ရှိန်း/People’s Spring
မနက် ၄ နာရီထိုးတာနဲ့ ဒေါင်းနီတပ်ဖွဲ့ကရဲဘော်တွေလှုပ်လှုပ်ရှားရှားဖြစ်ကြပါပြီ။ တပ်ဖွဲ့ကရဲဘော်တိုင်းမနက်ဆိုရင် ပြေးချိန် တစ်နာရီခွဲ နဲ့ ကာယလေ့ကျင့်ခန်း(PT)နာရီဝက် စုစုပေါင်း ၁ နာရီခွဲလေ့ကျင့်ခန်းပုံမှန်လုပ်ကြပါတယ်။
ဒီအချိန်ဆိုမနွေဦးလည်း ထပြီးရဲဘော်တွေနည်းတူလေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ သူမက ထောက်ပို့ရဲဘော်ဖြစ်ပြီး လာရောက်ကူညီပေးတဲ့သူမို့ ဒီလိုမနက်အစောကြီးထပြီးလေ့ကျင့် ခန်းမလုပ်လို့ရပေမယ့် သူမကတော့ တခြားရဲဘော်တွေနဲ့တန်းတူလေ့ကျင့်ခန်းပုံမှန်လုပ်ပါတယ်။
ဒီလိုတွေလုပ်နေပေမယ့် မနွေဦးဟာ မသန်စွမ်းတယောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ကနေ ၂၀၂၅ခုနှစ်အထိ တော်လှန်ရေးမှာ နေ့ညမပြတ်ပါဝင်နေသူတဦးပါ။

Public Service Announcement
မနွေဦးရဲ့ လက်တဖက်ကလည်းမွေးရာပါ လက်ချောင်းကလေးတွေမပါလာခဲ့ပါဘူး။
ဒါ့အပြင်ခြေထောက်တဖက်ဟာ မွေးရာပါ အရစ်ကလေးပါပြီး နာရီဝက်လောက်လမ်းလျှောက်တာနဲ့ ခြေထောက်ယောင်ပြီးကိုက်ခဲကာ တပတ်လောက်အထိဖျားတက်သူပါ။
“ငယ်ငယ်ကဆိုကျောင်းကနေအိမ်အပြန်တောင် အကိုတွေကကျောပိုးပြန်ခေါ်ရတာ “လို့ မနွေဦးကပြောပါတယ်။
ခြေထောက်တဖက်ကအနည်းငယ်ထော့နဲ့ဖြစ်ပြီး ခြေတပေါင်ချိုးလမ်းလျှောက်ရသလို ဖင်တရွတ်တွန်းသွားခဲ့ရတာလို့ မနွေဦးကသူ့ရဲ့ငယ်ဘဝလမ်းလျှောက်ရပုံကိုပြန်ပြောပြပါတယ်။
ဒီခြေထောက်ဒဏ်ရာဟာ တဘဝလုံးသူမကို ဒုက္ခအပေးဆုံးဝေဒနာဖြစ်ခဲ့တယ်လ်ို့မနွေဦးကဖွင့်ဟပါတယ်။ဒါပေမယ့် မတရားတာကိုရွံ့မုန်းသူမို့ စစ်တပ်အာဏာသိမ်းတာကို ဖီဆန်တော်လှန်ဖို့ အတွက် အဲဒီဝေဒနာတွေက မတားဆီနိုင်ပါဘူး။
ဒါကြောင့်ဝေဒနာကြားကပဲဆေးတွေသောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ပါဝင်ခဲ့ပါတယ်။.
ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန်ခံဖြစ်ခဲ့သူမနွေဦးဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက နိုင်ငံရေးကိုစိတ်ပါဝင်စားသူဖြစ်ပါတယ်။
ဒီအချက်ကို စစ်ကောင်စီကလည်းမြန်မြန်ဆန်ဆန်ရိပ်မိခဲ့ပါတယ်။၂၀၂၁ဖေဖော်ဝါရီလ၅ရက်နေ့မှာ ပဲဆန္ဒပြလှစတင်ခဲ့တဲ့ မနွေဦးတို့မြို့မှာ ၁၂ ရက်နေ့မှာ အပြင်းထန်ဖြိုခွင်းဖမ်းဆီးတာခံနေရပါပြီ။
သပိတ်ခေါင်းဆောင်တွေကိုတော့ ပုဒ်မ ၅၀၅တပ်ပြီး ညဘက်တွေမှာနေအိမ်တွေကိုလိုက်ဖမ်းနေတာမို့ မနွေဦးလည်းရှောင်တိမ်းခဲ့ပါတယ်။
“ကျွန်မ အမေ့ဆန္ဒကိုမမေးဘူး။အမေသမီးဒီမှာဆက်နေလို့မဖြစ်တော့ဘူး။ရန်ကုန်ကိုသွားမယ်။ဟိုမှာဆန္ဒဆက်ပြမယ်ဆိုပြီးထွက်လာခဲ့တာ”လို့မနွေဦးကပြောပါတယ်။
မိခင်ဖြစ်သူကဘယ်နှရက်ကြာမှာလဲလို့ပြန်မေးတာကို အလွန်ဆုံး ၂၁ ရက်လောက်ပေါ့လို့သာဖြေခဲ့ပါတယ်။ဒီလိုနဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာပဲ ပြည်သူလူထုအားနဲ့ နိုင်ကိုနိုင်မှာလို့ပြောပြီးထွက်လာခဲ့တာပါ။
“၂၁ ရက်လို့ ပြောပြီးထွက်လာခဲ့တဲ့ခရီးက အခု ၄ နှစ်ကျော်ပြီ ကျွန်မ အိမ်မပြန်နိုင်ခဲ့ဘူး”လို့မနွေဦးကပြောပါတယ်။
ရန်ကုန်မှာဆက် ဆန္ဒပြနေရင်းအဖမ်းအဆီးကြမ်းလာတော့ ၂၀၂၁ မေလမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA နယ်မြေကို စစ်သင်တန်းတက်ဖို့ထွက်လာခဲ့ပါတယ်။
မနွေဦးရဲ့အသက်က ၃၈ နှစ်ရှိပါပြီ။စစ်သင်တန်းရောက်တော့ မိန်းကလေးလည်းဖြစ်၊မသန်စွမ်းလည်းဖြစ်နေတာမို့ အစပိုင်းမှာသင်တန်းပေးမတက်ခဲ့ပါဘူး။
မနွေဦးက စစ်သင်တန်းတက်ဖို့စိတ်အားထက်သန်လွန်းတာမို့ တပ်စခန်းနဲ့အဝေးမှာရှိတဲ့တောင်တလုံးကိုကျော်ပြီး ရေသွားချိုးခိုင်းပါတယ်။မမြင်ရတဲ့လျှိုထဲကိုထပ်ဆင်းရတာမို့ သာမန်ခြေထောက်ကောင်းတဲ့သူတောင်သွားရခက်ခဲတဲ့နေရာမျိုးပါ။လမ်းတဝက်မှာ အားလျော့ချင်စိတ်တွေပေါ်လာပေမယ့် စစ်အာဏာရှင်တော်လှန်ချင်စိတ်ကပဲအနိုင်ယူသွားပြီး ရောက်အောင်သွားနိုင်ခဲ့တာမို့ အရည်
အချင်းစစ်တဲ့အဆင့် ကိုကျော်ဖြတ်နိုင်ပြီး စစ်သင်တန်းတက်နိုင်ခဲ့ပါတယ်။
“တော်လှန်စိတ်နဲ့ပဲရှင်သန်နေတာဖြစ်တဲ့အတွက် အရာအားလုံးကိုခက်ခဲပေမယ့်ကျော်ဖြတ်နိုင်ခဲ့တယ်”လို့ မနွေဦးကပြောပါတယ်။
ဒါပေမယ့် သင်တန်းမှာခြေထောက်ကဒဏ်ကြောင့်နေမကောင်းဖြစ်ပြီး မှတ်မှတ်ရရ Drip-၁၅ လုံးချိတ်ခဲ့ရပါတယ်။နေမကောင်းရာကနေ ပြန်ထကြိုးစားရင်းနဲ့ စစ်သင်တန်းတစ်လခွဲကိုဖြတ်ကျော်ခဲ့ရတာပါ။
တကယ်တော့ ဆန္ဒတွေပြချိန်ကတည်းက စိတ်ဆောင်နေတာမို့ခြေထောက်က အရင်ကလိုဆိုးဆိုးရွားရွားနာတာမျိုးမဖြစ်ပေမယ့် ဆေးသောက်ပြီးမှ လမ်းလျှောက်နိုင်တဲ့အခြေအနေကိုရောက်ခဲ့ပါတယ်လ။အခုဆိုရင်တော့ PTပြေးလေ့ကျင့်ခန်းတွေလုပ်နိုင်နေပြီး အာဏာမသိမ်းခင်ကလို ခံရခက်လှအောင် နာကျင်တာမျိုးအထိမဖြစ်တော့ဘူးလို့မနွေဦးကပြောပါတယ်။
“အခုလည်းကောင်းသွားတာတော့မဟုတ်ဘူး။ဆေးကြိုသောက်ရတာပေါ့။ဒါပေမယ့်အရင်လိုဆိုးဆိုးရွားရွားမဖြစ်တော့ဘူး”လို့ မနွေဦးကပြောပြပါတယ်။
KIAမှာ စစ်သင်တန်းတက်ရင်း အများနည်းတူကြိုးစားခဲ့ပါတယ်။ဒါ့အပြင် ထောက်ပို့ရဲဘော်အဖြစ်နေထိုင်ရင်း စက်ချုပ်သင်ကာ ဒီခြေထောက်နဲ့ပဲ KIA ကနေရှေ့တန်းပထမဆုံးထွက်တဲ့ရဲဘော်တွေအတွက် စစ်ဝတ်စုံနဲ့ အထည်၅၀ကျော်ချုပ်ပေးခဲ့နိုင်ပါတယ်။
အဲဒီနောက် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းနဲ့ချင်းပြည်နယ်ကတပ်ဖွဲ့တွေကိုလည်း NLDပါတီရဲ့ တာဝန်တွေနဲ့ သွားရောက်ထောက်ပံ့တာတွေလည်းလုပ်ပေးခဲ့ပါတယ်။ဒီလိုသွားလာနေရင်းကနေပဲ အသက်အန္တရာယ်ကြုံတွေ့ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ် နိုဝင်ဘာလပမှာ KIAတပ်ဖွဲ့ဆီကနေ စစ်ကိုင်းတိုင်းကတပ်ရင်းတွေဆီကို အဖွဲ့ဝင်အဖြစ်သွားချင်တဲ့အမျိုးသမီးရဲဘော်၂ဦးကိုလိုက်ပို့ချိန်ပါ။မနွေဦးတို့က ယင်းမာပင်နယ်ထဲကိုအခြေစိုက်ထားတဲ့တပ်ရင်းတခုဆီကိုသွားတာပါ။သူတို့အဲဒီကိုရောက်ချိန်တပ်ရင်းဘေးက သပြေအေးရွာမှာတိုက်ပွဲဖြစ်ပြီး လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခံရတာပါ။
“အကုန်သဲချောင်းလေးထဲဆင်းပြေးရတာ။လေယာဥ် ၅ စီးလောက် ခေါင်းပေါ်ကနေဝဲပြီး ပစ်လည်းပစ် ဗုံးတွေလည်းချ။တကယ်မှတ်မှတ်ရရပဲ” လို့ မနွေဦးကပြန်ပြောပြပါတယ်။
တခါကလည်း ၂၀၂၂ခုနှစ်ထဲမှာ ချင်းတောင်ကိုသွားချိန် မတူပီမြို့နယ်ထဲမှာ စစ်ကြောင်းအထိုးခံရတာနဲ့ကြုံရပါသေးတယ်။စစ်ကြောင်းသုံးကြောင်းနဲ့ထိုးလာတော့ မနွေဦးတို့ရှောင်တိမ်းကြရပါတယ်။
“အဲ့လိုစစ်ရှောင်ရတဲ့အချိန်မှာလေ အမျိုးသမီးရဲဘော်တွေရဲ့ဒုက္ခကအိမ်သာတက်ရတာပဲ။အဲတာတော်တော်ခက်ခဲတယ်။တကိုယ်ရည်သန့်ရှင်းမှုလည်းမရှိဘူး”လို့မနွေဦးကဖွင့်ဟပါတယ်။
ဖြစ်ချင်တော့ ဒေသခံတပ်ဖွဲ့တွေနဲ့မနွေဦးတို့ရှောင်တိမ်းချိန်မှာ အဖွဲ့ထဲစစ်တပ်သတင်းပေးပါလာပါတယ်။ ဘယ်သူမှမရိပ်မိသေးချိန်မှာတော့ မနွေဦးတို့ပြေးတဲ့နောက်ကိုစစ်ကြောင်းက ဆက်တိုက်လိုက်တာမို့ ၃ရက်ဆက်ကိုပြေးရပါတော့တယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်တနေရာမှာ ရေကလည်းအလွန်ရှားလှပါတယ်။သောက်စရာကရေကမရှိ လူတွေကပင်ပန်းနဲ့ပေါ့။အဲဒီအချိန်မှာ ရုတ်တရက်မိုးရွာပါတယ်။မိုးကပထမဆုံးမိုးဆိုတော့ ရှိသမျှအမှိုက်သရိုက်၊အညစ်အကြေးတွေဟာ ရေမရှိတဲ့ချောင်းလေးထဲကိုစီးဝင်လာပါတယ်။
“ရေကနီရဲပြီး ညစ်ပတ်နေတာပဲ။ရေမရှိရင်နွားခြေရာခွက်ထဲကရေတောင်သောက်ရသေးတာပဲဆိုတဲ့စိတ်နဲ့ ကြိတ်မှိတ်သောက်ခဲ့ရတယ် “လို့ မနွေဦးကအတွေ့အကြုံကိုမျှဝေပါတယ်။
အဲဒီနောက် စစ်သတင်းပေးရှိနေတာကိုသိတော့မှ မနွေဦးတို့ စစ်တပ်နောက်ကလိုက်တဲ့ဘေးကနေလွတ်မြောက်ခဲ့တာပါ။ဒီလိုပြေးရင်းလွှားရင်းပဲ ထောက်ပို့အဖြစ်ဆက်လက်တာဝန်ထမ်းနေပါတယ်။
တော်လှန်ရေးနယ်မြေအများစုကိုသွားလာနေရင်း စစ်တပ်ဂိတ်တွေကိုလည်းပုံစံမျိုးစုံနဲ့ဖြတ်ကျော်ခဲ့ရဖူးပါတယ်။တချို့PDFတပ်ရင်းတွေကိုရောက်ရင် အချင်းချင်းနေရာလုတဲ့ပြသနာတွေကြောင့် သွေးတိုးစမ်းတာမျိုးကြုံရပေမယ့် နောက်ဆုံးမှာပြေလည်ခဲ့တယ်လို့ဆိုပါတယ်။
“သူကဘာလဲ။နေရာလိုချင်တာလားဆိုပြီးစောင့်ကြည့်ခံရတာမျိုးတွေတော့ ကြုံရတယ် “လို့မနွေဦးကပြောပါတယ်။
ဒါပေမယ့်တော်လှန်ရေးရပ်တည်ချက်နဲ့ သူမရဲ့လုပ်ကိုင်ပုံကပဲ တခြားလူတွေရဲ့ သူမအပေါ်သံသယအမြင်တွေကိုခြေဖျက်သွားတယ်လို့ဆိုပါတယ်။
“ကိုယ်ကနေရာလိုချင်လို့မဟုတ်ဘူးလေ။ဒီစစ်အာဏာရှင်ဆိုတာ မြန်မာနိုင်ငံမြေပုံထဲတောင်မရှိမနေဖို့ပဲ လုပ်နေတာ”လို့မနွေဦးကပြောပါတယ်။
ဒီလိုမျိုးအခက်အခဲမျိုးစုံကြုံခဲ့ပေမယ့် ချင်းပြည်နယ်ကိုသွားချိန်မှာ ဒုတိယတပ်ရင်းမှူးတဦးကမနွေဦးကိုလက်ဆွဲနှုတ်ဆက်ရင်း သူဟာဒီတော်လှန်ရေးကို နိုင်အောင်ဆက်လုပ်ဖို့ တွန်းအားဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တခုကိုကြုံခဲ့ပါတယ်။
“လက်ဆွဲနှုတ်ဆက်ရင်ကျွန်မ လက်ချောင်းလေးတွေမပါတဲ့လက်ကိုပဲကမ်းလေ့ရှိတယ်။အဲတာကိုကြည့်ပြီးအမလိုလူကတောင်ဒီလောက်လုပ်နေတာ သူဒီထပ်ပိုလုပ်ရမယ်ဆိုပြီးပြောသွားတယ် “လို့ ရဲဘော်တစ်ဦးက ပြောခဲ့တာကို မနွေဦးက မှတ်မှတ်ရရပြောပြပါတယ်။
သမိုင်းဝင် ရှမ်းမန်းစစ်ဆင်ရေး ဆင်နွဲနေချိန်မှာလည်း မနွေဦးကထောက်ပို့အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေခဲ့တာပါ။ အဲဒီကနေ ဒေါင်းနီတပ်ရင်းမှူး ကိုလက်ယျာနဲ့က အရင်ကပါတီဝင်အချင်းချင်းသိကျွမ်းခဲ့တာရယ်၊တပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုစိတ်တိုင်းကြတာရယ် ၊တပ်အတွက်လုပ်ပေးနိုင်တာတွေရှိတာကြောင့် ၂၀၂၄ခုနှစ်စက်တင်ဘာလမှာ ဒေါင်းနီတပ်ဖွဲ့တည်ရှိရာ ဝက်လက်မြို့နယ်ကိုပြန်ရောက်လာပါတယ်။
ဒေါင်းနီတပ်ဖွဲ့မှာ ဟင်းအလှူရှင်ရှိတဲ့ရက်တွေဆို မီးဖိုချောင်ဝင်ပြီးချက်ပြုတ်တာတွေလုပ်ပေးသလို ထောက်ပို့တာဝန်တွေလည်းဆက်ပြီးထမ်းဆောင်နေပါတယ်။
ဝက်လက်နယ်ဟာ ကန္တာရဆူးလို့ခေါ်တဲ့ ဆူးသုံးခွတွေပေါတဲ့ဒေသဖြစ်တာမို့ ဖိနပ်အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ တကိုယ်ရေအသုံးဆောင်ပစ္စည်း၊စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေလည်းလိုအပ်နေတယ်လို့ မနွေဦးကပြောပါတယ်။
မနွေဦးရောက်ခဲ့တဲ့တပ်ဖွဲ့တိုင်းမှာ စားနပ်ရိက္ခာ၊အခြေခံလူသုံးကုန်ကအစ ပြည်သူတွေရဲ့အကူအညီနဲ့ပဲထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တချို့တပ်ရင်းတည်ထောင်မှုတွေမှာပါ ပါဝင်ခဲ့သလို လက်ရှိလည်းထောက်ပို့ထီရောင်းချရင်း ၊တပ်ရင်းအတွက်ငွေရှာကာ ထောက်ပို့တပ်သားအဖြစ်ဆက်ရှိနေပါတယ်။
၄ နှစ်ကျော်ကာလ တော်လှန်ရေးကိုဖြတ်သန်းလာရတဲ့ မနွေဦးလည်း အိမ်ကိုတော့လွမ်းနေပါပြီ။အိမ်ကိုလွမ်းပေမယ့် တော်လှန်ရေးပြီးမှ အိမ်ပြန်မယ်လို့ ရည်ရွယ်ထားတာကြောင့်တော်လှန်ရေးကိုလည်းအောင်မြင်စေချင်နေပါတယ်။
“အညာဒေသအောင်မြင်ဖို့ဆိုရင်အားလုံးစုစုစည်းစည်း၊ညီညီညွတ်ညွတ်သွားဖို့လိုတယ်။အဲ့လိုမှမဟုတ်ရင် အညာဒေသရဲ့အခြေအနေကစိုးရိမ်စရာကောင်းတယ်”လို့ မနွေဦးက လက်ရှိအညာဒေသရဲ့တော်လှန်ရေးအခင်းအကျင်းကိုလည်းသုံးသပ်ပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်သလို ခံယူချက်ပြတ်သားလှတဲ့ မနွေဦးဟာ မိခင်အကြောင်းပြောချိန်မှာတော့ ငိုသံစွက်လာပါတယ်။
“ပြန်လာတဲ့အချိန်အထိ အသက်ရှည်ကျန်းမာစွာစောင့်နေပေးပါလို့ပြောချင်ပါတယ်”လို့ ဝမ်းနည်းစွာငိုရင်းနဲ့အသက်၇၀ကျော်မိခင်ကို သတင်းစကားပါးလိုက်ပါတယ်။
အခုတော့သူဟာ ရှမ်းမန်းစစ်ဆင်ရေးမှာတာဝန်ကြေခဲ့ပြီး အညာမှာတိုက်ပွဲပြန်ဖော်နေတဲ့ ဒေါင်းနီတပ်ဖွဲ့မှာပဲဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။
ဒေါင်းနီတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးကိုလက်ျာကမနွေဦးနဲ့ပတ်သက်ပြီး “အမျိုးသမီးတယောက်အနေနဲ့တော်လှန်ရေးအပေါ်ယုံကြည်ချက်၊ခံယူချက်တွေကအရင်ထဲကနေပြီးတော့မှ တွဲပြီးမှ လုပ်ခဲ့ဖူးတာဖြစ်တဲ့အတွက်သူ့ရဲ့စိတ်ဓာတ်ကိုအများကြီးလေးစားတယ်။အခုလည်းတပ်ရင်းတပ်ဖွဲ့မှာ နောက်တန်းကိစ္စတွေမှာအများကြီးအထောက်အကူပြုပါတယ်လို့”ပြောပါတယ်။
မနွေဦးက တော်လှန်ရေးကာလ ကြာလာပြီမို့အခုလိုတောင့်ခံပေးနေကြတဲ့ ပြည်သူတွေကိုလည်း အားနာလှပြီ ဒါပေမယ့်တော်လှန်ရေးအောင်မြင်ဖို့ ဆက်ပြီးတောင့်ပေးကြပါလို့ သူကသတင်းစကားပါးလိုက်ပါတယ်။ ။
