစစအရာရာအဆင်ပြေလာပြီး “ အခုဆိုရင် လူနာတွေကြိုဖို့ကားရှိတယ်။ ရက်ချိန်းတွေ ကြိုဖို့အတွက် ကားစီစဉ်ပေးတယ်။ နောက်လူနာတွေအတွက် စားဝတ်နေရေး ဒီမှာမပူရဘူးပေါ့။ ကျွန်တော်တို့ လုံလုံခြုံခြုံ လည်း နေရတယ်ပေါ့နော်။” လို့ စောစေးဝါးက ဆိုပါတယ်။

အနော်ကတော့ စင်တာမှာလာရောက် ကုသနေထိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်တဲ့နေရာမှာ အဓိကအင်အားဟာ မေတ္တာတရားဖြစ်ပြီး အပြန်အလှည်နားလည်မှု၊ လေးစားမှုတွေနဲ့ အချင်းချင်းခွန်အားပြန်ယူကာ ရှေ့ဆက်နေတယ်လို့ဆိုပါ တယ်။

သာမာန်သူတွေအတွက် အိပ်ယာထ၊မျက်စိနှစ်လုံးပွင့်တာဟာ အသေးအမွှားကိစ္စလိုဖြစ်နေပေမယ့် ဒီစင်တာထဲမှာတော့ လူနာ တွေ လမ်းပြန်လျှောက်နိုင်တာ၊ လက်ကလေးဖြန့်နိုင်တာ ၊ အသက်ရှင်လျှက် နိုးထရတာတွေဟာ စင်တာအတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့ အရာတွေဖြစ်နေပါတယ်။

မနက်ခင်းနိုးထချိန်တွေဆို စင်တာမှာ အလုပ်တာဝန်ကိုယ်စီလုပ်ကြသူ ၊ ကောင်းမွန်စွာ နိုးထလာတဲ့ရဲဘော်တွေနဲ့ တစ်နေ့တာ ဟာ စည်းစနစ်ရှိစွာလည်ပတ်နေပြီး အချင်းချင်းလည်း ကူညီဖေးမကြတဲ့ ဒီအဝန်းအ၀ိုင်းလေးလည်း မေတ္တာဓါတ်တွေနဲ့ လွှမ်း ခြုံထားတဲ့ မေတ္တာရိပ်မြုံလိုလည်း ဖြစ်နေပါတယ်။

ဒါကြောင့် လူငယ်တွေဆီကနေ ခွန်အားတွေယူပြီး ရှေ့ဆက်နေရတယ်လို့လည်း အနော်က အခုလိုဆိုတယ်။

“ အနော့်ရဲ့ အဓိကခွန်အားကတော့ ဒီကလူငယ်တွေပေါ့။ တချို့ဆို သူတို့လည်း သူတို့ဘ၀တွေမှာ မျှော်လင့်ချက်အများကြီး ရှိတာပဲလေ ။ သူတို့ကိုယ်လက်အဂ်ါတွေဆုံးရှုံးရပေမယ့်လည်း သူတို့အကောင်းဆုံးရပ်တည်နိုင်တယ်။ သူတို့ရှင်သန်နိုင်သေး တာပဲလေ ငါကဘာလို့ မရှင်သန်နိုင်ရမှာလဲပေါ့။”

ဆက်စပ်သတင်းများ

ဆောင်းပါး

ကိုနိုင်ဝင်းပါဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီက တိုက်ပွဲတစ်ခုဟာ ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကြားမှာ ဒီနေ့အထိ ပြောစမှတ်တွင်နေဆဲပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

သတင်း

ယနေ့ (ဩဂုတ် ၁၇ရက်)တွင် ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ ဆုတောင်းဂုဏ်ပြု​ခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။