ဟန်နွေ/People’s Spring
“ဒီအချိန်ဆိုဆောင်းနှင်းတွေကျမယ်… တောင်ပေါ်ကို လွမ်းမိပါတယ်…ချယ်ရီ၊ တောင်ဇလပ်ပန်း တို့ပွင့်ဝေလိမ့်မယ်။ အိမ်ကိုပဲပြန်ချင်တဲ့စိတ်ထိန်းမရတယ်”
HKL Mindat လို့ လူမှုကွန်ရက်မှာ လူသိများတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ခံ ကိုဟာကလေး အိမ်ကို သတိရတိုင်းဆိုဖြစ်တဲ့ သီချင်းထဲက စာသားပါ။
ဆလိုင်းအောင်လောဟာ သီဆိုထားတဲ့ “ခွင့်လွှတ်ပါ တောင်ပြာ” ဆိုတဲ့ သီချင်းကို ကိုဟာကလေးက Cover ပြန်ဆိုပြီး မနှစ်က(၂၀၂၃) ဒီဇင်ဘာ ၂၀ရက်က သူ့ရဲ့ဖေစ်ဘွတ်ခ် အကောင့်မှာ တင်ထားပါသေးတယ်။ ဟာကလေး ဒါမှမဟုတ် ခွင့်လွှတ်ပါတောင်ပြာလို့ ဖေ့စ်ဘွတ်ခ် ရဲ့ Serch မှာ ရိုက်ကြည့်ရင်တောင် အဲဒီ Cover ပြန်ဆိုထားတာကို တွေ့ရနိုင်ပါတယ်။
အဝေးရောက်နေတဲ့ ချင်းတစ်ယောက်ဟာ ငယ်ရွယ်စဉ်ကလေးဘ၀က ပျော်ရွှင်စရာ ကောင်းလှတဲ့ မွေးရပ်ဇာတိမြေကို ပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့အပေါ် ခွင့်လွှတ်ပေးဖို့ ပြောထားတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။
တကယ်တော့ အိမ်ကို မပြန်နိုင်တာ ကိုဟာကလေးတယောက်တည်းတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြတဲ့ မင်းတပ်မြို့ခံတွေ ပြီးတော့ ချင်းပြည်နယ်သားတွေနဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုများစွာ အိမ်နဲ့ခွဲခွာရတာ၊ မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ကွဲကွာခဲ့ကြရတာတွေဟာ စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ကြုံခဲ့ကြရတာပါ။ တချို့ကျတော့ ဘယ်တော့မှ ပြန်ဆုံခွင့်မရတော့ဘဲ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့်၊ စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်စတေးခဲ့ကြရတာတွေများစွာ မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတာပါ။
ဒါပေမဲ့ အာဏာသိမ်းမှု သုံးနှစ်ကျော် လေးနှစ်အကြာမှာတော့ အာဏာသိမ်းစစ်အုပ်စုဟာ အဘက်ဘက်က ပြိုလဲ စစ်ရှုံးနိမ့်မှု ပိုများလာခြင်းနဲ့အတူ အိမ်ပြန်ခွင့်ရတဲ့ တော်လှန်ပြည်သူတွေဟာလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လို့လာပါတယ်။ အားလုံး အိမ်ပြန်ခွင့်ရမယ့် မျှော်လင့်ချက်ဟာလည်း တော်လှန်ရေးအရှိန်မြှင့်လာတာနဲ့အတူ ပိုမိုတောက်ပလာပါတယ်။
အဲဒီအထဲမှာ မနှစ်က အိမ်မပြန်နိုင်သေးလို့ မြို့ကို သတိရကြောင်း သီချင်းဆိုခဲ့တဲ့ ကိုဟာကလေးတစ်ယောက်ကတော့ ဒီနှစ်မှာ သီချင်းထပ်ဆိုစရာမလိုတော့ပါဘူး။ပြန်မလာနိုင်သေးလို့ ခွင့်လွှတ်ဖို့လည်း မြို့ကလေးကို ပြောပြစရာမလိုတော့ပါဘူး။
ဘာလို့လည်းဆိုတော့ ကိုဟာကလေးတို့ မင်းတပ်သူ၊မင်းတပ်သားတွေဟာ ၂၀၂၄ ဒီဇင်ဘာ ၂၁ရက် မှာ သူတို့ရဲ မင်းတပ်မြို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့လို့ပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် ကိုဟာကလေးက မနှစ်ကဖေ့စ်ဘွတ်ခ်မှာ ခွင့်လွှတ်ပါတောင်ပြာ သီချင်း ဖော်ပြတဲ့ တစ်နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်မှာပဲ မင်းတပ်မြို့ဟာ စစ်ကောင်စီ လက်အောက်ကလွတ်မြောက်ပြီး မြို့သူမြို့သားတွေပိုင်တဲ့မြို့ ပြန်ဖြစ်လာခဲ့တာပါ။ အလွယ်တကူတော့ မဟုတ်ပါဘူး။ မင်းတပ်သူ မင်းတပ်သားတွေရဲ့ အသက်၊
ခန္ဓာ၊ သွေး၊ ချွေးများစွာ ပေးဆပ်ပြီး မြို့ကို ပြည်သူ့လက်ဝယ် ပြန်လည်ရယူခဲ့ကြရတာလည်းဖြစ်ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တွေကာ ၂၀၂၀ ရွေးကောက်ပွဲ လေးနှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ၂၀၂၄ နိုဝင်ဘာ ၉ရက်မှာ မင်းတပ်မြို့သိမ်း စစ်ဆင်ရေး စတင်ခဲ့ပြီး ရက်ပေါင်း ၄၀ကျော်အကြာ ဒီဇင်ဘာ ၂၁ရက်မှာ မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်ရင်းကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်မှုတွေရှိသလို စစ်သုံ့ပန်း ရာနဲ့ချီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ကြီးငယ်များစွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း CDF တပ်မှူးရဲ့ လူမှုကွန်ရက်က အသိပေးချက်အရ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်၊ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော် ၂၀၀ ဦး လောက်ရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်သူ စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံလောက်ကတော့ ဒဏ်ရာရ နေတဲ့ ကြားက စစ်မြေပြင်မှာ ပြန်လည် တိုက်ပွဲဝင်ခဲ့ကြတယ်လို့ လည်း CDF တပ်မှူးကပြောပြထားပါတယ်။
ဒီလို ထိခိုက်သေဆုံးမှုတွေဟာ ရွေးကောက်ခံအရပ်သားအစိုးရဆီက လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကြောင့်သာဖြစ်ပါတယ်။
တကယ်တော့ စစ်တပ်အာဏာမသိမ်းမီက မင်းတပ်မြို့ နဲ့ စစ်တပ်အကြား အခြေအနေကအခုလိုမဟုတ်ခဲ့ပါဘူး။
စစ်အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလ လဆန်းကဆိုရင် စစ်ကားကြီးတွေနဲ့ ရှေ့တန်းက ပြန်လာတဲ့ တပ်မတော်သားတွေကို မင်းတပ်မြို့ခံတွေက ကြိုဆိုခဲ့ကြ ဒေသထွက် ခေါင်ရည်တွေ တိုက်၊ လက်ဆောင်တွေ ပေးခဲ့ကြတဲ့ မြင်ကွင်းတွေ တကယ်ရှိခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်၀ ခွင်(ဂွင်)ကနေ ပြန်ဆင်းလာတဲ့ တပ်မ (၇၇) ရဲ့ စစ်ယာဉ်တန်းတွေ မင်းတပ်မြို့ကို အဖြတ် မင်းတပ်မြို့ခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်ဆိုတာ တကယ်ရှိခဲ့ပါတယ်။ အခုအချိန်ထိ မှတ်တမ်းတွေရှိပါတယ်။ ရှေ့တန်းပြန် အရာရှိက မင်းတပ်မြို့သား ချင်းလူမျိုး ကိုရှိန်းလိန်း လို့ ခေါ်တဲ့ ဗိုလ်ကြီး ထွန်းမြတ်အောင် ပါတဲ့ စစ်ကြောင်းကို အပြုံးတွေနဲ့ကြိုဆို မေတ္တာတွေ ပေးခဲ့ကြတာပါ။ အဲဒီ အရာရှိ ဗိုလ်ကြီး ထွန်းမြတ်အောင်ကလည်းမင်းတပ်သား ပီပီ စစ်အာဏာသိမ်းမှုကိုအစောဆုံး ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သူတဦးဖြစ်ပါတယ်။
တပ်မတော်ကို ရန်သူလို့ မင်းတပ်သားတွေ မထင်ခဲ့ကြပေမယ့် အာဏာရူး အာဏာသိမ်းစစ်တပ်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့ကြတဲ့ မင်းတပ်မြို့ ပြည်သူတွေကို ဖိနှိပ်ခဲ့ပါတယ်၊ ပြည်သူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။ မြို့ကလေးကို လက်နက်ကြီးတွေနဲ့ပစ်၊ လေကြောင်းက ဗုံးတွေ ကြဲခဲ့တာကြောင့် မြို့ကလေးနဲ့ မြို့ခံတွေဟာ နိုင်ငံတဝန်းက အခြားဒေသတွေမှာလိုပဲ ပြည်သူတွေ မြို့ကို စွန့်ခွာရ၊ တိမ်းရှောင်ရ၊ စစ်ဘေးရှောင်ရနဲ့ပေါ့။
“ဘယ်သူတွေက မေတ္တာတရားတွေကို ကျောခိုင်းခဲ့တာလဲ၊ ဘယ်သူတွေက သေနတ်မောင်းကို အရင်ဖြုတ်ခဲ့တာလဲ “ ဆိုတာ မင်းတပ်မြို့ခံတွေရဲ့ မေးခွန်းပါပဲ။
လောကမှာ မေတ္တာတရားနဲ့ မထိုက်တန်တဲ့ သူတွေတကယ် ရှိတယ် အဲဒီလူတွေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကိုလည်း မင်းတပ်သူမင်းတပ်သားတွေက နွေဦးတော်လှန်ရေးမှာ မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာပဲ မင်းတပ်မြို့ခံတွေက စစ်အာဏာစနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအထဲမှာ ကိုဟာကလေး တစ်ယောက်လည်း ပါဝင်ပြီးတော့ မင်းတပ်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု မှတ်တမ်းတွေကို နိုင်ငံတဝန်း သိရှိအောင် ဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။
“ဤစည်းကို ကျော်လျှင်ပစ်မည်” ဆိုတဲ့မင်းတပ်မြို့ရဲ့ အဓိက လမ်းမပေါ် စာရေးပြီး ပြည်သူတွေကို ခြိမ်းခြောက်ခဲ့၊ တကယ်လည်း ပစ်ခတ်ဖမ်းဆီးမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရဲ့ မှတ်တမ်းတွေကို အခုထိ မြင်တွေ့ရနိုင်ပါတယ်။
“ကျနော်တို့ လုပ်ရပ်ကို စိတ်သန့်လို့ နေ့တိုင်းမှတ်တမ်းပုံတင်ကြတယ်။ ခင်ဗျားတို့လုပ်ရပ်ကို ခင်ဗျားတို့ မှတ်တမ်းမတင်ထားလို့ ကျနော်တင်ပေးထားတယ်။ စစ်အာဏာရှင် လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူတွေနဲ့ လာပူးပေါင်းပေးကြပါ” ဆိုပြီး ကိုဟာကလေးက ၂၀၂၁ မတ်လ ၁ရက်မှာ ဆန္ဒပြ လူအုပ်ကို လက်နက်အားကိုးနဲ့ တားဆီးနေကြတဲ့ စစ်ကောင်စီ လက်ပါးစေတွေကို တောင်းဆိုခဲ့ပေမယ့် စစ်တပ်ဘက်က တုန့်ပြန်မှုက စည်းတွေ အထပ်ထပ်တားပြီး စစ်ခေါင်းဆောင်တွေ အလိုကျ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ကြပါတယ်။
မင်းတပ်မြို့ခံတွေရဲ့ တုန့်ပြန်မှုကလည်း ရိုးရှင်းပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို လက်နက်အားကိုး တုံ့ပြန်ခဲ့ကြတဲ့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှုနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရိုးရာတူမီးသေနတ်တွေ သုံးပြီး နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို ပထမဆုံး လက်နက်ကိုင်တော်လှန်ခဲ့တာဟာ မင်းတပ်သားတွေပါ။ တူမီးတော်လှန်ရေးရဲ့ အောက်မှာ စစ်ကောင်စီတပ်ဟာလည်း အလဲလဲ အကွဲကွဲ အကြိမ်ကြိမ်ပါပဲ။ တူမီးနဲ့ အစပြု စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ သာမန်အရပ်သားလေးတွေဟာ နှစ်အနည်းငယ် အတွင်းမှာ မောင်းပြန်သေနတ်တွေ၊ လက်နက်ကြီးတွေကိုင်ပြီး မင်းတပ်မြို့ကို သိမ်းပြနိုင်တယ်လို့ ဘယ်သူတွေက တွေးထင်ထားကြမလဲနော်။
၂၀၂၁ ဧပြီလကစပြီး လက်နက်ကိုင် တော်လှန်ခဲ့ကြတဲ့ မင်းတပ်သားတွေဟာ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲခေါ်သံကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ။ ဧပြီ ၂၃ရက် မင်းတပ် ဂေါက်ကွင်းတိုက်ပွဲမှာဆိုရင် ခေတ်မီလက်နက်ကြီး လက်နက်ငယ်မျိုးစုံတပ်ဆင်ထားတဲ့ အင်အားများစွာပါတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို လက်လုပ်တူမီးနဲ့ ခုခံတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်အထိနာခဲ့တဲ့ မြင်ကွင်းဟာ ပြည်သူ့တော်လှန်ရေးအတွက် အားတက်စရာမြင်ကွင်းလည်းဖြစ်ခဲ့ပါတယ်။ ဂေါက်ကွင်းတိုက်ပွဲမှာ မင်းတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကား ၅ စီးရဲ့ မြင်ကွင်းဟာ အဲဒီတုန်းက စစ်ကောင်စီအတွက် အရှက်ရစရာပါ။ လက်နက်ခဲယမ်းတွေကိုလည်း မင်းတပ်သားတွေ သိမ်းရခဲ့ပါတယ်။
အခုကတော့ စစ်ကောင်စီအနေနဲ့ အဲဒီလောက်ပမာဏကို ရှက်တော့မှာမဟုတ်ပါဘူး။ ရမခ လိုနပခလို တိုင်းစစ်ဌာနချုပ်တွေ အပါအဝင် စစ်တပ်စခန်းထောင်ချီ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းပိုက်မှု ခံနေရပါပြီ ။ လေယာဉ်၊ သင်္ဘော၊ သံချပ်ကာ၊တင့်ကား စတာတွေနဲ့ မရေမတွက်နိုင်လောက်တော့တဲ့လက်နက်ကြီး၊လက်နက်ငယ်များစွာ စစ်ကောင်စီဟာ ဆုံးရှုံးနေရပါပြီ။ မင်းတပ်အပါအဝင် နိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်တာက ပြည်သူတွေရဲ့ အိမ်ပြန်ခွင့်အိပ်မက် လက်တွေ့ဖြစ်လာဖို့ မျှော်လင့်ချက်တွေလည်းဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး အစကတည်းက စစ်ကောင်စီကို အရှင်ရ ။အထိနာစေခဲ့တဲ့ မင်းတပ်မြို့နဲ့ မင်းတပ်သားတွေကို စစ်ကောင်စီဘက်ကလည်း အငြိုးနဲ့ တုန့်ပြန်ခဲ့တာပါ။ ၂၀၂၁ တူမီးတော်လှန်ရေးကို စစ်တပ်က ရဟတ်ယာဉ်တွေသုံး ၊လက်နက်ကြီးတွေနဲ့မောင်းပြန်တွေ သုံးတိုက်ခိုက်တုံ့ပြန်ခဲ့သလို ၂၀၂၄ နိုဝင်ဘာ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကိုလည်း စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့တာပါ။
ဒါပေမဲ့ မင်းတပ်သားတွေရဲ့ အိမ်ပြန်ချင်စိတ်ကို တားမရဘဲ ခရစ္စမတ်ကာလအကြို ဒီဇင်ဘာ ၂၁ရက်မှာ မင်းတပ်သားတွေအိမ်ပြန်ခွင့် မြို့ကို ထိန်းချုပ်ခွင့်ကို အရှက်တကွဲ အရှုံးတွေနဲ့အတူ စစ်ကောင်စီဘက်က ခွင့်ပြုပေးခဲ့ရပါတယ်။ CDF -မင်းတပ်နဲ့ မဟာမိတ်တွေဟာ မင်းတပ်မြို့က ရဲနဲ့ တပ်သား ရာနဲ့ချီ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့ကိုသာမကကပ်လျက်မှာရှိတဲ့ ကန်ပက်လက်မြို့ကိုပါ ဒီဇင်ဘာ ၂၂ရက်မှာ လက်လွှတ်လိုက်ရပါတယ်။ မင်းတပ်မြို့ကျရှုံးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက် ညမှာပဲ ကန်ပက်လက်က စစ်သားနဲ့ ရဲတွေဟာ မြို့ကနေ ဆုတ်ခွာထွက်ပြေးသွားလို့လို့ တော်လှန်ရေးတပ်တွေက တိုက်ပွဲမဖြစ်ရဘဲ မြို့ကို သိမ်းပိုက်လိုက်နိုင်တာပါ။
“တိုက်ပွဲခေါ်သံကို တူမီးနဲ့ အနိုင်ယူပြီးတော့ တိုက်ခဲ့တဲ့ တိုက်ပွဲခေါ်သံကို ဖော်ဆောင်ပေးခဲ့တဲ့ သမိုင်းထဲက မြို့လေးဖြစ်တယ်။ ပြောရမယ်ဆိုရင် မင်းတပ်မြို့ ဆိုတာ ဒီတော်လှန်ရေးရဲ့ တိုက်ပွဲခေါ်သံကို မောင်းတင်ပေးလိုက်တဲ့ မြို့လေးဖြစ်တယ်။ အဲဒီ မြို့လေးဟာ ဒီကနေ့ စစ်ကောင်စီ အားလုံးကင်းစင်ပြီး လွတ်မြောက်သွားပြီဆိုတော့ ဒီရဲ့ ပိတီတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေး ပြည်သူပြည်သားအားလုံးမှာ ကူးစက်တယ်။ အလွန်ကို ကူးစက်တယ်။”လို့မင်းတပ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကမင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု အပေါ် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
ဦးနေလင်းအောင်ဟာ ချင်းညီနောင်ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) သဘာပတိအဖွဲ့ဝင် ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြုပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မင်းတပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက် မြို့သိမ်းအောင်ပွဲ မှာ တိုက်ပွဲဝင်ရဲဘော်တွေကို ဂုဏ်ပြုကြောင်း ပြောဆိုရာမှာ အခုလို ပြောဆိုခဲ့တာပါ။
“မင်းတပ်တိုက်ပွဲက တရှိန်ထိုးနဲ့ နိုင်လိုက်တာနဲ့ ကန်ပက်လက်မှာ ရှိတဲ့ စစ်ကောင်စီက တခါတည်း စစ်တပ်က ကြောချမ်းပြီးထွက်ပြေးကြတာပါ။ အဲဒါကူးစက်သွားတာ။ ဒီတော်လှန်ရေးက တကယ်နိုင်လိုစိတ်နဲ့ တကယ်တိုက်တယ်ဆိုရင် တကယ်။ စစ်ကောင်စီက ခွန်အားနဲ့တိုက်နေတာ မဟုတ်ဘူး။ သူတို့ရဲ့လမ်းမှာ ပန်းတိုင်မရှိဘူး ကျနော်တို့ ပြည်သူလူထုမှာ ပန်းတိုင်ရှိတယ်။ သူတို့မှာ ပန်းတိုင်းမရှိဘူး။ သူတို့မှာ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိဘူး။ အမိန့်အာဏာ တခုတည်းနဲ့ သာ သူတို့က တော်လှန်ရေးကို ခုခံနေတာဖြစ်တယ်။ အကြောက်တရားတွေနဲ့သူ သူတို့ လုပ်နေတာဖြစ်တယ်” လို့လည်း ဦးနေလင်းအောင်က ပြောပါတယ်။
နိုင်ငံတဝန်းက တော်လှန်ရဲဘော်တွေအနေနဲ့လည်း တူမီးနဲ့ စစ်ကောင်စီကို ခုခံ အောင်ပွဲခံခဲ့ကြတဲ့ မင်းတပ်ပြည်သူတွေကို လေ့လာပြီး တိုက်ပွဲဝင်မယ်ဆိုရင် လာမယ့်နှစ်မှာ စစ်ကောင်စီ တနိုင်ငံလုံး ကင်းစင်လိမ့်မယ်လို့လည်းသူက ပြောပါတယ်။ စည်းလုံးညီညွတ်မှုနဲ့အတူ မဟာမိတ်တွေနဲ့အတူ နိုင်လိုစိတ် ပြင်းပြရှိတယ်ဆိုရင် တကယ်နိုင်တယ်ဆိုတာ မင်းတပ်မြို့က သက်သေပြခဲ့ပြီလို့လည်း ပြောပါတယ်။
“တော်လှန်ရေးရဲ့တပ်ဦး တိုက်မောင်းသံပေးခဲ့တဲ့ မင်းတပ်မြို့ကြီးလွတ်မြောက်ပြီဖြစ်သည့်အတွက် များမကြာမီမှာ ကျနော်တို့ရဲ့တော်လှန်ရေး ရဲဘော်ရဲဘက်တွေကလည်း မြန်မာတနိုင်ငံလုံးက စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်တော့မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ကြရအောင်” လို့လည်း ဦးနေလင်းအောင်က တိုက်တွန်းပါတယ်။
ပြည်သူတွေကို လက်နက်အားကိုးနဲ့ ဖိနှိပ်၊သတ်ဖြတ်ကြတဲ့ စစ်ကောင်စီအတွက်တော့ မင်းတပ်မြို့ အဖြစ်အပျက်ဟာ သင်္ခန်းစာယူမယ်ဆိုရင် ယူလို့ရနိုင်ပါတယ်။ ပြည်သူ့ရဲ့ မေတ္တာ ရယူနိုင်ဖို့ မကြိုးစားခဲ့ပဲ အစွမ်းကုန်အကြမ်းဖိနှိပ်ရက်စက်ခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူ့အမုန်းအောက်မှာ အရှုံးကြီးရှုံးနေကြတာဟာ အာဏာသိမ်းကာလ ကြာလာလေလေ ရှင်းရှင်းလင်းလင်းမြင်သာလာလေပါပဲ။
တချိန်တုန်းက စည်းကျော်ရင်ပစ်မယ်ဆိုတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လမ်းမတွေထက်မှာ ပြည်သူတွေရဲ့ အကျဉ်းသားအဖြစ်နဲ့ရှုံးနိမ့်နေတဲ့ မြင်ကွင်းကို မင်းတပ်မြို့ မင်းတပ်-မတူပီ လမ်းမမှာ မြင်တွေ့နေကြရပြီဖြစ်ပါတယ်။
ဒါ့အပြင် လေးနှစ်လောက် မြို့ကိုစွန့်ခွာ နေအိမ်ကို စွန့်ခွာနေကြရတဲ့မင်းတပ်သားတွေရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒကိုလည်း စစ်ကောင်စီ မတားဆီးနိုင်တော့ပါဘူး။အဲဒီအထဲမှာ မင်းတပ် ဒေသခံ ကိုဟာကလေး တစ်ယောက်လည်း ခရစ္စမတ်ကာလမှာအိမ်ကိုပြန်နိုင်ခဲ့ပါပြီ။
“မြို့ထဲ စဝင်တော့ ဝမ်းနည်းဝမ်းသာ ဖြစ် မျက်ရည်ကျမတက် ပျော်မိတယ်ဗျာ”ဟု ကို ဟာကလေးက အိမ်ပြန်ခွင့်ရတဲ့ ခံစားချက်ကို ပြောပြသလို အဝေးရောက်နေတဲ့ အမျိုးတွေနဲ့ မြို့မှာမကြာမီ ဆုံတွေ့ကြရဖို့ အားတင်းထားကြဖို့လည်း အားပေးစကား ပြောပါတယ်။
တော်လှန်ရဲဘော်တွေရဲ့ အသက်၊ခန္ဓာပေးဆပ်မှုတွေကြောင့် အိမ်ပြန်ခွင့်ရခဲ့တာလို့လည်း သူက ပြောပါတယ်။
“သူတို့ရဲ့ ပေးဆပ်မှုတွေကြောင့်သာ ကျနော်တို့ အခုလိုမြို့ကိုပြန်ရနိုင်တာပါ။ ရဲစွမ်းသတ္တိနဲ့ ပြည်စုံတဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ အာဇာနည်သူရဲကောင်းတွေပါ”လို့ ကိုဟာကလေးက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ကြရတဲ့ မင်းတပ်သားရဲဘော်တွေကတော့ လွတ်မြောက်နေပြီဖြစ်တဲ့ ဇာတိမြို့ကို ပြန်ခွင့်ရဖို့ တောင်းဆု ခြွေခွင့်မရကြတော့တာမို့ တမလွန်မှာ “ခွင့်လွှတ်ပါ တောင်ပြာ” သီချင်းကို ဆက်ပြီး ဆိုနေကြမလားပဲ။
“ဒီအချိန်ဆို ဆောင်းနှင်းတွေကျမယ် … တောင်ပေါ်ကို လွမ်းမိပါတယ်… ချယ်ရီတောင်ဇလပ်ပန်းတို့ ပွင့်ဝေလိမ့်မယ်.. အိမ်ကိုပဲ ပြန်ချင်တဲ့ စိတ်ထိန်းမရတယ်… ငယ်ရွယ်စဉ် မွေးရပ်မြေ လေးမှာ ပျော်ရွှင်စရာတွေ အတိုင်းမသိလောက်အောင်ပဲ .. အရောင်လွင်တောင်ပြာကြီးရဲ့ အရိပ်မှာ ချမ်းမြေ့စွာ ရင်မှာ မမေ့နိုင်အောင်ပဲ ရှိခဲ့တယ်”
အများပြည်သူအတွက်ရဲရင့်စွာတိုက်ပွဲဝင်ရင်းကျဆုံးရဲဘော်တွေကို မြို့ကလေးက ခွင့်လွှတ်မှာပါ၊ မြို့သူမြို့သားတွေကလည်း ကျေးဇူးတင်နေမှာ အသေအချာပါ။ ဒီလိုပါပဲ နိုင်ငံတဝန်းက တော်လှန်ပြည်သူတွေဟာလည်း ပြန်မလာနိုင်တော့တဲ့ မိသားစုဝင်တွေကို အမှတ်တရရှိနေကြမှာပါ။
… တနေ့နေ့ တို့ ပြန်ဆုံဖို့ တောင်းဆုခြွေဆဲ
တောင်ပြာရေ မပြန်ဖြစ်လည်း ခွင့်လွှတ်ကွယ်…
(မင်းတပ်မြို့သိမ်းပြီးအောင်ပွဲခံနေသော ချင်းညီနောင်တပ်ဖွဲ့ဝင်များ နှင့်မင်းတပ် CDF တပ်ဖွဲ့ဝင်များ/ မင်းတပ်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်နှင့် နမည်ကျော်ဂေါက်ကွင်းတိုက်ပွဲ၌ စစ်ကားများကို မီးရှို့ထားစဥ်/ အိမ်ပြန်နိုင်ပြီဖြစ်သောကိုဟာကလေး။ဓါတ်ပုံ-CDF မင်းတပ်၊ HKL Mindat)