Connect with us

Hi, what are you looking for?

ဆောင်းပါး

ကျမ်းမကျိိန်ရဲတော့တဲ့ တရားသူကြီးတွေ

စစ်အာဏာရှင်အလိုကျ လူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါပြီ။သူတို့ကိုယ်သူတို့ တစ္ဆေတကောင်လို ပြန်ပြီးခြောက်လှန့်နေကြတဲ့အဖြစ်ကို နေပြည်တော်မှာ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေး‌က ထင်ထင်ရှားရှားသက်သေခံလိုက်တာပါ။

၂၀၂၆၊ဇန်နဝါရီ ၅ ရက်က​နေပြည်​တော်မှာ လုပ်ခဲ့တဲ့ကျမ်းကျိန်တာကိုပယ်ဖျက်ဖို့ဆုံးဖြတ်တဲ့အစည်းအ​ဝေး/ တရားသူကြီး​တွေကျမ်းသစ္စာကျိန်ဆို​နေကြစဥ်။စစ်အုပ်စု ရဲ့ တရားလွှတ်​တော်ချုပ်နဲ့ ဥပ​ဒေ​ရေးရာဝန်ကြီးဌာန ​​တွေရဲ့ အမှတ်တံဆိပ်​တွေ ဓါတ်ပုံ-စစ်​ကောင်စီ

ကဖေး/People’s Spring

စစ်အာဏာရှင်အလိုကျ လူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါပြီ။သူတို့ကိုယ်သူတို့ တစ္ဆေတကောင်လို ပြန်ပြီးခြောက်လှန့်နေကြတဲ့အဖြစ်ကို နေပြည်တော်မှာ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေး‌က ထင်ထင်ရှားရှားသက်သေခံလိုက်တာပါ။

အစည်းအဝေးခေါင်းစဉ်က ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး။ အစည်းအဝေးအခင်းအကျင်း၊ ဦးဆောင်ဆွေးနွေးသူတွေနဲ့ ဆုံးဖြတ်ချက်ကတော့ပုံမှန်အခြေအနေ ရှိမနေခဲ့ပါဘူး။ သူတို့ကို ခြောက်လှန့်နေတဲ့ ဥပဒေပုဒ်မတစ်ခုကို မြေလှန်ဖယ်ရှားပစ်ဖို့ကြိုးစားတာဖြစ်ပါတယ်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၂)အရ တရားသူကြီးတွေက တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ မလိုတော့ဘူးလို့ အဲဒီနေ့ကအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

“တရားခွင်မှာအချိန်မလုံလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ စက္ကန့်သုံးဆယ်တောင်မကြာတဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို ပယ်ဖျက်ဖို့လုပ်နေကြတယ်။သူတို့ကျမ်းမကိုင်ရဲတော့ဘူး။ ငါတို့လုပ်ချင်တာလုပ်တော့မယ်။ ကျမ်းမကိုင်တော့ဘူးလို့ ဆွေးနွေးနေကြပြီ “လို့နေပြည်တော်ကတရားရေးရပ်ဝန်းသတင်းရင်းမြစ်ကပြောပါတယ်။

ဒီကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံမှာ တရားရေးမဏ္ဍိုင်ကြီး စုန်းစုန်းမြုပ်သွားမယ့်အန္တရာယ်ပဲလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ‌ထောက်ပြသတိပေးနေကြပါတယ်။

●တရားသူကြီးတွေကို ‌ပြန်ခြောက်လှန့်နေတဲ့ တရားခွင်ကျမ်းကျိန်မှုအာဏာသိမ်းစစ်အုပ်စုအတွက်တက်ကြွစွာလုပ်​ပေး​နေကြတဲ့ ​တရား​ရေးဘက်ကရာထူးအကြီးဆုံးပုဂ္ဂိုလ်​တွေရဲ့ဇန်နဝါရီလ ၅ရက်နေ့က လူမသိသူမသိအစည်းအဝေးဟာ တရားခွင်ထဲက ကျမ်းသစ္စာကျိန်ဆိုမှုကို ဖျောက်ဖျက်ဖယ်ရှားပစ်ဖို့ ခြေလှမ်းအစဖြစ်ပါတယ်။အဲဒီနေ့ကနေပြည်တော်မှာရှိတဲ့

ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမထဲကို ဥပဒေရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ပြည်ထောင်စုရှေ့နေချုပ်လည်းဖြစ်တဲ့ ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနဲ့ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးအောင်မော်၊ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးတို့မိနစ်ပိုင်းပဲခြားပြီး ဝင်လာကြပါတယ်။ သူတို့တစ်ဦးချင်းရဲ့မျက်နှာပေးတွေဟာ တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေဟန်ပေါ်ပြီး တစ်ဦးနဲ့တစ်ဦး ဟန်လုပ်ပြုံးပြရုံကလွဲလို့ အစည်းအဝေးခန်းမဟာ တိတ်ဆိတ်နေခဲ့တယ်လို့ နေပြည်တော်အတွင်းစည်းထဲက တရားရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ခန်းမထဲမှာလူပေါင်း၂၀ကျော်ရှိပြီးသူတို့ ၆ဦးကပဲ အဓိက လိုတိုရှင်း ဆွေးနွေးသွားတာပါ။

တရားခွင်မှာ တရားသူကြီးတွေ ကျမ်းမကျိန်ဘဲ အမိန့်ချဖို့ လမ်းကြောင်းကိုပထမဆုံးနှပ်ကြောင်းပေးသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့ပါ။

သူကပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၂)အရ တရားသူကြီးတွေဟာ နေ့စဉ်တရားခွင်စတက်အချိန်မှာတရားခွင်အတွင်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုနေရခြင်းကလက်တွေ့မှာမဖြစ်မနေမလိုအပ်တော့ဘူးလို့စတင်ဆွေးနွေးပါတယ်။ အကြောင်းပြချက်က တရားခွင်ထဲမှာကျမ်းသစ္စာသို့မဟုတ်ကတိသစ္စာပြုတာက နိုင်ငံတကာမှာလည်း သတ်မှတ်ထားမှုမရှိသလို တရားရုံးတွေက အမြဲတမ်းတည်ထောင် ထားတာဖြစ်လို့ နေ့စဉ်တရားခွင်တက်သည့်အချိန်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ် ဆိုတဲ့ပြဋ္ဌာန်းချက်ကိုပယ်ဖျက်လိုက်ရင် တရားစီရင်ရေးဆိုင်ရာ နေ့စဉ်လုပ်ငန်းတွေကို လျင်မြန်စေမယ်လို့ အကြောင်းပြပါတယ်။ဒါ့ကြောင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်လိုတယ်လို့ဆွေးနွေးပါတယ်။

ဒေါ်သင်းသင်းနွဲ့ရဲ့ ဆွေးနွေးမှုအပြီးမှာ ဒေါ်သီတာဦးက အောက်ပါအတိုင်း မဆိုင်းမတွ ထောက်ခံ ဆွေးနွေးပါတယ်။

တရားသူကြီးတွေကို စတင်တာဝန်ပေးအပ်ချိန်မှာ ကျမ်းသစ္စာသို့မဟုတ်ကတိသစ္စာပြုဖို့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်လို့ နေ့စဉ် တရားခွင်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာပါတဲ့ပုဒ်မခွဲငယ်(၂)ကိုပယ်ဖျက်ပါကလည်း တရားစီရင်ရေး လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်လို့ ပြင်ဆင်ပြဋ္ဌာန်းသင့်တဲ့ဥပဒေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီနေ့ကဥပဒေပြဌာန်းနိုင်ရေးဆက်လက်ဆွေးနွေးခဲ့ကြပြီးမကြာမီမှာ အတည်ပြုလာနိုင်ခြေရှိပါတယ်။

ဒီပုဒ်မကိုဖျက်ဖို့ ကမကထလုပ်သူက ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးဖြစ်တယ်လို့ တရားရေးသတင်းရင်းမြစ်က ဆိုပါတယ်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ ‌တရားစီရင်ရေးကဏ္ဍရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါကြောင့် သူ့တပည့်တပန်းတွေကို ခိုင်းစေလိုက်တာလို့ ဆိုပါတယ်။

“တရားစီရင်ရေးကတော့ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီ”လို့တရားရေးသတင်းရင်းမြစ်ကပြောပါတယ်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးတယ်ဆိုတဲ့ အစည်းအဝေးအပြီးသတင်းထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ဥပဒေရေးရာဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်စာမျက်နှာ www.mola.gov.mm မှာ ဝင်ဖတ်နိုင်ပါတယ်။

စစ်​ကောင်စီရဲ့ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးဟာအသက် ၇၈ နှစ်အရွယ်ရှိပါပြီ။လက်ရှိမှာတရားရေးလောကရဲ့ အမြင့်ဆုံးအာဏာရှိသူဖြစ်ပါတယ်။ စစ်တပ်ကနေ ဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့သူဖြစ်ပြီး ယခင်ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနေရာမှာစစ်အုပ်စုက ၂၀၂၃ ဩဂုတ် ၃ရက်ကစပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အခု ICJ မှာတရားရင်ဆိုင်​နေတဲ့ဒေါက်တာသီတာဦးဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖွဲ့စည်းလိုက်တဲ့ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ရှေ့နေချုပ်တာဝန်ယူထားပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ကရှေ့နေချုပ် ဦးထွန်းထွန်းဦး(ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနဲ့ အမည်တူ) ရဲ့နေရာကို ရယူနိုင်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှေ့မှာ တက်တက်ကြွကြွနေပြရင်း နေရာရလာခဲ့တာဖြစ်ပါတယ်။ အသက် ၆၂နှစ်အရွယ် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး အမျိုးသားဖြစ်သူက လည်းတရားသူကြီးအငြိမ်းစားဖြစ်ပါတယ်။ဒါ​ပေမယ့်သူတို့ရဲ့သားဖြစ်သူမင်းရဲမြတ်ဘုန်းခိုင်က​တော့ ဩစတြေးလျနိုင်ငံမှာ ဆရာဝန်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ဒေါက်တာသီတာဦးကိုအ​ရေးယူဒဏ်ခတ်ထားပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က​တော့ ဦးသာဌေး၊ဒေါ်သီတာဦးတို့နဲ့ အတွဲညီသူဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာမှာရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်ကနေ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် စစ်ကောင်စီကတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး အိမ်ထောင် မရှိမရှိပါဘူး။

●တရားသူကြီးတွေကြောက်နေကြတဲ့ပုဒ်မလက်ရှိကျင့်သုံးနေတဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူတွေကို တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ ဆောက်ရွက်ရမယ်လို့ ပြဌာန်းထားပါတယ်။ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)မှာတော့ စစ်ကောင်စီလည်းအောက်ကတရားသူကြီးတွေကြောက်လန့်နေကြတဲ့ ပြဌာန်းချက်ရှိနေပါတယ်။တရားသူကြီးတွေကနေ့စဉ်တရားခွင်မှာ ကျမ်းသစ္စာ(သို့မဟုတ်)ကတိသစ္စာပြုရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုရတဲ့စနစ်ကို အင်္ဂလိပ်အစိုးရလက်ထက် ၁၈၇၃ ခုနှစ် ကတည်းကစတင်ပြဌာန်းကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပုံစံမျိုးစုံနဲ့အသုံးပြုခဲ့ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မူးကြီးသန်းရွှေလက်ထက်မှာ ၂၀၀၈ အခြေခံဥပဒေကိုမူတည်ပြီး ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ခဲ့ပါတယ်။၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ဥပဒေအမှတ် ၂၀/၂၀၁၀ ဆိုပြီး ဥပဒေတစ်ရပ် အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်က ပထမအကြိမ်ပြင်ဆင်ခဲ့သလို ၂၀၁၃နဲ့၂၀၁၄မှာလည်း ထပ်မံပြင်ဆင်ခဲ့ပါ‌သေးတယ်။ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့ NLDအစိုးရလက်ထက်မှာတော့ အဲဒီပုဒ်မ ပိုမိုပီပြင်အောင်အကောင်အထည်ဖော်ဖို့လွှတ်တော်ကနေတဆင့်အဆိုတင်ခဲ့ပြီးစတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပါတယ်။

တရားစီရင်ရေးမဏ္ဍိုင်မှာ ပြည်သူနဲ့ တရားရုံးကြား ယုံကြည်မှု ပြန်လည်ရရှိလာစေဖို့နဲ့ အမိန့်ချတဲ့ တရားသူကြီးကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုဖို့ကိုဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကအဆိုတင်ခဲ့တာပါ။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာ ပုဒ်မခွဲငယ်(၂)ကို ထပ်ဖြည့်ပြီး တရားခွင်မှာ တရားသူကြီးတွေကျမ်းကျိန်ဖို့ ဥပဒေနဲ့ ကြပ်မတ်ခဲ့တာပါ။ အဲဒီ စတုတ္ထအကြိမ်ပြင်ဆင်ချက်ဟာ လာဘ်စားတဲ့ တရားသူကြီးတွေကိုအကျပ်ရိုက်စေခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ တရားခွင်တွေလည်း ပရမ်းပတာဖြစ်ခဲ့ပြီး အခုဆိုရင် တရားခွင်မှာကျမ်းကျိန်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုပါ ဥပဒေထဲကနေဖယ်ရှားပစ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

●တရားသူကြီးတွေ ကျမ်းမကျိန်ရဲတဲ့ အဓိက ၂ ချက်တရားခွင်မှာ တရားသူကြီးတွေ ကျမ်းကျိန်ဖို့ ကြောက်နေကြနဲ့ အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်။တစ်ချက်က ပန်းပန်သူကိုတောင် နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုထောင်ချခိုင်းနေတဲ့ စစ်ကောင်စီရဲ့ အမိန့်တွေကို မလွန်ဆန်ရဲတာမို့ မတရားအမိန့်တွေချနေကြတဲ့ ကိုယ့်စိတ်ကိုယ် ပြန်ကြောက်နေတာဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ခေတ်ပျက်မှာ အတိုင်းအဆမရှိ လာဘ်စားလို့ရနေတာမို့ တရားခွင်ထဲက ကျမ်းရဲ့ ချည်နှောင်မှုကို ဖယ်ရှားပစ်လိုတာဖြစ်ပါတယ်။

“သူတို့မှာလည်းကျမ်းကျိန်ထားပြီးအမှန်ကိုဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။စစ်တပ်ကဖမ်းမိဆိုနိုင်ငံတော်ပုန်ကန်မှုနဲ့ပုဒ်မမျိုးစုံထပ်ပြီးထောင်ချရတာ။စစ်‌ကောင်စီက ဖမ်းပြီဆို ဟုတ်ဟုတ်မဟုတ်ဟုတ် အမိန့်ချရတာ” လို့ အထက်တန်း ရှေ့နေတစ်ဦးက​​ပြောပါတယ်။စစ်ကောင်စီကနိုင်ငံတော်အာဏာကိုမတရားသိမ်းယူပြီးတဲ့နောက်ပိုင်းလူထုခေါင်း‌ဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်လူပေါင်းသုံးသောင်းကျော်ကို ဖမ်းဆီးခဲ့ပါတယ်။နိုင်ငံတော်ပုန်ကန်မှုနဲ့အကြမ်းဖက်ပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။နိုင်ငံ​ရေးပုဒ်မ​တွေနဲ့ စုစုပေါင်း ၃၀၂၉၁ ဦးဖမ်းဆီးခံရပြီး ၁၁၄၇၄ ဦးထောင်ဒဏ်ချမှတ်ခံရသလို ၂၂၇၃၅ဦးဟာ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီလလယ် နောက်ဆုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကအချက်အလက်ရရှိတာပဲဖြစ်ပြီး မသိရလို့ ကျန်​​နေတာ​တွေရှိနိုင်ပါ​​သေးတယ်။

ကိုဂျင်မီ၊ကိုဇေယျာသော်တို့အပါအဝင် ဆန့်ကျင်သူတွေကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ စစ်အုပ်စုကလူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၃,၂၇၇ မှာ တရားလက်လွတ်သတ်ဖြတ်မှု (Extrajudicial Killing) ဖြစ်စဉ် ၅,၃၅၁မှုရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့်လည်း အရပ်သား ၁သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ ဒါတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ထားချက်တွေဖြစ်ပါတယ်။

စစ်တပ်ကို ဆန့်ကျင်လို့ဆိုပြီး မိသားစုဝင်တွေကို ရှင်ကွဲရော သေကွဲပါ ကွဲကွာစေပြီး ဘဝတွေပျက်အောင် ကျူးလွန်သူတွေထဲမှာ စစ်ကောင်စီလက်အောက်က တရားရေးဌာနက အဓိကဇာတ်ကောင်ဖြစ်ခဲ့ပါတယ်။

တရားရေးဌာနရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုတဲ့ချိန်ဂွင် (Scales of Justice)ပုံဟာတရားစီရင်ရေးစနစ်မှာ အလွန်နက်နဲတဲ့ အဓိပ္ပာယ်တွေဆောင်ပါတယ်။ တရားသူကြီးတစ်ယောက်ဟာ တရားလိုနဲ့ တရားခံ နှစ်ဖက်စလုံးရဲ့ ထွက်ဆိုချက်တွေကို တန်းတူရည်တူ ချိန်ဆရပြီးတစ်ဖက်ဖက်ကို ဘက်လိုက်ခြင်းမရှိဘဲမျှတစွာနားထောင်စီရင်ရမယ်ဆိုတဲ့သဘောပါ။ စစ်ကောင်စီလက်အောက်က တရားသူကြီးတွေကတော့ အာဏာရှင်ဘက်ကနေသာ မားမားမတ်မတ်ရပ်ပြီး အပြစ်မဲ့လူထုကိုမတရားမယ့်အမိန့်တွေချနေပါတယ်။ ဒီတရားမဲ့မှုတွေအတွက် တရားခွင်ထဲက ကျမ်းပါကျိန်စာတွေက တရားသူကြီးတွေကိုစောင့်ကြိုနေပါပြီ။

●တရားခွင်ထဲက ကျမ်းနဲ့ တရားသူကြီးတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာစိတ်ဒဏ်ရာတရားသူကြီးရှေ့မှောက်မှာရှိတဲ့ တရားခွင်ထဲကကျမ်းဟာ အမှန်တကယ် ကြမ်းပါတယ်။

“နမောတဿ ဘဂဝတော အရဟတော” နဲ့ အစချီပါတယ်။ ပွင့်တော်မူပြီးသောဘုရားရှင်အပေါင်းနဲ့ကျမ်းစာကို စောင့်ရှောက်သော နတ်ဒေဝါအပေါင်းတို့ကို တိုင်တည်ထားပါတယ်။

ဟုတ်မှန်တာကို ထွက်ဆိုပါကလူ့ပြည်သာမက နတ်ပြည်မှာလည်း ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာရှိပြီး ကောင်းခြင်းမှန်သမျှ ခံစားထိုက်မယ်လို့ ပါပါတယ်။မတရားသဖြင့် အမိန့်တွေချခြင်း၊ ဟုတ်မှန်တဲ့အတိုင်း မစီရင်ခြင်း၊ မထွက်ဆိုခြင်းတွေလုပ်ရင်တော့ ခံစားရမယ့်အရာတွေက သာမာန်လူမဖတ်ရဲလောက်အောင် သိပ်ကြောက်စရာကောင်းပါတယ်။သွေးအန်သေတာမျိုးတွေ၊ သားစဉ်မြေးဆက် အကျိုးစီးပွားပျက်စေတာတွေ၊မီးလောင်ရေကြီးစသဖြင့် ဘေးမျိုးစုံတွေ့ရသလို ရောဂါဘယတွေလည်း ထူပြောစေတာတွေ၊ သေလွန်ပြီးရင်တောင် ငရအထပ်ထပ် ကျစေတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ကျမ်းပါ ကျိန်စာတွေဟာစာဖတ်သူဖတ်ဖို့ မသင့်တော်တဲ့အထိမကြားဝံ့မနာသာတွေဖြစ်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ကစပြီး အယူသီးသလို ​​ဗေဒင် ၊ယတြာ​တွေ ယုံကြည်အားကိုးတဲ့ အာ​ဏာသိမ်းအုပ်စုမှာ ​ဒီနှစ်ပိုင်းအတွင်းအယူသီးစရာဖြစ်ရပ်​အချို့ကလည်းဖြစ်ခဲ့ပါတယ်။အလားတူအရပ်သားပြည်သူလူထုအပေါ် မတရားအမိန့်တွေချမှတ်နေတဲ့ တရားသူကြီးတွေကိုခြောက်လှန့်နေတဲ့ ဖြစ်ရပ်အချို့လည်းသူတို့အသိုင်းအဝိုင်းမှာရှိနေတာပါ။ပြီးခဲ့တဲ့နှစ်အနည်းငယ်က ရန်ကုန်တိုင်းက အိမ်ထောင်သည် အမျိုးသမီးတရားသူကြီးတစ်ဦးဟာကိုယ်​ရော၊စိတ်​ရောမကျန်းမာတဲ့ကလေးငယ်တစ်ဦးမွေးဖွားခဲ့တဲ့အ​ပေါ်တရား​ရေးအသိုင်းအဝိုင်းမှာကျမ်းစူးတာလို့​ပြောဆို​ဝေဖန်မှု​တွေရှိခဲ့ပါတယ်။ တရားရေးအသိုင်းအဝိုင်းမိသားစုဝင်တွေဆီမှာ ဒီလိုဖြစ်ရပ်တွေ ရှိနေပြီး ကာယကံရှင် တရားသူကြီးတွေဟာ တရားခွင်မှာကျမ်းမကျိန်ရဲတော့တဲ့အထိ သူတို့စိတ်ကိုသူတို့ ပြန်ခြောက်လှန့်နေကြတယ်လို့တရား​ရေးအသိုင်းအဝိုင်းက​ပြောပါတယ်။

တရားသူကြီးတွေတရားခွင်မှာ ကျမ်းမကျိန်ရဲတော့တဲ့ အထိ သူတို့ကိုယ်သူတို့ သူတို့ခြောက်လန့်နေမှုဟာစိတ်ပညာအရMoral Injury(ကိုယ်ကျင့်တရားဆိုင်ရာစိတ်ဒဏ်ရာ)လို့ သတ်မှတ်နိုင်ကြောင်းစိတ်ရောဂါကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

တရားသူကြီးတစ်ယောက်အနေနဲ့ မိမိရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး မတရားတဲ့ အမိန့်တွေ ချမှတ်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက အလွန်ပြင်းထန်တတ်ပါတယ်။ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာ (သို့မဟုတ်) ယုံကြည်ချက် ကို ပြင်းပြင်းထန်ထန် ချိုးဖောက်မိတဲ့အခါ ခံစားရတဲ့ စိတ်ဒဏ်ရာကို ခေါ်တာပါ။

Moral Injury(ကိုယ်ကျင့်တရားဆိုင်ရာစိတ်ဒဏ်ရာ)လက္ခဏာ တွေကကိုယ့်ကိုယ်ကိုယ်ရွံရှာခြင်း၊ နောင်တရခြင်း၊ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခြင်းနဲ့ စိတ်ထဲမှာအမြဲတမ်းခြောက်လှန့်ခံနေရခြင်းတို့ဖြစ်နေတတ်ပါတယ်။GuiIty Conscienceလို့ခေါ်တဲ့ နောက်တနဲ့အပြစ်ကနေ ခြောက်လှန့်ခြင်းလည်း ခံရပါတယ်။

“လိပ်ပြာမလုံခြင်းလို့လည်း ခေါ်ပါတယ်။ မိမိလုပ်ခဲ့တဲ့ အမှားအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေရတာပါ။ ငါ့အမှားတွေ တစ်နေ့ ပေါ်သွားမလား၊ ငါ့အပေါ် ဝဋ်လည်မလားဆိုတဲ့အတွေးတွေက သမာသမတ်မရှိတဲ့ တရားသူကြီးရဲ့ စိတ်ကို အမြဲခြောက်လှန့်နေပါလိမ့်မယ်”လို့စိတ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူကပြောပါတယ်။နောက်တချက်ကတော့ Paranoiaလို့ခေါ်တဲ့စိုးရိမ်မှုလွန်ကဲစိတ်ဖြစ်ပါတယ်။

လာဘ်စားထားတဲ့သူတစ်ယောက်ဟာ “ဘယ်သူက ငါ့ကို စောင့်ကြည့်နေလဲ”၊ “ဘယ်သူက ငါ့ကို တိုင်မလဲ” ဆိုတဲ့ အတွေးမျိုးနဲ့ အမြဲတမ်း သံသယစိတ်ဝင်ပြီး ကြောက်လန့်နေတတ်ပါတယ်။ ဒါ့အပြင် Cognitive Dissonance လို့ခေါ်တဲ့ စိတ်တွင်းပဋိပက္ခကိုလည်း ရင်ဆိုင်နေကြရပါတယ်။တရားသူကြီးရဲ့တာဝန်က”တရားမျှတမှု”ဖော်ဆောင်ဖို့ ဖြစ်ပေမယ့်လက်တွေ့မှာ “မတရားမှု” လုပ်နေတဲ့အတွက် စိတ်ထဲမှာ အယူအဆ နှစ်ခု ပွတ်တိုက်ပြီး ပူပန်မှုတွေဖြစ်လာတာလို့ဆိုပါတယ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအနေနဲ့ အမှားကို ကြောက်လန့်ပြီး ညဘက် အိပ်မပျော်တာတွေ၊ တစ်ခုခုဖြစ်တော့မလိုလိုနဲ့ ထိတ်လန့်တုန်လှုပ်နေတာ၊ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးလို့ ခံစားရပြီး စိတ်ဓာတ်ကျတာ‌တွေ ဖြစ်စေပါတယ်။

​”တရားသူကြီးတစ်ယောက်အတွက် အကြီးမားဆုံးသော ထောင်ချောက်ကတော့ သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ မတရားမှုတွေနဲ့ ပြန်လည်ခြောက်လှန့်ခံရခြင်းပါပဲ” လို့ အငြိမ်းစားတရားသူကြီးတစ်ဦးက ပြောပါတယ်။

ကိုယ်တိုင်ပဲသိတဲ့ စိတ်ဒဏ်ရာကနေ လွတ်ရာလွတ်ကြောင်း အဖြေရှာလိုကြတဲ့ တရားသူကြီးတွေဟာ စစ်အာဏာရှင်ကို ကြောက်လန့်မှုတွေ၊လာဘ်လာဘမျှော်ကိုးမှုတွေနဲ့ စုံလုံးကန်းနေဆဲဖြစ်ပါတယ်။ ကိုယ့်အမှားကိုယ်မဆင်ခြင်ဘဲ တရားခွင်ထဲက ကျမ်းကျိန်ဆိုမှုကိုသာ ဖယ်ရှားဖို့လုပ်နေပါတယ်။

ဒီကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံမှာတရားရေးစနစ်ကြီး စုန်းစုန်းမြုပ်သွားမယ့်အန္တရာယ်ပဲလို့ ဥပဒေရေးရာကျွမ်းကျင်သူကထောက်ပြပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးကတော့ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ယောက်ပြိုင်ဘက်ဂိုးပေါက်ထဲကို တိကျသေသပ်တဲ့ ဂန္တဝင်မြောက်သွင်းဂိုးတစ်ဂိုး သွင်းယူလိုက်သလို ကျမ်းမကိုင်ရဲတော့တဲ့ တရားသူကြီးတွေအပေါ် ရှင်းလင်းပြတ်သားတဲ့ မှတ်ချက်တစ်ခု ပေးပါတယ်။

“ဒါဟာ လူကဲ့ရဲ့ဖွယ်ရာသမိုင်းတွင်မယ့် အကြောင်းပြချက်တစ်ခုပါ။ ကျမ်းကျိမ်ခြင်းကိုပယ်ဖျက်ဖို့ကြိုးစားမှုဟာ လာဘ်ယူပိုလုပ်ဖို့၊အဂတိ လိုက်စားခြင်းပိုလုပ်ဖို့ ကြိုးစားအားထုတ်မှုပါဘဲ။” ငါတို့တရားသူကြီးတွေ လွတ်လပ်စွာ လာဘ်စားတော့မယ်ဟေ့” လို့ နိုင်ငံသိကြေညာလိုက်တာနဲ့ အတူတူပါပဲ” ။

ဓါတ်ပုံ-စစ်​ကောင်စီ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကတော်ဟောင်းရဲ့ အယူခံကိစ္စ ကြားနာမှုကို ဦးဆောင် စစ်ဆေးခဲ့တဲ့ အကြီးအမှူး တရားသူကြီးဟာ အဆုံးစီရင်တယ်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားပါတယ်။

သတင်း

တရားသူကြီးတွေ လာဘ်စားမှုပိုဆိုးလာမယ်လို့ တရားရေးလောက သုံးသပ်

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

ဆောင်းပါး

တရားစီရင်ရေးမှာနှစ်ပေါင်း ၁၀၀ ကျော်ကျင့်သုံးခဲ့တဲ့ ဥပဒေပုဒ်မတစ်ခုကို အာဏာသိမ်းစစ်တပ်အတွက် တာဝန်ထမ်းနေတဲ့တရားသူကြီးတွေက ဇန်နဝါရီလဆန်းမှာပယ်ဖျက်လိုက်ကြပါတယ် ။စစ်အာဏာရှင်အလိုကျ ပြည်သူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒါကြောင့် တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုတာကိုပယ်ဖျက်လိုက်ကြပါတယ် အခုတပါတ်မှာ စစ်ကောင်စီရဲ့ တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုတာကိုဘယ်လိုပယ်ဖျက်ခဲ့ကြတယ်ဆိုတဲ့အကြောင်း ပြောပြပါမယ် ။