Connect with us

Hi, what are you looking for?

ဆောင်းပါး

သင်္ကြန်မှာ အိမ်မပြန်နိုင်ကြ​သေးသူ​တွေ

ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။

ဟာနာဆန်/People’s Spring

စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နောက်ထပ် နှစ်ပတ်ကျော်ကျော်ဆိုရင် နိုင်ငံသူနိုင်ငံသားတွေရဲ့အသည်းနှလုံး နှစ်သစ်ကူး သင်္ကြန်ကာလကို ရောက်ရှိလာတော့မှာပါ။ ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။

အာဏာသိမ်းကာလမတိုင်ခင်ကတော့ သင်္ကြန်ရက်နီးပြီဆိုတာနဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေနဲ့ ပြည်ပနိုင်ငံတွေမှာအလုပ်လုပ်နေတဲ့ လူငယ်တွေဟာကိုယ့်ရပ်ရွာဒေသပြန်ဖို့ ပြင်ဆင်ကြပါတယ်။ တနှစ်လုံးခြစ်ကုပ်စုထားတဲ့ ငွေစကြေးစလေးတွေကို ထုတ်ရေတွက်ရင်း နယ်ကမိဘဘိုးဘွားတွေ၊ ညီကိုမောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေအတွက် ဝယ်ဖို့ခြမ်းဖို့ ပြင်ဆင်ကြတယ်။

သင်္ကြန်မရောက်ခင် အခုလို မတ်လကုန်ပိုင်းကတည်းက ကားလက်မှတ်တွေ ကြိုတင်ဝယ်ထားကြရတယ်။ အနီးကပ်မှဝယ်ရင် လက်မှတ်မရတာ၊ နေရာကောင်းမရတာတွေ ဖြစ်တတ်တာမို့ ဝိရိယထား ဝယ်ကြရတယ်။

Public Service Announcement

Public Service Announcement

အလုပ်တွေက သင်္ကြန်အကြိုမတိုင်ခင်တရက်မှစပိတ်ပေးတာမို့ အဲဒီနေ့ ပြန်ကြပြီဟေ့ဆို အဝေးပြေးကားတွေပေါ်မှာ ငါးပိသိပ်ငါးချဥ်သိပ် လိုက်ပါကြရတယ်။ ကားခေါင်မိုးပေါ်နေပူပူမှာ တိုးဝှေ့ထိုင်ရင်း အိမ်ပြန်ကြရတယ်။ဒါပေမယ့် အပြုံးအပျက်ကြဘူး။ နှစ်ချီလချီဝေးကွာနေကြတဲ့ အမေ့အိမ်ကို ပြန်ကြရမှာကိုး။ ရွာကထွေးညိုတို့ ဘကြီးမှုံတို့ကိုလည်း လွမ်းလှပြီကိုး။ ဒါကြောင့် ကားဘီးပဲဖက်လိုက်ရလိုက်ရ အပြုံးမပျက်ကြဘူး။

​မန္တလေးမြို့ပေါ်မှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က အသက်(၁၈)နှစ်အရွယ် မောင်ကျော်(အမည်လွှဲ)ကတော့ ဒီနှစ်သင်္ကြန်အိမ်မပြန်တော့ဘူးလို့ပြောတယ်။ “ပြန်လို့လည်းမရတော့ဘူး။ ရွာကလူကို မရှိတော့ဘူး။ အကုန်ပြေးနေရတယ်။”လို့ မောင်ကျော်က ပြောတယ်။ မိဘတွေကလည်း ပြန်မလာဖို့မှာတယ်လို့သူကပြောတယ်။

မောင်ကျော်က သူ့ဘေးက ရွယ်တူဝန်ထမ်းတယောက်ကို မေးငေါ့ပြရင်း “သူလည်းပြန်လို့မရတော့ဘူး။ သူတို့ရွာဆိုမီးထဲပါသွားပြီ။”လို့ ပြောတယ်။

မောင်ကျော်တို့ စလင်းမြို့နယ်မှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေလို့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကပဲ စလင်းမြို့နယ်၊ ငါးသန်ခေါင်းကျေးရွာအုပ်စု၊ဂွေးကုန်းကျေးရွာအနီးက ရွှေစံရာစေတီဝင်းအတွင်းက ဓမ္မာရုံကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်လို့ ဓမ္မာရုံထဲ ဆွမ်းဘုဉ်းပေးနေတဲ့ သက်တော် ၇၆ နှစ်အရွယ် ဦးဇင်းကြီးတပါး ပျံလွန်တော်မူခဲ့ရပါတယ်။ ဒါ့အပြင် ဝေယျာဝစ္စလုပ်​ပေးနေတဲ့ လူငယ် ၂ ဦးလည်း ဒါဏ်ရာရခဲ့တယ်လို့ သိရတယ်။ ဒီအခြေအနေတွေကြောင့် မောင်ကျော်တို့မိဘတွေကလည်း မောင်ကျော်တို့ကို သင်္ကြန်ကျ ပြန်မလာဖို့ တားခဲ့ကြတာပါ။

ဒါ့အပြင် အိမ်အပြန်လမ်းခရီးမှာ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးပြီးစစ်သားစုဆောင်းတာတွေလည်း ရှိနေတာမို့ မပြန်ရဲကြဘူးလို့ မြို့ပေါ်ရောက်နေတဲ့လူငယ်တချို့က ပြောပါတယ်။

“အိမ်ကအမေတို့က သင်္ကြန်တွင်း ပြန်မလာဖို့တားတယ်။ လမ်းခရီးစိတ်မချရလို့တဲ့။”လို့စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့ကနေ အလုပ်လာလုပ်တဲ့ အသက်(၂၃)နှစ်အရွယ် လူငယ်အမျိုးသားတဦးက ပြောပါတယ်။

အာဏာသိမ်းကာလမတိုင်ခင်နှစ်တွေကတော့ သင်္ကြန်နားနီးပြီဆိုတာနဲ့ မြန်မာပြည်သူပြည်သားတွေဟာ နွေဦးနဲ့အတူ စိတ်တွေမြူးထလာခဲ့တယ်။ ကိုယ့်မြို့ကိုယ့်ရွာတင်လည်မလား၊ မိဘအိမ်ပြန်ကြမလား၊ ခရီးထွက်ကြမလား၊ စတဲ့စိတ်ကူးကိုယ်စီနဲ့ မြူးခဲ့ကြတယ်။

ဒါပေမယ့် ဒီနှစ်မှာ ပြည်တွင်းကောပြည်ပကပါ ဘယ်သူမှ အိမ်ပြန်ခွင့်မရကြပါဘူး။ ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ပိတ်ရက်ကာလမှာအတတ်နိုင်ဆုံး အလည်ပြန်တာတွေမလုပ်ဖို့ အလုပ်သမားအရေးအကူအညီပေးနေသူတွေက သတိပေးနေပါတယ်။

ထိုင်းနိုင်ငံ၊ အလုပ်သမားရေးဝန်ကြီးဌာနက မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံတို့က ရွှေ့ပြောင်း အလုပ်သမားတွေ ဆုန်ခရမ်ကာလ ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်နေ့အထိ re-entry (ခေါ်) အိမ်ပြန်တံဆိပ်တုံး ထုစရာ မလိုဘဲ မိခင်နိုင်ငံသို့ ပြန်ခွင့်ပြု ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်တွင်းပြန်ရင်စစ်မှုထမ်းထဲပါနိုင်တာတွေ၊ထိုင်းဘက်ပြန်ဝင်ဖို့ခက်ခဲနိုင်တာတွေကြောင့် မပြန်ကြဖို့ အလုပ်သမားရေးအကူအညီပေးနေသူတွေက သတိပေးနေကြတာပါ။

တကယ်တော့ အာဏာသိမ်းကာလအစကတည်းက အိုးပစ်အိမ်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေ အများကြီးပါ။ သူတို့အတွက်အိမ်ပြန်ဖို့က စစ်ကောင်စီ ပြိုလဲမှသာ အိမ်ပြန်လို့ရကြမှာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ(UNHCR)က ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းအပြီး လေးနှစ်အကြာ မြန်မာနိုင်ငံမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင် ရှိနေတယ်လို့ သိရပါတယ်။

မောင်ကျော်ကတော့ ဒီနှစ်သင်္ကြန်အိမ်မပြန်ဘဲ ငွေသာလွှဲပေးလိုက်မယ်လို့ပြောတယ်။ ဒါပေမယ့် မြို့ပေါ်မှာတော့ မလည်ရဲဘဲ အလုပ်မှာတင် အခန်းအောင်းနေမယ်လို့ဆိုတယ်။ “ပေါ်တာတွေလည်းဆွဲနေတော့ ဘယ်မှမသွားရဲဘူး။”လို့ သူကပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။