စည်းကမ်းရှိရှိ၊ ရိုသေလေးစားမှုရှိရှိ ပြုမူဖို့ သူ့ကို လှမ်းအော်ပြီး သတိပေးခဲ့တဲ့ သင်္ချိုင်းစောင့် စစ်သားကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ဂုဏ်ပြု ဆုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဟက်ဂ်ဆက်သ်ဟာ အယ်လင်တန် အမည်မဲ့ စစ်သည် ဂူဗိမာန်ရဲ့ အစောင့်တာဝန်ကျတဲ့ စစ်သားကို ဖိတ်ခေါ်ပြီး Joint Service Commendation ဆုတံဆိပ် အပ်နှင်း ချီးမြှင့်ခဲ့ပါတယ်။ ဆုတံဆိပ် အပ်နှင်းမှု သတင်းကို ဟက်ဂ်ဆက်သ်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပြီး စစ်သားတွေနဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးကြောင်း၊ အဲဒီစစ်သားဟာ အကောင်းဆုံး လုပ်ပြခဲ့တာဖြစ်ပြီး အဲဒီ မျိုးချစ်စိတ်ကို ဆက်လက် ထိန်းသိမ်းထားစေလိုကြောင်း ရေးသားထားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ဟက်ဂ်ဆက်သ်၊ သူ့ဇနီးနဲ့ သူ့ရဲ့ အနီးကပ် အကြံပေး အရာရှိတွေဟာ အမည်မဲ့စစ်သည် စစ်သင်္ချိုင်းကို သွားရောက် အလေးပြုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေက စကားတွေ ဖောင်ဖွဲ့ပြောရင်း ရယ်မောနေတာကြောင့် အစောင့်စစ်သား လူငယ်တစ်ဦးက လှမ်းအော်ပြီး ဧည့်သည်တိုင်းဟာ စစ်သင်္ချိုင်း နယ်မြေမှာ တိတ်တိတ်နေပြီး လေးစားမှုကို ပြသဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အရာရှိ တစ်ဦးက ဟက်ဂ်ဆက်သ်ဟာ အမှတ် ၃ ခြေလျင်တပ်မ လက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးကို ဆုတံဆိပ် အပ်နှင်း ချီးမြှင့်ခဲ့တဲ့အကြောင်း အတည်ပြုသွားပါတယ်။ တပ်သား အဂ္ဂလီဆီးယက်စ်ရဲ့ အပြုအမူကို ဝန်ကြီးက အထူးသဘောကျ ထောက်ခံပြီး ဆုတံဆိပ်ကို ဂုဏ်ယူစွာ အပ်နှင်းခဲ့တာ ဖြစ်တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။

Public Service Announcement
ပထမ ကမ္ဘာစစ်တုန်းက ကျဆုံးခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့ အမေရိကန် စစ်သည် တစ်ဦးကို စတင် မြှုပ်နှံခဲ့တဲ့ အမည်မဲ့ စစ်သည် ဂူဗိမာန်ဟာ နောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ အထွဋ်အမြတ် အထားဆုံး စစ်သင်္ချိုင်းတစ်ခု ဖြစ်လာပါတယ်။ ဗာဂျီးနီးယားပြည်နယ်၊ အယ်လင်တန်မြို့မှာ ရှိနေတဲ့ ဂူသင်္ချိုင်းဟာ စစ်မြေပြင်မှာ ပျောက်ဆုံးသွားတဲ့၊ အလောင်းပြန်မရတော့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်သူ မိသားစုအတွက် ဖြေသိမ့်စရာ အထိမ်းအမှတ် တစ်ခုလည်း ဖြစ်လာပါတယ်။
သင်္ချိုင်းကို စောင့်ရှောက်ပေးနေတဲ့ တပ်ဖွဲ့ကို Old Guardလို့ ခေါ်ဝေါ်ပြီး ၁၉၄၈ ခုနှစ်ကစလို့ စစ်သင်္ချိုင်း တဝိုက်မှာ လေးစားမှုရှိပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မျိုး တည်ရှိနေအောင် စောင့်ရှောက်ပေးနေပါတယ်။ Old Guard စစ်သားတွေဟာ စစ်သင်္ချိုင်းဆီ လာရောက်လည်ပတ်ပြီး ဆူဆူညံညံလုပ်တဲ့ ဧည့်သည်တိုင်းကို လုပ်ထုံးလုပ်နည်းနဲ့အညီ လေသံမာမာနဲ့ သတိပေး တားမြစ်လေ့ ရှိပါတယ်။
ကိုးကား: CNN





















































