Connect with us

Hi, what are you looking for?

ဆောင်းပါး

အာဏာသိမ်း​အုပ်စုအတွက် အ​ရေးအပါဆုံး အမျိုးသမီး​တဦး

​စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်လွှတ်တော်ရုံးကို ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတွေရှေ့မှာ အမျိုးသမီးတစ်ယောက် ပြာယာခပ်နေပါတယ်။ အာဏာသိမ်းလိုက်လို့ တစ်နိုင်ငံလုံး ထိတ်ထိတ်ပြာပြာနဲ့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေချိန်မှာ အဲဒီအမျိုးသမီးက သွက်လက်ချက်ချာဟန်အပြည့်နဲ့ မင်း​အောင်လှိုင်​ရှေ့မှာအလုပ်တွေအရမ်းလုပ်နေပါတယ်။

​ယောနသံ/People’s Spring

​စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်လွှတ်တော်ရုံးကို ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတွေရှေ့မှာ အမျိုးသမီးတစ်ယောက် ပြာယာခပ်နေပါတယ်။ အာဏာသိမ်းလိုက်လို့ တစ်နိုင်ငံလုံး ထိတ်ထိတ်ပြာပြာနဲ့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေချိန်မှာ အဲဒီအမျိုးသမီးက သွက်လက်ချက်ချာဟန်အပြည့်နဲ့ မင်း​အောင်လှိုင်​ရှေ့မှာအလုပ်တွေအရမ်းလုပ်နေပါတယ်။

​သူ့ရဲ့ဖိနပ်ခွာသံဟာ လွှတ်တော်ခန်းမထဲမှာ ရှုပ်ယှက်ခတ်ပြီး လွန်းထိုးနေပါတယ်။ အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးက သူ့ရှေ့မှာ ပြာယာခပ်နေတဲ့ အဆိုပါအမျိုးသမီးကိုလက်​နောက်ပြန်ရပ်ရင်း ပြုံးကြည့်နေခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ဥပဒေအကြံပေးအဖွဲ့ဝင်တွေနဲ့လည်း တိုင်ပင်လိုက်ပါတယ်။အဲဒီအဖွဲ့ဝင်တွေက ဒေါ်သီတာဦးနဲ့ ကျေးဇူးခံ ကျေးဇူးစားတွေဖြစ်ပါတယ်။

​နောက်တစ်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနေရာမှာ အဆိုပါအမျိုးသမီးရဲ့ အမည်ကို စစ်ကောင်စီက တိုင်းသိပြည်သိ ကြေညာလိုက်ပါတယ်။ ဒေါ်သီတာဦး။ စစ်အာဏာရှင်လက်ထက် ပထမဆုံး ပြည်ထောင်စုရှနေချုပ် ဒေါ်သီတာဦး။

Public Service Announcement

Public Service Announcement

​မှန်ပါတယ်။ စစ်ယူနီဖောင်းဝတ် အာဏာရှင်တစ်သိုက် ရှေ့မှောက်မှာ အလုပ်​တွေတက်တက်ကြွကြွလုပ်ပြခဲ့တဲ့ အမျိုးသမီးက ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးဖြစ်ပါတယ်။ သူ့ကို ထောက်ခံတဲ့အမူအရာကို မျက်ဝါးထင်ထင် ပြသပြီးတဲ့နောက် စစ်ခေါင်းဆောင်က ပြည်ထောင်စုရှေ့နေချုပ်ရာထူး ပေးအပ်လိုက်တာပါ။

​အာဏာသိမ်းစစ်တပ်က သူတို့ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ငြင်းဆန်သူတွေကြောင့် တွေ့ရာလူစွဲပြီး ရာထူးတွေ တက်သုတ်ရိုက် ခန့်အပ်နေချိန်မှာ ‌ဒေါ်သီတာဦးကတော့ စစ်အာဏာရှင်အတွက် မီးစာအဖြစ် သူကိုယ်တိုင် လိုလိုချင်ချင် အသုံးတော်ခံခဲ့တာ ဖြစ်ပါတယ်။

●ဒေါ်သီတာဦး ငယ်ဘဝကောက်ကြောင်း

​ဒေါ်သီတာဦးက ဥပဒေအရာရှိငယ်အဖြစ်နဲ့ သူ့ဘဝကို စတင်ခဲ့ပါတယ်။ အထက်အရာရှိကို မျက်နှာချိုသွေးပြီး လုပ်ဖော်ကိုင်ဘက်တွေအပေါ် စိတ်သဘောထားမရိုးဖြောင့်သူအဖြစ် တရားရေးအသိုင်းအဝိုင်းမှာ သတင်းကြီးပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်စစ်အစိုးရခေတ် ၁၉၉၅ ဝန်းကျင်မှာ ရန်ကုန်တိုင်းမှာဒုမြို့နယ်ဥပဒေအရာရှိအဖြစ်နဲ့အမှုလိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနှစ်‌တွေမှာ နိုင်ငံတကာဥပဒေ (International Law) အထူးပြုနဲ့ မဟာဘွဲ့ကို ရယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာပဲ ပါရဂူဘွဲ့ (Ph.D.)ကို ဆက်လက်ရယူခဲ့ပါတယ်။ ရာထူးတိုးမြန်ခဲ့ပြီး၂၀၁၅ ဝန်းကျင်မှာပဲ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရတက်လာပြီး‌နောက်ပိုင်း၂၀၁၆ ခုနှစ်မှာ ဝန်ကြီးဌာနတွေကို အမြဲတမ်းအတွင်းဝန်စနစ် စတင်ကျင့်သုံးချိန်ကျ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်အဖြစ် ပူးတွဲတာဝန်ယူခဲ့ပါတယ်။အမှုလိုက်အတွေ့အကြုံမရှိပေမယ့် နိုင်ငံတကာဥပဒေတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူအဖြစ် တရားရေးအသိုင်းအဝိုင်းမှာ လူသိများပါတယ်။

​နိုင်ငံတော်အာဏာကို စစ်တပ်သိမ်းယူလိုက်ခြင်းက ပညာဂုဏ် နဲ့ ရပိုင်ခွင့် အလိုတပ်မက်မှုကြီးတဲ့ ဒေါ်သီတာဦးအကြိုက် ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံတော်အဆင့်အတွက် ဥပဒေရေးရာကိစ္စအရပ်ရပ်ကို ဦးဆောင်ရတဲ့ ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့ အကြံပေးချက်အရပဲ စစ်ကောင်စီက ဥပဒေရေးရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တယ်။ ဒေါ်သီတာဦးဟာ ဥပဒေရေးရာဝန်ကြီးဌနရဲ့ ဝန်ကြီးနေရာကိုပါ အခန့်သား ရယူလိုက်ပါတယ်။

●လာဘ်လာဘတွေနောက် လိုက်သူ

​ဒေါ်သီတာဦးက ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာတဲ့အခါကိုယ်ရေးအရာရှိတစ်ဦးခန့်လိုက်ပါတယ်။ ဦးရန်အောင်လို့ ခေါ်ပါတယ်။ သူအမြဲရုံးထိုင်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ၁ နှစ်ကို ကန်တော့ခန်း ၅ ခန်း ဖွင့်ပါတယ်။ နှစ်တိုင်း သီတင်းကျွတ်ကာလ၊ မြန်မာနှစ်သစ်ကူးကာလနဲ့ ဒီဇင်ဘာလ ခရစ်စမတ်ကာလတွေမှာ သုံးကြိမ် ကန်တော့ခံပါတယ်။ ၁ နှစ်ကို တိုင်းနဲ့ပြည်နယ်အဆင့် ဥပဒေအရာရှိတွေနဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ကြိမ်၊ ခရိုင်အဆင့် ဥပဒေအရာရှိတွေနဲ့ တစ်ကြိမ် လုပ်ပါတယ်။ အဲဒီအစည်းအဝေးတွေမှာ မဖြစ်မနေကန်တော့ရမယ်လို့ဥပဒေအရာရှိတွေက တပ်အပ်သိပါတယ်။

​”သူ့ကိုယ်ရေးအရာရှိ ဦးရန်အောင်ကိုကြိုချိတ်ဆက်ရတယ်။ ဦးရန်အောင်ကတွေ့မယ့်ရက် Date သတ်မှတ်ပေးတယ်။ကန်တော့ပစ္စည်းတွေ အလျှံအပယ်ပဲ။ ရွှေနဲ့ ကန်တော့ရင် ဝယ်သူနာမည်ကို blank လုပ်ထားရတယ်”လို့နေပြည်တော်ရပ်ဝန်းက ဥပဒေအရာရှိတစ်ဦးက ပြောပါတယ်။

​ဒေါ်သီတာဦးကအထက်ပါအတိုင်းကန်တော့ခံပုဂ္ဂိုလ်ဖြစ်ချင်သလိုသူအဓိကငွေရှာတာကဝန်ထမ်းတွေကို နေရာအရွှေ့အပြောင်းတွေ မကြာခဏ ပြုလုပ်တာပါ။ သူ့အပေါ် သိတတ်သူတွေကို မန္တလေးနဲ့ ရန်ကုန်လို ဝင်ငွေကောင်းတဲ့ ဒေသတွေဆီ ပို့ပေးပြီး သူအမြင်မကြည်သူတွေကို နယ်ဝေးဒေသတွေဆီ ပို့ပါတယ်။ သူက လူယုံတပည့်တွေ မွေးထားပြန်ပါတယ်။တံစိုးလက်ဆောင်နဲ့ ပတ်သက်ရင်တော့ ကျောသားရင်သားမခွဲခြားသူလို့ ရန်ကုန်မြို့ကဥပဒေအရာရှိတစ်ဦးကပြောပါတယ်။

​”သူ့တပည့်ရင်းဖြစ်ပေမယ့် ကန်တော့တာနည်းရင် ပြောင်းပစ်တာပဲ။သူကအချိန်သိပ်မဖြုန်းဘူး”လို့ ‌ဆိုပါတယ်။

​လုပ်ပိုင်ခွင့်ကို သုံးပြီး တံစိုးလက်ဆောင်တွေ လက်ခံပေမယ့် ဒေါ်သီတာဦးအနေနဲ့ လာဘ်မစားရဲတဲ့ အမှုတွေ သီးခြားရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဆက်စပ်တဲ့အမှုတွေကို ဥပဒေအတိုင်းပဲ တိတိကျကျကိုင်တွယ်ဆောင်ရွက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

​လက်ရှိမှာလည်း နေပြည်တော်အသိုင်းအဝိုင်းမှာ ရှိနေဆဲအဲဒီသတင်းရင်းမြစ်က”အာဏာရှင်ကိုတော့ သူသွားပြီးတော့မကျော်ရဲဘူး”လို့ဆိုပါတယ်။

​အာဏာ နဲ့ ရပိုင်ခွင့် လက်ဝယ်ပိုင်ပိုင် ရခဲ့ပေမယ့် တစ်ဖက်မှာတော့ အသက် ၆၁ နှစ်အရွယ်ဒေါ်သီတာဦးဟာ စစ်အုပ်စုနဲ့အတူ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အဓိကတရားခံထဲက တစ်ဦးအဖြစ် သမိုင်းဆိုး ရှိနေပါပြီ။

●စစ်ရာဇဝတ်မှုတွေရဲ့ ပူးတွဲတရားခံ

​၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို ဗုံးကြဲပြီးကလေးငယ်တွေအပါအဝင် လူ ၁၈၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးကအစ ပြီးခဲ့တဲ့ တစ်ပတ်ခန့် ဇန်နဝါရီလ ၂၂ ရက်နေ့က ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ပြုလုပ်နေတဲ့ ဆုတောင်းပွဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ လူ ၂၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အဆုံး အကြိမ်​ရေ မ​ရေတွက်နိုင်တဲ့ စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေမှာဒေါ်သီတာဦးကလောင်စာအဖြစ်ပါဝင်ပတ်သက်နေပါတယ်။

​သူက ပြည်ထောင်စုရှေ့နေချုပ်အနေနဲ့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေကို ဥပဒေကြောင်းအရ အကြံဉာဏ်ပေးရပါတယ်။ ဒါကြောင့် စစ်ကောင်စီကိုဥပဒေအကြောင်းအရ အဓိကအကြံပေးနေသူ ဖြစ်ပါတယ်။ဒါ့အပြင် နိုင်ငံတော်က တရားလိုလုပ်ထားတဲ့ ရာဇဝတ်မှုတွေမှာ တရားစွဲဆိုရတဲ့ တာဝန်ယူထားသူ ဖြစ်ပြန်ပါတယ်။ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးသမားတွေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် တပ်ထားတဲ့ ပုဒ်မတွေဟာ ဒေါ်သီတာဦးတို့ အစိုးရရှေ့နေတစ်သိုက် မတရားသဖြင့် စွဲဆိုထားတဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေမှာလည်း စိစစ်အကြံပြုတဲ့ အဓိကပုဂ္ဂိုလ်ဖြစ်တာမို့ စစ်ကောင်စီ ပြိုလဲကျမသွားအောင် အဓိကထောက်ကန်ထားတဲ့ ဒေါက်တိုင်တစ်ချောင်း ဖြစ်နေပြန်ပါတယ်။

​စစ်ကောင်စီကသူ့အာဏာကို ကျားကန်ဖို့ ပုံစံမျိုးစုံ ထုတ်ပြန်နေတဲ့ဥပဒေတွေ၊နည်းဥပဒေတွေ၊ အမိန့်ကြော်ငြာစာတွေကို စစ်ဆေးရတဲ့ တာဝန်လည်း ဒေါ်သီတာဦး ဦးဆောင်ပြီးယူထားပါတယ်။ နံကြားထောက် ဥပဒေတွေထုတ်ပြီး ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အဓိက မီးစာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ ပြည်သူလူထုအတွက် အလေးပင်ဆုံးဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ စစ်မှုထမ်းဥပဒေဟာဒေါ်သီတာဦးတို့ပုံဖော်ခဲ့တာဖြစ်ပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဥပဒေရုံးတွေကိုလည်း ကွပ်ကဲတဲ့ တာဝန်ယူထားသူမို့ နယ်တွေမှာ မတရားဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ထောင်နံရံနောက် တွန်းပို့တဲ့ အဓိကပုဂ္ဂိုလ် ဖြစ်နေပြန်ပါတယ်။

​အာဏာရှင်လက်အောက်မှာ တရားဥပဒေပရမ်းပတာ ဖြစ်နေတဲ့အပေါ် လူထုက ကျိန်စာတိုက်တာကိုတော့ ဒေါ်သီတာဦးက ကြောက်ပါတယ်။ စစ်အာဏာရှင်အလိုကျ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ဆင်ခြင်ဖို့မကြိုးစားဘဲတရားခွင်မှာ တရားသူကြီးတွေ ကျမ်းမကျိန်ရဖို့အတွက် ဥပဒေပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်တဲ့ဥပဒေ(မူကြမ်း) အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ဒေါ်သီတာဦး ဦးဆောင်ပြီး နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ယင်းအကြောင်း ဆောင်းပါးအပြည့်အစုံကို ယခုဖော်ပြပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/share/p/1G5BpMruvt/

●အိမ်ဦးနတ်ကို ဝှက်ထားသူ

​ဒေါ်သီတာဦးဟာ လက်ရှိမှာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားခွင်ကိုရောက်နေပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကိုချေပဖို့ စစ်ခေါင်းဆောင်က ခိုင်းစေထားတာပါ။ ICJ လို ကမ္ဘာသိ တရားခွင်ပေါ်အထိ သူကိုယ်တိုင်တက်လာပြီး လူလုံးပြရဲပေ‌မယ့် ဒေါ်သီတာဦးဟာ သူ့အိမ်ဦးနတ်ဖြစ်တဲ့ လင်ယောက်ျားဖြစ်သူနဲ့ မိသားစုဝင်တွေကိုတော့ နောက်ကွယ်မှာသိုသိုသိပ်သိပ်ထားပါတယ်။

​သူ့အမျိုးသားဖြစ်တဲ့ တရားသူကြီးငြိမ်းစားဦးအုန်းခိုင်ဟာ ၂၀၂၁ နောက်ပိုင်း လူရှေ့သူရှေ့ ထွက်မလာတော့ပါဘူး။တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းရဲမြတ်ဘုန်းခိုင်ကဩစတြေးလျနိုင်ငံမှာဆရာဝန်တစ်ဦးအဖြစ် ခပ်ရို့ရို့သာ နေပါတယ်။

အိမ်ထောင်ရှိတဲ့ အစိုးရထိပ်တန်းအရာရှိတွေဟာ နိုင်ငံတော်အဆင့်ပွဲတွေမှာ တူစုံပွဲတက်ဖို့ ဌာနတွင်း ညွှန်ကြားချက်တွေ ရှိပါတယ်။ လွတ်လပ်ရေးနေ့ နိုင်ငံတော်ညစာစားပွဲ၊ အာဇာနည်နေ့ အခမ်းအနား၊ ဒါမှမဟုတ် နိုင်ငံခြားဧည့်သည်တော်တွေကို ကြိုဆိုတဲ့ဂုဏ်ပြုညစာစားပွဲတွေမှာကျန်းမာရေးအရေးပေါ်ကိစ္စကလွဲလို့ခင်ပွန်းနဲ့ဇနီးဖြစ်သူအတူတူတက်ရောက်ဖို့ ညွှန်ကြားချက်ရှိပါတယ်။အိမ်ထောင်ဖက်တွေနဲ့အတူတက်ရောက်ခြင်းဖြင့်အခမ်းအနားရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ရည်ရွယ်တာပါ။ ဒေါ်သီတာဦးကတော့ အမြဲတမ်း တစ်ဦးတည်းသာ တက်ရောက်လေ့ရှိတယ်လို့ တရားရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

​စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့မှာ နိုင်ငံတော်အဆင့် နောက်ဆုံးကျင်းပထားတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုတောင် ဒေါ်သီတာဦးက တစ်ယောက်တည်း ရောက်လာတယ်လို့ အဲဒီပွဲတက်ခဲ့တဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

​”လင်စုံမယားစုံ မတက်ဘူး။ ဘယ်ပွဲမှ မပါဘူး။

သူ့အိမ်သားတွေကို လူသိမခံဘူး”

​စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းယူပြီးတဲ့နောက်ပိုင်း လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်လူပေါင်းသုံးသောင်းကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် ဆန့်ကျင်သူတွေကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားလက်လွတ် အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ၅ နှစ်အတွင်း အရပ်သား ၁ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီစစ်ရာဇဝတ်မှုတွေကို တရားမျှတမှုရဖို့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုကို ကတိပြုထားပါတယ်။

​စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ နိုင်ငံတော်အဆင့် တရားခွင်ပေါ် ဖြေရှင်းကြတဲ့အခါ ရှေ့နေချုပ် ဒေါ်သီတာဦးတစ်ယောက် နောက်ကို ရို့နေခွင့် ပြည်သူလူထုက လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ