Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမြို့တော်

စစ်ကိုင်းငလျင်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဘယ်လောက်ထိခိုက်ပျက်စီးသွားစေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ် ။

​နေ့သစ်/People’s Spring

စစ်ကိုင်းငလျင်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဘယ်လောက်ထိခိုက်ပျက်စီးသွားစေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ်။

မြန်မာ့သမိုင်းတလျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး နဲ့ ၁၂ မိနစ်သာခြားတဲ့ ဖျက်အားပြင်းတဲ့ နောက်ဆက်မြေငလျင်ကြီး နှစ်ခုကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဗဟိုချက် နေပြည်တော်ဟာပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါတယ် ။

စစ်ကောင်စီဟာ မြေငလျင်ကြီးကြောင့်အပျက်အစီးများပြားလှတဲ့အတွက် နိုင်ငံတကာကအကူအညီတွေရယူချင်သလို ၊ တချိန်တည်းမှာနေပြည်တော်အပျက်အစီးတွေ သတင်းတွေကိုပြင်ပကို သိပ်မထွက်စေချင်ပဲ အမှောင်ချထားချင်ပါတယ် ။

Public Service Announcement

Public Service Announcement

နေပြည်တော်သတင်းဖုံးကွယ်ထားချင်တဲ့စစ်ကောင်စီအတွက် သက်သာသွားတဲ့တချက်က စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး ၊စစ်ကိုင်း စတဲ့မြို့တွေမှာ အပျက်အစီးတွေများပြားလှတာမို့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာရော ၊လူမှုကွန်ယက်မီဒီယာတွေမှာ အဲဒီဒေသက ပျက်စီးဆုံးရှုံးမှု သတင်းတွေက ဦးစားပေးဖြစ်ခဲ့တဲ့အချက်ပါ ။ဒါကြောင့်နေပြည်တော်က အပျက်အစီးတွေကိုသတင်းအမှောင်ချချင်တဲ့ စစ်အုပ်စု ရည်ရွယ်ချက် အထိုက်အလျောက်အထမြောက်ခဲ့ခဲ့ပါတယ် ။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ စစ်အုပ်စုရဲ့ အာဏာဗဟိုချက်ဟာစစ်ကိုင်းငလျင်ကြီးကြောင့်အထိနာခဲ့တဲ့သတင်းတွေဟာ တစတစထွက်ပေါ်လာပြီဖြစ်ပါတယ် ။ ငလျင်ကြီးကြောင့်နေပြည်တော်ထိခိုက်ပျက်စီးမှုများခဲ့တာတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ကအဓိကဖော်ထုတ်ရေးသားခဲ့ကြတာပါ။စစ်ကောင်စီရဲ့ခေါင်းဆောင်တွေ ၊ဝန်ကြီးတွေ ငလျင်အပြီးအလုပ် လုပ်ကြောင်းပြတဲ့သတင်းတွေမှာ ဖြစ်ရပ်မှန်အခြေအနေတွေဟာ တစွန်းတစ ပါလာသလို ၊စစ်အုပ်စုက သတင်းအမှောင်ချဖို့ထိန်းချုပ်ထားတဲ့ကြားထဲက ဒေသခံအချို့ကတင်တဲ့လူမှုကွန်ယက်တွေမှာလည်း နေပြည်တော်အပျက်အစီးတွေ ကိုပိုမြင်တွေ့ခွင့်ရစေခဲ့ပါတယ် ။

ဒီအခြေအနေတွေကြောင့် ငလျင်ကြီးလှုပ်ပြီး နိုင်ငံတကာမီဒီယာတွေကသတင်းရယူခွင့်တောင်းတာတွေကို စစ်ကောင်စီက ငြင်းငယ်ပြီ သတင်းလာယူခွင့်ကိုပိတ်ပင်ခဲ့တာဟာ အံသြစရာမဟုတ်တော့ပါဘူး ။ သတင်းမီဒီယာတွေကို ပိတ်ပင်ရုံတင်မကပဲ နေပြည်တော်ကစစ်ကောင်စီ ဝန်ထမ်းတွေကို လူမှုကွန်ယက်မီဒီယာတွေမှာပါ နေပြည်တော်မှာသေဆုံးမှု ပျက်စီးမှုအခြေအနေတွေကို မတင်ဖို့၊ မပြောဖို့ စစ်ကောင်စီက ကန့်သတ်ခဲ့တယ်လို့ စစ်ကောင်စီဝန်ထမ်းအချို့ကပြောပါတယ်။

စစ်ကောင်စီ ဝန်ထမ်းတွေ၊ဒေသခံတွေရှိတဲ့ “နေပြည်တော်အသိုင်းအဝိုင်း” ကဲ့သို့ Facebook Group တွေကိုပါ စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။

နေပြည်တော်ကဝန်ထမ်းတစ်ဦးက”အဆင်မပြေတာတွေကို ဂရုထဲမှာ ပြောလို့မရဘူး။ အချင်းချင်းအကူအညီတောင်းလို့မရဘူး။ မက်ဆင်ကနေလာခြိမ်းခြောက်တယ်။ အဲဒီလိုတွေမတင်ဖို့ ဌာနကလည်းသတိလာပေးတယ်။ အဓိကက ထိခိုက်ပျက်စီးမှုမှုတွေ၊ သေဆုံးမှုတွေကို ဖုံးထားချင်တာ” လို့ People’s Spring ကိုပြောပါတယ်။

နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့ အဆောက်အအုံတွေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ဟာပျက်စီးခဲ့ပေမယ့် နေပြည်တော်အပျက်အစီးတွေကို ပြည်သူတွေသိရင် ဝမ်းသာကြမှာကြောက်လို့ စစ်ကောင်စီက သတင်းအမှောင်ချဖို့ကြိုစားခဲ့တာလို့ CDM စစ်သားဗိုလ်ကြီးဇင်ယော်ကလည်းသုံးသပ်ပါတယ် ။

နေပြည်တော်ကစစ်ကောင်စီရဲ့စစ်ဘက်အရပ်ဖက်အဆောက်အအုံတွေပျက်စီးမှုတွေထဲမှာ ပထမဆုံးမြင်တွေရတာကတော့ အယ်ဂျာဇီးယားသတင်းဌာနရဲ့သတင်းဖော်ပြမှုကြောင့် စစ်ရုံးချုပ်အပျက်အစီးဖြစ်ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အင်တာဗျူးဖို့ အယ်ဂျာဇီးယားသတင်းဌာနက စစ်ရုံးချုပ်ရောက်နေချိန် စစ်ကိုင်းငလျင်ကြီးလှုပ်လို့ သတင်းထောက်တွေရော ၊စစ်သားတွေရော ထွက်ပြေးရတာကို အယ်ဂျညာဇီယားက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံခြားရေးရုံး ၊ လွှတ်တော်အဆောက်အအုံ ၊ သမ္မတရုံး ၊တရားရုံးချုပ် စတဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေ အပျက်အစီးတွေကို တဖြည်းဖြည်းပေါ်လာပါတယ် ။

People’s Spring က အချက်အလက်စစ်ဆေးမှုနဲ့ စုံစမ်းရရှိတဲ့အချက်အလက်တွေအရ စစ်ရုံးချုပ် ၊ သမ္မတအိမ်တော် ၊လွှတ်တော်ရုံး ၊နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ နယ်စပ်ရေးရာဝန်ကြီးဌာနရုံး ၊ပြန်ကြားရေးဝန်ကြီးဌာနရုံး စတဲ့ ရုံးတွေရဲ့ အဆောက်အအုံတွေပျက်စီးခဲ့ပါတယ် ။အပျက်အစီးအများဆုံးက အရည်အသွေးစစ်ဆေးမှုမရှိပဲ အမြန်ဆောက်ထားတဲ့ ဝန်ထမ်းအိမ်ယာတွေဖြစ်ပါတယ် ။

စစ်အုပ်စုရဲ့ အရပ်ဖက်အဆောက်အအုံတွေသာမက စစ်ဖက်အဆောက်အအုံတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ် ။နေပြည်တော်မှာရှိတဲ့

ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ နှစ်ရုံလည်းထိခိုက်ခဲ့ပါတယ် ။၂၀၂၄ စက်တင်ဘာတုန်းကလည်း ကပစ စက်ရုံဟာရေဘေးဒဏ်ခံခဲ့ရပြီး စစ်ကိုင်းငလျင်ကြောင့်လည်းထပ်မံထိခိုက်ပျက်စီးခဲ့ရတယ်လို့နေပြည်တော်ကစစ်ရေးအရင်းအမြစ်အချို့ကပြောပါတယ် ။

နေပြည်တော်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို သိသာစေတဲ့ အချက်အလက်က စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန က ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ငလျင်ဘေးသင့်ပြီး နေပြည်တော်မှာ ပြောင်းရွှေ့နေထိုင်ရတဲ့ အိမ်ထောင်စုပေါင်း ၂၇,၀၀၀စုခန့်ရှိပါတယ် ။

စစ်ကောင်စီရဲ့ ကယ်ဆယ်ရေးစခန်း ၇၅ ခုမှာယာယီရွှေ့ပြောင်းနေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၂,၉၅၅ စုရှိပြီးတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၂၃,၈၅၆ စုရှိပါတယ်။ စုစုပေါင်းဆိုရင် အိမ်ထောင်စုပေါင်း ၂၆,၀၀၀ကျော် ရွေ့ပြောင်းနေရတာပါ ။ ဒါဟာ မန္တလေးတိုင်း တစ်တိုင်းလုံး ယာယီရွေ့ပြောင်းနေထိုင်ရတဲ့ အိမ်ထောင်စု ပေါင်း ၁၁,၀၀၀ကျော်ထက်၊စစ်ကိုင်းတစ်တိုင်းလုံးအိမ်ထောင်စု ၂၆၀၀ ကျော်ထက် အများကြီးပိုများနေပါတယ် ။

မန္တလေးတစ်တိုင်းလုံးမှာတော့ ကယ်ဆယ်ရေးစခန်း ၆၀ မှာ အိမ်ထောင်စု ၂,၃၈၈ စုကယာယီနေထိုင်သလို ၊ ကိုယ့်အစီအစဉ်နဲ့ ပြောင်းရွှေ့နေထိုင်တဲ့ အိမ်ထောင်စုပေါင်းက ၉,၂၃၇စု ရှိတာပါ။

ငလျင်ဘေးသင့်သူများ ယာယီပြောင်းရွှေ့ အိမ်ထောင်စုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု စာရင်း အချက်အလက်အရ နေပြည်တော်၌ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုပေါင်း ၂၇,၀၀၀စုခန့်ရှိနေသည်။

စစ်ကိုင်းတိုင်းမှာ ကယ်ဆယ်ရေးစခန်းတွေကိုလာရောက်တိမ်းရှောင်တဲ့ငလျင်သင့် ပြည်သူဟာအိမ်ထောင်စု ၂,၆၃၅ စုရှိပြီးတော့ အခြားကိုရွေ့ပြောင်းရွှေ့တဲ့ အိမ်ထောင်စု ၆ စုရှိတယ်လို့ အဆိုပါစာရင်းမှာ ဖော်ပြထားပါတယ်။

ဒီစာရင်းတွေကိုတော့ စစ်ကောင်စီက အဖြစ်မှန်နဲ့အနီးစပ်ဆုံးထုတ်ပြန်တာဟာ နိုင်ငံတကာကပေးအပ်မယ့်အကူအညီတွေကို နေပြည်တော်ကအများဆုံးရချင်လို့ ထုတ်ပြန်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ် ။

ဒါအပြင် စစ်ကောင်စီဆီက လျှိုဝှက်ဆိုပြီး ပေါက်ကြားလာတဲ့ နေပြည်တော်အပျက်အစီး အချက်အလက်တွေမှာ ပျက်စီးထိခိုက်သွားတဲ့ ရုံးနဲ့ ဌာနဆိုင်ရာအဆောက်အုံပေါင်း ၈၀၀ ကျော်ရှိတယ်လို့ဆိုပါတယ် ။ပြိုကျတာရယ် ၊လူနေထိုင်လို့မရတဲ့ အဆောက်အအုံပေါင်းက ၃၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ဒါပေမယ့်အဲ ဒီစာရင်းကိုတော့ People’s Spring က အတည်ပြုလို့မရပါဘူး ။ဒါအပြင်စစ်ကောင်စီက အပြင်မှာထွက်နေတဲ့ သတင်းတွေထက်အပျက်အစီးနည်းတယ်ဆိုတာမျိုးဖြစ်အောင် လျှိဝှက်ဆိုပြီး ပေးချင်တဲ့သတင်းကိုတမင်ဖြန့်တာလည်းလုပ်တက်တာကိုသတိပြုဖို့လိုပါတယ်။

နေပြည်တော်က ဝန်ထမ်းတဦးကတော့”ဝန်ထမ်းအိမ်ရာ အကုန်နီးပါးက နေမရတော့ဘူး။အဲဒါတွေကို အခု သူတို့(စစ်ကောင်စီ)အမြန်ဆုံးပြန်ဆောက်ဖို့ ညွှန်ကြားတာရှိတယ်။ပြီးတော့ ဝန်ထမ်းတွေကို နေပြည်တော်က နေထွက်မသွားဖို့ သတိပေးထားတယ်”လို့ပြောပါတယ် ။

ဝန်ထမ်းတွေကနေစရာမရှိလို့နယ်ကို ပြန်တဲ့သူတွေကိုပြန်ခေါ်သလို ၊ပြန်ချင်သူတွေကိုလည်းပြန်ခွင့်မပေးဘူးလို့ ဝန်ထမ်းအချို့ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရားတွေကိုအမြန်လည်ပတ်စေချင်တာကြောင့် ဝန်ထမ်းတွေကို တရုတ်နဲ့ နိုင်ငံတကာကပေးတဲ့ရွက်ဖျင်တဲတွေထဲကို ရုံးလုပ်ပြီး ရုံးတက်ခိုင်းနေသလို ၊အချို့ဝန်ကြီးဌာနတွေကို နေပြည်တော်ကိုပြောင်းရွေ့ဖို့ စီစဉ်နေပါတယ် ။

မိသားစုဝင်တွေ သေကြေပျက်စီးသလို ၊ပိုင်ဆိုင်တဲ့ ဥစ္စာတွေပါဆုံးရှုံးရတဲ့ စစ်ကောင်စီဝန်ထမ်းတွေဟာ ၊နေထိုင်ရေးအဆင်မပြေသလို အပေါ့အလေးစွန့်ဖို့တောင်အဆင်မပြေတဲ့ ရွက်ဖျင်တဲတွေထဲမှာ ရုံးတက်ဖို့ ဖိအားပေးခံနေရတာကြောင့် အတော်လေးအဆင်မပြေဖြစ်နေတယ်လို့ ဝန်ထမ်းအချို့က ပြောပါတယ် ။

ပိုဆိုးတာကတော့ အဆောက်အအုံတွေအောက်မှာပိမိပြီးသေဆုံးသူတွေကို ကယ်ဆယ်ရေးမလုပ်နိုင်သလို ၊ရုပ်အလောင်းတွေကို မထုတ်ရသေးတာကြောင့်တချို့နေရာတွေမှာအပုပ်နံ့တွေထွက်နေတာပါ။

စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ဧပြီ ၁၄ ရက်ထုတ်ပြန်ချက်အရ နေပြည်တော်မှာပဲ စစ်ကိုင်းငလျင်ကြောင့်သေဆုံးသူ ၆၆၅ ဦးရှိတယ်လို့ဆိုပါတယ် ။ဒဏ်ရာရသူပေါင်းက ၈၆၄ ဦးရှိတယ်လို့သိရပါတယ် ။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာစစ်ကိုင်းငလျင်ကြီးမှာအထိနာခဲ့တာဟာ ဘယ်လိုပဲဖုံးကွယ်နေပါစေ ဟန်မဆောင်နိုင်ပဲပေါ်လာပါတယ် ။ဒါကြောင့် စစ်အုပ်စုရဲ့အုပ်ချုပ်ရေးယန္တရားတွေဟာ နေပြည်တော် မှာပဲ ဆက်ရှိမလား ၊ အခြားကိုပဲရွေ့ပြောင်းမလားဆိုတာကို ပြည်တွင်းပြည်ပကစောင့်ကြည့်နေပါတယ် ။

ပြည်ပနိုင်ငံတွေရဲ့ကျူးကြော်မှုတွေရှိလာရင် ခုခံ ကာကွယ်ဖို့ လွယ်ကူအောင်ဆိုပြီး နိုင်ငံအလယ်ပိုင်းကြက်ပြေးအရပ်ကို အုပ်ချုပ်ရေးယန္တရားတွေ ကို ၂၀၀၄ ခုနှစ်မှာအမြန်တည်ဆောက်ပြောင်းရွေ့ခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြောပေါ်မှာ ဆောက်မိနေတာကတော့ စစ်အာဏာရှင်တွေရဲ့ အမျှော်အမြင်ကြီးမှုဖြစ်ပါတယ် ။

ဒါအပြင် မြေသလျင်ဒဏ်ခံနိုင်အောင်ဆောက်ဖို့လိုတယ်ဆိုတဲ့သဘာဝဘေးကြိုတင်ကာကွယ်ရေးအမြင်မရှိပဲ အဆောက်အအုံတွေကို အရည်အသွေးစစ်ဆေးမှုမရှိ အမြန်ပြီးဖို့တစ်ခုတည်းဆောက်ခဲ့ကြတာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်းအရည်အသွေးထက် စစ်တပ်အနွှယ်တွေ နဲ့ ခရိုနီတွေ ရဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေက ကိုယ့်အတွက်ငွေများများကျန်အောင်အဓိကထားပြီး နိုင်ငံဘဏ္ဍာငွေတွေကို ဇီးသီးဗန်းမှောက်ခဲ့ကြတာမှာ နှစ် ၂၀ ပဲရှိသေးတဲ့ မြို့သစ်ကြီးဟာ စစ်ကိုင်းငလျင်ကြီးနဲ့အတွေ့မှာအရှက်တကွဲဗုံးဗုံးလဲကျတဲ့အခြေအနေပဲဖြစ်ပါတော့တယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။