ဟာနာဆန်/People’s Spring
ဆောင်းကုန်လုလု တပို့တွဲလဆန်းရဲ့ နေ့တနေ့မှာ အသက်(၇၂)အရွယ် ဒေါ်ဝိုင်းတယောက် ရွာကိုစွန့်ခွာခဲ့တယ်။ သူအပါအဝင် သက်ကြီးဘိုးဘွားလေးဦးနဲ့ လူလတ်ပိုင်းနှစ်ဦးလည်း ပါပါတယ်။
ဒေါ်ဝိုင်းဟာ ကျစ်ကျစ်ပါအောင်ထုပ်ထားတဲ့အထုပ်ကလေး ရင်မှာပိုက်လို့ တထိတ်ထိတ်နဲ့ လိုက်လာခဲ့တယ်။ သူတို့ဦးတည်ရာကတော့သူတို့တည်သီးတောရွာနဲ့ အဝေးဆုံး၊ အဝေးဆုံးဆီကိုပါ။
ရွှေဘိုအနောက်ခြမ်းမှာရှိတဲ့ ဒေါ်ဝိုင်းတို့ တည်သီးတောရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရွာမှာရှိတဲ့ စစ်တပ်ထောက်ခံသူ အမာခံတွေနဲ့အတူ ပျူစောထီးခေါ်တဲ့ လက်နက်ကိုင်ပြည်သူ့စစ်တွေ ဖွဲ့လိုက်ကြတယ်။သူတို့ရွာနဲ့ကပ်လျက်ညောင်ကိုင်းကလည်း ပျူရွာတစ်ရွာဖြစ်လာခဲ့တယ်။

Public Service Announcement
တည်သီးတောကော ညောင်ကိုင်းကိုကောရွှေဘိုအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်လိုက်ကြတာ အုန်းအုန်းထလို့။ တိုက်ပွဲတွေလည်း မကြာမကြာဖြစ်ကြတိုက်ကြတယ်။ နှစ်ကြိမ်ထက်မနည်းလည်း ရွာထဲထိ ဝင်အတိုက်ခံရဖူးတယ်။ အသိမ်းခံရဖူးတယ်။ရွာထဲဗုံးသီးကျတာတွေကတော့ လေးနှစ်အတွင်း အကြိမ်ပေါင်း မရေနိုင်ဘူး။တော်လှန်ရေးအဖွဲ့တွေအင်အားကောင်းလာတော့ တည်သီးတောက ပျူတွေလည်း ရွာထဲကရွာပြင်မထွက်နိုင်ကြတော့ဘူး။စစ်တပ်ကလည်းရိက္ခာလည်းလာမပို့နိုင်ဘူး။ ဒီနှစ် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှာတော့ ရွာက တော်တော်လေးအခြေအနေဆိုးလာတယ်။
တည်သီးတောပျူစောထီးခေါင်းဆောင်မောင်စန်းက တစ်အိမ်ထောင်ကို ဆန်တစ်ပြည်ပဲရောင်းပေးတယ်လို့ ဒေသခံတွေက ပြောတယ်။
“ပျူတွေက တစ်ပတ်တခါနွားတွေသတ်တယ်။ အမဲခြောက်တွေလှမ်းပြီး အဲဒါတွေပဲစားသောက်နေတာ။ ပြည်သူတွေကျ ငတ်ငတ်ပြတ်ပြတ်နဲ့ထားတာ။”လို့ ထွက်ပြေးလာသူတွေရဲ့ ပြောစကားကို ကိုးကားပြီး သွားရောက်ကယ်ဆယ်ခဲ့တဲ့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံကိုဗလကြီးက ပြောပါတယ်။
ဒေါ်ဝိုင်းတို့တတွေဟာ အခုနှစ်ဆန်းပိုင်းမှာ စားနပ်ရိက္ခာ တော်တော်လေး ခက်ခဲလာခဲ့တယ်။ ဆန်မရှိတော့လို့ ပဲတွေကိုပဲဆီဆားမပါ ဗိုက်ထဲအစာရောက်တယ်ဆိုရုံလေး ပြုတ်စားနေခဲ့ရတယ်လို့ ပြောပြတယ်။ ရွာထဲမှာလည်း မိန်းမသားတွေလည်း မရှိကြတော့ဘူး။ ပျူစောထီးအဖွဲ့နဲ့ပတ်သက်တဲ့ မိန်းမသားတချို့နဲ့ သက်ကြီးလေးငါးဆယ်ယောက် လောက်ပဲ ရှိတော့တယ်။ ပျူကတော့ သုံးဆယ်ဝန်းကျင်ရှိတယ်။
နောက်ဆုံးတော့ အဝေးရောက်နေတဲ့ ဆွေမျိုးတွေကတဆင့် PDF တွေနဲ့ချိတ်ဆက်ပြီး ဒေါ်ဝိုင်းတို့တတွေ ရွာကထွက်ပြေးဖို့ပြင်ဆင်ကြတယ်။ ဒေါ်ဝိုင်းနဲ့အတူ ရွာက သက်ကြီးရွယ်အို အသက်(၆၇)နှစ်အရွယ် ဦးကြွေဇွန်းနဲ့ ဦးဝင်း၊ အသက်(၈၂)နှစ်အရွယ် ဒေါ်နွယ်နဲ့ ရွာက အသက်အကြီးဆုံးထဲပါတဲ့ အသက်(၉၀)အရွယ် ဒေါ်တင်အိတို့လည်း ပါတယ်။
သူတို့ သက်ကြီးရွယ်အို လေးယောက်အပြင် အသက်(၄၂)နှစ်အရွယ် ကိုငနိုင်နဲ့ အသက်(၃၈) နှစ်အရွယ် ကိုလှမင်းတို့လည်း ပါတယ်။ ကိုငနိုင်နဲ့ ကိုလှမင်းတို့က လူလတ်ပိုင်းတွေပေမင့် ပျူစောထီးအဖွဲ့ထဲ မပါပါဘူး။ ဒေါ်ဝိုင်းတို့သက်ကြီးရွယ်အိုတွေရဲ့ သားသမီးတွေကလည်း ပျူလက်နက်ကိုင်ထဲ ဝင်မထားဘူးလို့ သိရတယ်။
ဇန်နဝါရီ ၈ ရက်နေက ဒေါ်ဝိုင်းတို့တတွေ ရွာကထွက်တော့ ရွာကပျူအဖွဲ့နဲ့တည့်တည့်တိုးပါတယ်။ ဒေါ်ဝိုင်းတို့ စိုးရိမ်ခဲ့ကြတယ်။ သို့ပေမဲ့ သူတို့ကို ပျူတွေက မတားခဲ့ဘူးတဲ့။ ပြောရရင် ဒေါ်ဝိုင်းတို့ကော ပျူတွေပါ ထမင်းမစားရတာ ရက်နှစ်ဆယ်လောက်ရှိနေပြီ။ သူတို့လည်းငတ်နေပြီ။ သူတို့ကိုယ်တိုင်တောင် ငတ်နေပြီဆိုတော့ သက်ကြီးဘိုးဘွားတွေကို “လွတ်ရာကျွတ်ရာ ထွက်ချင်ထွက်ကြ” ပြောလိုက်သတဲ့။
ဒေါ်ဝိုင်းတို့လည်း ဝမ်းသာအားရပဲ PDF အဖွဲ့နဲ့ ချိန်းဆိုထားတဲ့နေရာဆီ အပြေးအလွှားလာခဲ့ကြတယ်။ ဒေါ်ဝိုင်းတို့အဖွဲ့ထဲ မျက်စိမမြင်တဲ့ဘိုးဘွားကိုက နှစ်ဦးပါတယ်။ မျက်စိမမြင်တဲ့အဘိုးဆို တောင်ဝှေးလေးထောက်ထောက်စမ်းရင်းသွားပေမဲ့ မကြာခဏလဲတယ်။တခြားဘိုးဘွားတွေပါလမ်းတလျှောက် လေးငါးခါလောက် မှောက်ရက်တွေလဲလာတယ်။
PDF လေးတွေကလည်း ဘိုးဘွားတွေကိုလာကယ်ထုတ်ဖို့လာကြတယ်။ ချိန်းထားတဲ့နေရာမှာဆုံကြတယ်။ သို့ပေသိ ဘိုးဘွားတွေရဲ့နောက်မှာ ပျူတွေလိုက်မလာဘူးလို့ အာမမခံနိုင်တာကြောင့်သတိထားပြီး လာခေါ်ရတယ်။
“နောက်ကလက်နက်ကိုင်တွေပါလာမလား သေချာကင်းပုန်းဝပ်ပြီး စောင့်ရတယ်။ သေချာချိတ်ဆက်ပြီး ကယ်ထုတ်ရတာ။”လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုဗလကြီးက ပြောတယ်။
ခရီးတွင်သွားအောင် မျက်စိမမြင်တဲ့ ဘိုးဘွားနှစ်ယောက်ကို PDF ရဲဘော်လေးတွေက ကျောပိုးပြီးခေါ်ခဲ့ကြတယ်။
ချောင်းတနေရာရောက်တော့လည်း ဘိုးဘွားတွေပါနေတော့ရေအတိမ်အနက်သေချာကြည့်ရတယ်။ နောက်ပြီး ချောင်းအစပ်မှာကာထားတဲ့မိုင်းတွေရှိတော့ PDF ရဲဘော်တွေ တော်တော်လေးသတိထားပြီး ဘိုးဘွားတွေကို ခေါ်ဆောင်ခဲ့ရတယ်လို့ ရဲဘော်တွေက ပြောပြတယ်။
စခန်းရောက်တော့ ဒေါ်ဝိုင်းတို့တတွေကို PDF လေးတွေက ထမင်းကျွေးပါတယ်။ ရက်နှစ်ဆယ်လောက် ဝေးနေခဲ့ရတဲ့ထမင်းကို ဘိုးဘွားတွေ အားရပါးရစားကြတယ်။ ဘိုးဘွားတွေက ပြောတယ်။”ဒီထမင်းကို တရက်ပဲစားပြီး ဆယ်ရက်လောက်မစားဘဲ နေနိုင်တယ်။”တဲ့။
သက်ကြီးဘိုးဘွားတွေကို သွားရောက်ကယ်ထုတ်ပေးခဲ့တာကတော့ ရွှေဘိုအခြေစိုက်ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပါ။
နောက်ထပ်လည်း ပျူရွာတွေက ပြည်သူတွေ ထွက်ချင်ရင်လည်း ချိတ်ဆက် ကယ်ထုတ်ပေးမှာဖြစ်ပြီး လက်နတ်ကိုင်ဆောင်ထားတဲ့ ပျူစောထီးတွေလည်းအလင်းဝင် ထွက်လာချင်တယ်ဆိုရင် ကယ်ထုတ်ကာ ဆုငွေချီးမြှင့်မယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။
ရွှေဘိုနယ်တင်မကပါဘူး။ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်မှာလည်း ပျူရွာတွေကထွက်ပြေးလာတဲ့ ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေကစောင့်ရှောက်ပေးခဲ့ကြတယ်။ အလားတူ မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာလည်း ပျူရွာတွေမှာ မနေချင်တော့လို့ ထွက်ပြေးခိုလှုံလာတဲ့ ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေ ကြိုဆိုခဲ့ကြတယ်။
အခုတော့ တည်သီးတောပျူရွာက ဒေါ်ဝိုင်းနဲ့တကွ ဘိုးဘွားတွေကို ဗိုလ်ကျားရိုင်းအဖွဲ့နဲ့ ဗိုလ်ဂျပန်ကြီးအဖွဲ့က ကယ်ထုတ်ပြီး စစ်ရှောင်စခန်းမှာစောင့်ရှောက်ပေးထားတယ်။ တဘက်အဖွဲ့အစည်းရှိတဲ့ရွာကလူတွေဆိုပေမဲ့ ဘိုးဘွားတွေကို ကယ်ထုတ်ပေးလိုက်နိုင်တာကို တော်လှန်ရေးရဲဘော်တွေ ကျေနပ်ကြတယ်။
“တော်တော်ကိုဝမ်းသာတယ်။ ကယ်လိုက်နိုင်တာ ဝမ်းသာပီတိဖြစ်ရတယ်။ သူတို့က ပြည်သူဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ကလည်း ကူညီကယ်ထုတ်ရမှာပဲ။ ကျွန်တော်တို့က ပြည်သူကို မျက်နှာမူထားတဲ့အဖွဲ့တွေဆိုတော့ ပြည်သူကိုကယ်ထုတ်ရတာဝမ်းသာတာပေါ့။”လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။ ။
