ယောနသံ/People’s Spring
KIAက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွဲနေသည်။ တိုက်ပွဲအလွန်ပြင်းထန်နေပြီး မြို့ကို KIA က လက်ဝယ်ပိုင်ပိုင် သိမ်းယူနိုင်မလား ဆိုသည့်မေးခွန်းကို KIAက အဖြေထုတ်ပေးပါလိမ့်မည်။
ယခုပြောမည့်အကြောင်းက ဗန်းမော်မြို့သိမ်း တိုက်ပွဲ၏ အခြားစာမျက်နှာတစ်ဖက်မှ လူမျိုးတုံးသတ်ဖြတ်မှုများ၏ အဓိကပါဝင်ခဲ့တဦးအကြောင်းဖြစ်သည်။
သူ့အမည်က တင်မင်းလတ်။ စစ်ဘက်ဆိုင်ရာ ရာထူးက ဗိုလ်မှူးချုပ်။စစ်တက္ကသိုလ်အမှတ်စဉ်(၄၁) စတသ(၄၁) ဆင်းဖြစ်သည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်ဖြစ်လည်း သူက လက်ရှိ ဗန်းမော်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ၏ စကခမှူးဖြစ်သည်။ သူက အာရက္ခတပ်တော်(AA) လက်မှ ကံကောင်း၍ သီသီလေး လွတ်ခဲ့ဖူးသည်။ သို့သော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက စတင်လာသောအခါ ဗိုလ်မှူးချုပ်တင်မင်းလတ်သည် စကခမှူးအဖြစ်KIA နှင့်တည့်တည့်ရင်ဆိုင်နေရပြီဖြစ်သည်။
KIA က ဒီဇင်ဘာ ၄ ရက်မှ စ၍ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်စတင်လိုက်သည်။တရုတ်နိုင်ငံနယ်စပ်နှင့် မိုင် ၅၀ ခန့်ကွာဝေးပြီး ခရိုင်မြို့ဖြစ်သောဗန်းမော်တွင် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့ ဆယ်ခုထက်မနည်းရှိသည်။ ထိုတပ်ရင်းများ၏ ခေါင်ချုပ်ကအမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ဖြစ်သည်။ ထိုနည်းဖြင့် စကခ(၂၁)၏ ဥသျှောင် ဗိုလ်မှူးချုပ်သည် AAက ဖမ်းလိုက်သည့် ဗိုလ်မှူးချုပ်များကဲ့သို့ သူ့ကိုလည်း KIA က ဖမ်းဆီးတော့မည်လားဟူသော စိုးရိမ်ထိတ်လန့်မှုဖြင့် သွေးလန့်နေပြီဖြစ်သည်။
“သူက ရခိုင်ကနေ ဗန်းမော် အလှည့်ကျတာဝန်ကျနေခဲ့တာ။တစွတ်ကမ်း တဇောက်ထိုးသမား။ အစွန်းရောက်သမား။ စစ်တပ်က သူ့ကို ကောင်းကောင်း ပုံသွင်းထားတဲ့သူဖြစ်တယ်”ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့် ဆက်ဆံရေးရှိခဲ့သည့် စီးပွားရေးသမားတဦးကပြောသည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)တွင် ဖမ်းဝရမ်းလျှောက်ထားခံရသော အာဏာသိမ်းခေါင်ဆောင် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ဗိုလ်မှူးချုပ်တင်မင်းလတ်က လောင်စာအဖြစ်ရှိခဲ့သူဖြစ်သည်။
၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်ကကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စစ်ဆင်ရေးကာလတစ်လျှောက်လုံး ၎င်းက အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)တွင် ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးမှူး ပထမတန်း(စစ်ဆင်ရေး)တာဝန် ထမ်းဆောင်ခဲ့သည်။
ရွေးကောက်ခံအရပ်သားအစိုးရတက်လာသည့် ၂၀၁၆ခုနှစ်မှစ၍ ရခိုင်ပြည်နယ်၌ လူမျိုးရေးနှင့်ဘာသာရေးမှိုင်းတိုက်၍ ပဋိပက္ခဖန်တီးရန် စစ်တပ်ကကြိုးပမ်းမှုတိုင်းတွင်ဗိုလ်မှူးချုပ်(ယင်းအချိန်က ဗိုလ်မှူးကြီး) တင်မင်းလတ်က လူမျိုးရေးမုန်းတရားများ လူမှုကွန်ရက်၌ လှုံ့ဆော်ခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာကိုကာကွယ်စောင့်ရှောက်မည်ဟု ၎င်းသုံးသည့် ဖေ့စ်ဘွခ်လူမှုကွန်ရက်အကောင့်၌ မကြာခဏရေးတင်ခဲ့သည်။
အနောက်တံခါးဟု စစ်တပ်အသိုင်းအဝိုင်းတွင် အသုံးပြုသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အသက်ပေး၍ ကာကွယ်ရမည်ဟု ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၎င်းက ရေးတင်ခဲ့သည်။
“အနောက်တံခါးကြီး အမြဲလုံခြုံအောင် နှလုံးသွေးတို့ဖြင့် ပေးဆပ်မည်” ဟု ရေးသားခဲ့သည်။
ဘူးသီးတောင်နှင့်မောင်တောဒေသတွင်လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အောက်ခြေတပ်ဖွဲ့ဝင်များကိုပင် လက်နက်အပြည့်စုံထုတ်ပေးထားပြီး သံသယရှိသူမည်သူမဆို အမေးအမြန်းမရှိပစ်ခတ်ခွင့်ပေးထားသည်ဟု ဘူးသီးတောင်မြို့တွင် တာဝန်ကျခဲ့ဖူးသည့် ရဲအရာရှိအငြိမ်းစားတဦးကပြောသည်။ အဆိုပါအရဲရာရှိက ဗိုလ်မှူးချုပ်တင်မင်းလတ်အကြောင်းကို ကောင်းကောင်းသိထားသည်။
“စစ်တပ်အလိုကျ မိုက်မိုက်မဲမဲလုပ်တတ်တော့ စစ်မှုထမ်းကောင်းတံဆိပ်တောင် ရထားတာ။ တို့မီးရှို့မီးလုပ်ဖို့ လောင်စာတွေပေါ့ဗျာ” ဟု သူကဆက်ပြောသည်။
ဗိုလ်မှူးချုပ်တဲ့တင်မင်းလတ်သည် နပခတွင် တာဝန်ထမ်းဆောင်နေစဉ်၂၀၁၉ နှစ်လယ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ စစ်ဘက်ရေးရာလုံခြုံရေးဌာန (ပထမတန်း) ရာထူးဖြင့်ပြောင်းရသည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စကခ(၂၁)သို့ ယာယီနည်းဗျူဟာမှူးရာထူးဖြင့် ရောက်ရှိလာသည်။
၂၀၂၂ နိုဝင်ဘာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှ စကခ(၁၇) သို့ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးရာထူးဖြင့် ပြောင်းရွှေရပြန်သည်။ကံဇာတ်ဆရာအလိုကျ KIA နှင့် အကြောင်းပါချင်သောအခါ ၂၀၂၄ ဧပြီလတွင် စကခ(၂၁)သို့စကခမှူးအဖြစ် တစ်ကျော့ပြန်ရောက်ရှိလာခြင်းပင်။
ဗန်းမော်မြို့၏ အဓိက ခံစစ်ဖြစ်သော မိုးမောက်မြို့နယ်ရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း( ခမရ၄၃၇)ကို KIA နှင့် ပူးပေါင်းတပ်က ၂၀၂၄ သြဂုတ်လ ၁၉ ရက်တွင် သိမ်းပိုက်လိုက်သည်။ ခမရ (၄၃၇) ကို KIA သိမ်းပြီးနောက်ပိုင်းဗန်းမော် မြို့၏ အဓိက ခံစစ် ကျိုးပေါက်သွား၍ စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ထိုင်ခုံကိုစတင် ခြိမ်းခြောက်ခံလာရသည်။
KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ၄ရက်မှစတင် ထိုးစစ်တင်ရာ တိုက်ပွဲကာလ ရက်၂၀ နီးပါးရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်စွဲထားရာ နေရာ ဆယ်နှင့် ချီ၍ KIAက သိမ်းယူထားသည်။ ဒီဇင်ဘာ ၁၈ ရက်မှစ၍ KIA နှင့် မဟာမိတ်တပ်များကထိုးစစ်ကိုထပ်မံအရှိန်တင်၍ စကခ (၂၁) အပါအဝင် စစ်တပ်လက်ကျန်စခန်းများကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်းကြောင်းရေကြောင်းမှ စစ်ကူမပို့နိုင်တော့၍ လေကြောင်းပစ်ကူကိုအဓိကသုံးပြီး စကခ(၂၁)ထဲမှနေ၍ ခုခံတိုက်ခိုက်နေသည်။
KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေစဥ် တစ်ချိန်တည်းတွင် AAက ရခိုင်ပြည်နယ်မှ အမ်း၊ မောင်တော၊တောင်ကုတ်မြို့သိမ်းတိုက်ပွဲများကို ၆ ရက်စီခြား၍ လက်စသတ်ခဲ့သည်။ဒီဇင်ဘာလ၈ရက်တွင် မောင်တောမြို့မှ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ (၅)ကို အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ပြီး မောင်တောမြို့သိမ်းတိုက်ပွဲလက်စသတ်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) မှ စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရှင်ဖမ်းမိခဲ့သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ဘူးသီးတောင်မောင်တောဒေသမှ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုများတွင်အဓိက ပါဝင်ခဲ့သူတဦးဖြစ်သည်။
ထို့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းစစ်ဦးစီးချုပ်တာဝန်ယူခဲ့စဉ် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အတူ နန်းတွင်းစစ်ကြောရေး၌ နိုင်ငံရေးအကျဥ်းသားများ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများကိုကြိုကိုင်ခဲ့သည်။မန္တလေးမြို့မှ ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ NLDပါတီဝင်များ၊ စစ်ကောင်စီဆန့်ကျင်သူများအား သတ်ဖြတ်လောင်းဖျောက်မှုများကဲ့သို့ စစ်ရာဇဝတ်မှုများကျူးလွန်ထားသည်။
ရခိုင်ပြည်နယ်သို့ တကျော့ပြန် ပြန်ရောက်လာစဥ်တွင်လည်း လူမျိုးရေး ၊ဘာသာရေး ပြသာနာများကို ဖန်တီးခဲ့သည်။ ရခိုင်ပြည်သူများ နှင့် ရိုဟင်ဂျာပြည်သူများ ၊ ရိုဟင်ဂျာ နှင့် အာရက္ခတပ်တော်(AA)က ဘာသာရေး လူမျိုးရေး အမုန်းပွားစေပြီးပြသာနာများဖန်တီးခဲ့သူကို AAက နခခ(၅) နှင့်အတူ သိမ်းယူဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ၂၀ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းပိုက်သည့်တိုက်ပွဲတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုပါ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့သည်။၎င်းတို့ကို စစ်ဆေး၍ ဥပဒေအတိုင်းစီစဉ်မည်ဟု AAက ထုတ်ပြန်ထားသည်။
ဒီတခါ အလှည့်ကျမည့်သူက ဗိုလ်မှူးချုပ်တင်မင်းလတ်ဟု စစ်ကောင်စီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပါ သုံးသပ်ထားသည်။ ဗန်းမော်မြို့သိမ်းထိုးစစ်ကို အရှိန်မြှင့်နေသည့် KIA က စကခ(၂၁)ထဲမှ စစ်ကောင်စီတပဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ရာဇသံပေးထားသည်။
လူမျိုးတုံး စစ်ရာဇဝတ်မှုကျူးလွန်ထားသူ ဗိုလ်မှူးချုပ်တစ်ဦးကို AAကဲ့သို့ ဖမ်းဆီးရန် KIA တွင်လည်း အခွင့်အရေးရှိနေသည်။
သူသည် ဖေစ်ဘွခ်အကောင့်တွင်မူ စစ်ဗိုလ်ချုပ်များ ထုံးစံအတိုင်းတိုက်ပုံမချွတ်ဘဲ ဘုရာဒကာ ကဲ့သို့သော မျက်နှာဖုံးကိုတပ်ထားပါသည်။သို့သော် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် သူပါဝင်ခဲ့ခြင်းကအာဏာသိမ်းခေါင်းဆောင် နှင့် ICC ၊ICJ တို့တွင်အမှုတွဲဖြစ်၊မဖြစ်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။
ဖေစ်ဘွခ် အကောင့်ကို Public ဖွင့်ပြီး စိတ်ကူးပေါက်တိုင်း လူမျိုးရေးနှင့်ဘာသာရေးအမုန်းတရားများလှုံ့ဆော်ခဲ့သည့်ဗိုလ်မှူးချုပ်တင်မင်းလတ်မှာ ဒီဇင်ဘာလဆန်းပိုင်းတွင် သူ့အကောင့်မှပိုစ်များအား Only me လိုက်ပြီဖြစ်သည်။ သို့သော် သူ့ကျူးလွန် ခဲ့သော ရာဇဝတ်မှုများကိုမူ Only Me လုပ်၍ သူခြေရာဖျောက် ရမည်မဟုတ်ပေ။ ။