●နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်နှင့်မေးမြန်းခန်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏အကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကိုမတရားသဖြင့်လုယူထားသည်မှာ တစ်နှစ်တင်းတင်းပြည့်ပြီးဖြစ်သည်။ ပြည်သူများကလည်း စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြသလို ၊ငြိမ်ချမ်းစွာဆန္ဒပြတောင်းဆိုမှုကိုမလိုက်လျောဘဲ ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့်စစ်ကောင်စီကိုပြည်သူများကစစ်ပညာသင်ယူပြီး ရရာလက်နက်ဆွဲကိုင်တော်လှန်နေကြသည်မှာလည်းအရှိန်အဟုန်းမြင့်လာပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင်စစ်ပညာသင်ယူ၍PDFများက နိုင်ငံ့ဒေသအများစုတွင်ခုခံတိုက်ခိုက်နေသလို ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်ကို အထိ့နာအောင်တိုက်ခိုက်နေကြပြီဖြစ်သည်။ပြည်သူ့တော်လှန်ရေးတစ်နှစ်ပြည့်ချိန်တွင် မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကို People’s Spring ကပြည်သူ့တော်လှန်ရေးတစ်နှစ်တာခရီး ၊တော်လှန်ရေးခရီးလားရာနှင့် တော်လှန်ရေးအတွက်အကြံပြုချက်များကိုမေးမြန်းတင်ဆက်လိုက်ပါသည်။
မေး – မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု ၃ ကြိမ်မှာ ပြီးခဲ့တဲ့ ၂ ကြိမ်နဲ့ အခုတစ်ကြိမ် အာဏာသိမ်းမှု အပေါ် ပြည်သူလူထုရဲ့ တုံ့ပြန်မှုမှာ ဘာတွေ ကွာခြားတာကို ဆရာတွေ့ရလဲ။
ဖြေ – ၆၂ ကတော့ ဗမာပြည် မြို့ပေါ်နေ နိုင်ငံရေးသမားအများစုက ဗိုလ်နေဝင်းအာဏာသိမ်းမှုပေါ်သိပ်ပြီးကန့်ကွက်မှုမရှိကြဘူး။ အထူးသဖြင့် အဲဒီတုန်းက ပမညတက လာတဲ့လက်ဝဲအုပ်စု ဟာဆိုရင် ဗိုလ်နေဝင်းအာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ထူထောင်မယ်ဆိုတာ အဟုတ်မှတ်ပြီး တော့ ထောက်ခံခဲ့ကြတာ အုံနဲ့ကျင်းနဲ့။ လူထုက ဦးနုကို ဖြုတ်ချခံရတာကို စိတ်မကောင်းတာပေါ့။ နိုင်ငံရေးအင်အားစုတွေထဲမှာ ကျောင်းသားအင်အားစုတွေထဲက လွဲရင် ဗိုလ်နေဝင်းအာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူက သိပ်မရှိဘူး။ နောက်ပိုင်းကျမှာ ဗိုလ်နေဝင်းရဲ့ဆိုရှယ်လစ်က အတုအယောင်ဖြစ်တယ်ဆိုတာ သဘောပေါက်လာကြပြီး ဆန့်ကျင်လာကြတာ။ ၈၈ အာဏာသိမ်းမှုမှာ အဲဒီကာလကဖြစ်နေတာက ဗမာအသိုင်းအဝိုင်းကြားထဲမှာ ဖြစ်နေသလိုဖြစ်တာပေါ့။ အဲဒီမတိုင်ခင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများက ရှိနေပြီးပြီ။ သို့သော်ငြားလည်း ဗမာ-ဗမာချင်းဖြစ်တဲ့ကိစ္စလို့ သူတို့က ယူဆပြီး တိုင်းရင်းသားတွေက မပါကြဘူး။ အခုနောက်ဆုံး ၂၀၂၁ အာဏာသိမ်းပွဲ မှာကျတော့ မြို့ပေါ်မှာ ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေရော၊ လက်ဝဲအင်အားစုတွေရော စကစကို ဆန့်ကျင်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဆန့်ကျင်တယ်။ မြို့ပေါ်က ပြည်သူလူထုရော၊ တောင်ပေါ်က ပြည်သူလူထုရော၊ မြေပြန့်ရော၊ တောင်ပေါ်ရော၊ နိုင်ငံရေးကို အတန်အသင့်သဘောပေါက်တဲ့ ပြည်သူအားလုံးက ပြောရရင် သန်း ၅၀ ကျော်ရှိတဲ့အထဲ သန်း ၄၀ ကျော်က ဆန့်ကျင်ကန့်ကွက်တယ်၊ ဆန့်ကျင်ဆန္ဒပြ တယ်ဆိုတာ တွေ့ရတယ်။

Public Service Announcement
မေး – ဆရာပြောသလို ပြည်သူအများစုကြီးရဲ့ ကန့်ကွက်ဆန့်ကျင်မှုကိုခံရပေမယ့်လည်း စစ်ကောင်စီက သူတို့ရဲ့ ရက်စက်ယုတ်မာမှု၊ ကြမ်းကြုတ်မှုအပေါင်းကို ပြသပြီး တဆင့်ပြီး တဆင့်ယုတ်မာပြီး အာဏာသိမ်းမှုက ၁ နှစ်ရှိလာပြီ။ ဒီစစ်ခေါင်းဆောင်တွေက ဘယ်ခြေလှမ်းကို လှမ်းနေတယ်လို့ ဆရာတို့ သမိုင်းအတွေ့အကြုံတွေအရ ယူဆလဲ။ အပြောင်းအလဲတွေ ဘာတွေ ဖြစ်လာနိုင်မလဲ။
ဖြေ – သူတို့ရည်မှန်းတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီးတော့ အသိအမှတ်ပြုပြီး နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးခြယ်လှယ်မှုကို ရာသက်ပန်ထိန်းသိမ်းထားဖို့ဆိုတာ သူတို့ရဲ့ အခြေခံရည်ရွယ်ချက်ပါ။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါနေတဲ့ အာဏာဟာ ပြည်သူလူထုက ဆင်းသက်တာရှိတယ်။ အဲဒီတော့ ပြည်သူလူထုအတွက် ရွေးကောက်ပွဲတွေ လုပ်ရမယ်။ စသည်အားဖြင့် ဒီမိုကရေစီအရေးဆိုင်ရာ ခွင့်ပြုချက်တွေပေါ့။ အဲဒီခွင့်ပြုချက်တွေကို ဆက်ပြီးတော့ပေးလိုတဲ့ ဆန္ဒမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်အားကိုးတဲ့ ပါတီ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီဟာ ရွေးကောက်ပွဲတိုင်း NLD ကို ရှုံးနေတာကိုး။ ရှုံးနေတော့ ဒီအတိုင်း သွားလို့တော့ မဖြစ်တော့ဘူး။ အဲဒီတော့ NLD ကို မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်ကနေ ဆွဲချရမယ်။ NLD နလံ မထူနိုင်အောင် လုပ်ရမယ်။ NLD ပါတီကို နိုင်ငံရေးအရ ဗမာပြည်မှာ ခေါင်းမထောင်နိုင်အောင် လုပ်ရုံတင်မကဘူး။ နောက်လာမယ့်ရွေးကောက်ပွဲမှာ အနိုင်မရနိုင်အောင် သူတို့အနေနဲ့ PR စနစ်တို့ ဘာတို့ လှည့်ပြီး စုံစမ်းနေတာပေါ့။ အဓိပ္ပာယ်ကတော့ NLD ပါတီက အကုန်သိမ်းသွား တဲ့အနေအထားမျိုးကို သူတို့အနေနဲ့ မပါစေချင်လို့ PR စနစ်ကျင့်သုံးမယ်လို့ ဘာတို့လုပ်နေတာ ပါ။ မင်းအောင်လှိုင်ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ သမ္မတဖြစ်ချင်တဲ့ အရူးအိမ်မက်ကြောင့် ဒီလို ကိစ္စတွေ လုပ်တာဟာ တိုင်းပြည်အတွက်နာတယ်။ စစ်တပ်အတွက် ဂုဏ်သိက္ခာကျဆင်းတယ် ဆိုပြီး တပ်ထောက်ခံသူတွေ ရေးလာကြတယ်။ ဒါလည်း တကယ် အဓိပ္ပာယ်ရှိပါတယ်။
မေး – စစ်အုပ်စုက ဒီမိုကရေစီဖက်ဒရယ်နိုင်ငံဆီ သွားမယ်လို့ ဘယ်လောက်ကြွေးကြော်၊ ကြွေး ကြော် အခုလက်ရှိမြေပြင်မှာ ဖြစ်နေတာက စစ်အုပ်ချုပ်ရေးလို့ တည့်တည့်ပြောရမယ်ထင်ပါတယ်။ ဒီစစ်အုပ်ချုပ်ရေး ဆက်ရှိနေရင် မြန်မာနိုင်ငံက ဘာဆက်ဖြစ်မလဲ။
ဖြေ – ဗမာနိုင်ငံဟာ ဒီမိုကရေစီမရှိတဲ့တိုင်းပြည်၊ နိုင်ငံတကာရဲ့ ဝိုင်းပယ်ပိတ်ဆို့ထားတဲ့ တိုင်းပြည်၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူး။ အခုကို ဗမာပြည်ရဲ့အခြေအနေက ကမ္ဘာ့ဘဏ်က စိုးရိမ်ရလောက်တဲ့အနေအထား။ ဗမာပြည်ရဲ့ ပြည်သူ တစ်ဝက်ကျော်လောက် ဆင်းရဲတွင်းအောက်ရောက်မယ့်အနေအထား။ ပြည်သူသန်းနဲ့ချီပြီး ထမင်းငတ်မယ့်အနေအထား။ ဘက်စုံ၊ စီးပွား ရေးဆိုင်ရာ လူထုခံစားနေရတဲ့ ကိစ္စတွေပြောရင် ပြောမဆုံးပေါင် တောသုံးတောင်ပဲ။ ဆိုလိုတာက ငရဲထက်နက်တဲ့ အဝီစိထဲကို တိုင်းပြည်က ကျတော့မယ်။အစိတ်စိတ်အမွှာမွှာ
ဖြစ်တော့မယ်။ ဒီစစ်တပ်ခေါင်းဆောင်တွေ တိုင်းပြည်အုပ်ချုပ်လို့တော့ ငြိမ်းချမ်းရေးလည်းမရနိုင်ဘူး။ ဖက်ဒရယ် လည်းမရနိုင်ဘူး။ စီးပွားရေးဖွံ့ဖြိုးမှုဆိုတာ စဉ်းစားစရာမရှိဘူး။ အဲဒီတော့ ခုနကလို ငရဲအပြင် အဝီစိထဲကျမယ့် ကိန်းဆိုက်နေပြီလို့ပဲ ပြောချင်ပါတယ်။
မေး – ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စလာပြီလို့ အဲဒီကာလက တင်စားခဲ့ကြတယ်။ အဲဒီလိုကူးပြောင်းရာမှာ စစ်ဘက်နိုင်ငံရေး တဖြည်းဖြည်းလျှော့ ချပြီး အရပ်ဘက်နိုင်ငံရေးတိုးမြှင့်ဖို့ ရှိခဲ့ကြတာပေါ့။ မြန်မာ့နိုင်ငံရေးက အဲဒီလိုမသွားနိုင်ခဲ့ဘူး။ ဒီ အခြေအနေအပေါ်မှာ ဆရာဘာပြောချင်လဲ။
ဖြေ – အခုဟာကတော့ ရှင်းရှင်းပြောရရင် အရပ်သားတပိုင်း အစိုးရအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့အခွင့်အရေးကိုတောင် ဒီအာဏာရူး ရူးနေတဲ့ စစ်ခေါင်းဆောင်တသိုက်က ဆက်ပြီး ပေးနိုင်တဲ့ ဆန္ဒမရှိဘူး။ သူတို့က အဲဒီ ဒီမိုကရေစီအခွင့်အရေးတွေကို ဖျက်သိမ်းပြီး စစ်တပ်ကပဲ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်တဲ့ စစ်အာဏာရှင် နိုင်ငံထူထောင်ရေးကိုပဲ သူတို့က စဉ်းစားနေတာ ဖြစ်တယ်။ အဲဒီအတိုင်း လုပ်မှာဖြစ်တယ်။ အဲဒါကြောင့် သူတို့ဆီမှာ ပြည်သူတွေအတွက် ဒီမိုက ရေစီအခွင့်အရေး၊ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်အခွင့်အရေးရော ဘယ်လို အလားအလာမှ မရှိဘူး။ ဒါကြောင့် ဒီနေ့ လူထုတိုက်ပွဲတွေရဲ့ ဦးတည်ချက်ဟာ အရင်တုန်းကလို အစိုးရ အပြောင်းအလဲဖြစ်ရေးမဟုတ်ဘူး။ ဒီစစ်တပ်ကို ဖျက်သိမ်းပြီး ဒီစစ်တပ်ကို နိုင်ငံရေးကနေ ဆွဲချရေး။ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သဂြိုလ်ရေး ဦးတည်ချက်တွေနဲ့ ဒီကနေ့ တိုက်ပွဲဝင်နေ ကြတာဖြစ်ပါတယ်။
မေး – လက်ရှိတော်လှန်ရေး ပိုအားကောင်းလာတယ်လို့ သုံးသပ်သူတွေရှိတယ်။ ပြည်သူလူထုက လည်း အဲဒီလို ခံစားနေကြတယ်။ ဆရာအနေနဲ့ရော လက်ရှိတော်လှန်ရေးကို အရှိအတိုင်းသုံးသပ်ကြည့်ရင် လားရာဘယ်လိုရှိနိုင်လဲ။
ဖြေ – လားရာက ပြည်သူသန်း ၄၀ ကျော်နဲ့ စစ်တပ် ၃ သိန်းလောက်နဲ့ရင်ဆိုင်နေရတဲ့ပွဲက ဘယ်သူနိုင်မလဲဆိုတာကတော့ သိပ်ပြီး စဉ်းစားစရာမလိုဘူး။ ပြည်သူလူထုနိုင်မှာ။ ပြည်သူ့တော်လှန်ရေးအောင်ပွဲခံမှာပါပဲ။ အဲဒီအပေါ် စစ်ဘယ်လောက်ကြာနိုင်သလဲဆိုတဲ့ ကိစ္စက ခုနကလို ပြည်သူ့ဘက်က လက်နက်နဲ့ငွေကြေး ဘယ်လောက်မြန်မြန်ဆန်ဆန်ရနိုင်မလဲဆိုတဲ့ အနေအထားအပေါ် မူတည်တာပေါ့။ သို့သော် လူထုတော်လှန်ရေးကအောင်မှာ။ ဒီစစ်တပ်ကျရှုံးမှာပဲ။ အချိန်ပြဿနာပဲ။
မေး – ပြည်သူလူထုက စစ်အုပ်စုကို မလိုလားဘူးဆိုတာ နည်းလမ်းပေါင်းစုံနဲ့ပြသထုတ်ဖော်ခဲ့ပြီးပြီ။ အဲဒါကို စစ်တပ်က ပေကပ်နေနေတုန်းပဲ။ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ လိုမလဲ။
ဖြေ – ပြည်သူလူထုကတော့ တတ်နိုင်သလောက်လုပ်ကြတယ်။ ဒါပေမဲ့ စကစလုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဖျက်ဆီးမှု တွေ၊ မီးရှို့မှုတွေခံနေရတော့ ကိုယ့်ဥစ္စာဓနက ပိုင်ဆိုင်မှုတွေ အားလုံး ဖျက်ဆီးခံနေရတယ်။ အတော်ကို ဒုက္ခရောက်နေတယ်။ သို့သော်လည်း လူထုအနေနဲ့က ကိုယ်ရှိတဲ့အားနဲ့ ငွေကြေးတက်နိုင်၊ တက်နိုင်၊ စစ်ရေးအတွက် လူအင်အားတက်နိုင်၊ တက်နိုင်၊ နောက်ပြီး တော့ လက်နက်ပစ္စည်းပဲဖြစ်ဖြစ် ရနိုင်သလောက် ဝိုင်းဝန်းပံ့ပိုးကြဖို့ အရေးကြီးတယ်လို့ ကျွန်တော်အနေနဲ့ ထင်ပါတယ်။ အခုဟာက လူထုတရပ်လုံးနဲ့ စစ်တပ်ပေါက်စနနဲ့ ဖြစ်နေတာ။ အဲဒီအနေအထားမှာ လူထုက ဒီတိုက်ပွဲနိုင်ချင်တယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပံ့ပိုးဖို့လိုပါတယ်။ ဆန်တစ်ထုတ်၊ ဆီတစ်ပုလင်းဖြစ်ဖြစ်၊ သိန်း ၁၀၀ ၊ ၂၀၀ ဖြစ်ဖြစ် တတ်နိုင်တဲ့ ဘက်ကနေ ဝန်းရံကြဖို့ပါပဲ။
မေး – အဓိကကတော့ ပြည်သူလူထုပေါ့။ တဖက်မှာလည်း နိုင်ငံရေးဦးဆောင်မှုမှာ NUCC ၊ NUG ၊ CRPH တို့ ရှိတော့ အဲဒီအဖွဲ့အစည်းတွေ အခုထက်ပိုပြီး ဦးဆောင်မှုအားကောင်းဖို့ ဘာတွေ အကြံပြုချင်လဲ။
ဖြေ – တော်လှန်ရေးခေါင်းဆောင်မှုဆိုတာ အလိုအလျောက်နေရာရသွားကြတာမဟုတ်ဘူး။ တော်လှန်ရေးတိုက်ပွဲထဲကနေ မွေးထုတ်ပေးတာပဲ။ အခုကတော့ လူထုက မဲပေးရွေးချယ်ထားလို့ အရွေးခံရတဲ့ CRPH တို့ကနေ NUG ဖွဲ့တယ်။ သူတို့ဖွဲ့တာနဲ့ပတ်သက်လို့ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ သူတို့လုပ်ရမယ့် တာဝန် သူတို့လုပ်ကြတာပဲ။ သူတို့ကနေ စစ်ရေးလှုံ့ဆော်မှုတွေ လုပ် တယ်။ လူထု ခုခံကာကွယ်ရေးတိုက်ပွဲတွေ ဆင်နွှဲဖို့ တိုက်တွန်းတယ်။ အခုပြည်သူလူထုအနေနဲ့ စစ်တပ်ကို ဖြိုချဖို့ ကြိုးပမ်းနေတဲ့နေရာမှာ NUG အစိုးရအနေနဲ့ လောလောဆယ် ပြည်သူလူထုရဲ့ တောင်းဆိုချက်ကို သူတို့တတ်နိုင်သမျှ ဖြည့်ဆည်းနေတာကို အသိအမှတ်ပြုရမှာပါ။ သို့သော်ငြားလည်း တကယ့်စစ်ရေးမှာ ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ၊ သနင်္ဂဗျူဟာကျွမ်းကျင်တဲ့ လူတွေ၊ စစ်ရေးအရ အဆုံးအဖြတ်ပေးမယ့်လူတွေဆိုတာ တိုက်ပွဲတွေကနေ ပေါ်လာပါလိမ့်မယ်။ ဒီနေ့ကာလက NUG ချွတ်ယွင်းချက်တွေ လိုက်ပြောနေရမှာမဟုတ်ဘူး။ NUG ကို ဘယ်လို အားဖြည့်မလဲ။ ဘယ်လိုကူညီမလဲဆိုတာကို ကိုယ့်အနေနဲ့ တတ်နိုင်သလောက် စဉ်းစားပြီးတော့ အပြုသဘောဆောင်တဲ့ အကြံဉာဏ်နဲ့ အကူအညီတွေပေးဖို့ပဲ။
မေး – နောက်ဆုံးကတော့ စစ်အာဏာသိမ်းမှု တနှစ်ပြည့်အခြေအနေနဲ့ တော်လှန်ရေးအရွေ့ အပေါ် ဆရာဘာများ ထပ်ဖြည့်ပြောချင်တာရှိမလဲ။
ဖြေ – ဒီစစ်ပွဲလူထုဘက်က လုံး၀ နိုင်လိမ့်မယ်။ အချိန်ပြဿနာပဲဖြစ်တယ်။ ခေါင်းဆောင်မှုဆိုတာ ဒီတိုက်ပွဲထဲက ထွက်လာလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ် ၇၀ ကျော်ကာလမှာ ဗမာတွေကလည်း ကိုယ့်ဟာနဲ့ကိုယ်။ တိုင်းရင်းသားတွေကလည်း ကိုယ့်ဟာနဲ့ ကိုယ်။ မပေါင်းစပ်နိုင်ကြဘူး။ အခုဟာက အဲဒီရေစီးကြောင်းအားလုံးပေါင်းသွားပြီ။ အဲဒီတော့ ဒီစစ်ပွဲက ရေရှည်ဖြစ်မှာလားဆိုတော့ မဖြစ်ပါဘူး။ အခုစစ်ကောင်စီထဲမှာ ပြောဆိုနေကြတဲ့အသံတွေ နားထောင်ကြည့်တဲ့အခါ စစ်ကိုင်းတိုင်းကို သူတို့ထိန်းမရဘူး။ မကွေးတိုင်းမှာလည်း အဲဒီလိုပဲ။ ဒါတွေက တစ်ပြည်လုံးမှာဖြစ်နေတာရဲ့ နမူနာပဲ။ အဲဒီအက်ကြောင်းက စစ်ကိုင်းကနေ မကွေး၊ မကွေးကနေ မန္တလေး၊ မန္တလေးကနေ မြစ်၀ကျွန်းပေါ်။ ပွဲပြီးတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ ပြနေပါတယ်။ စစ်အုပ်စုအနေနဲ့ လေကြောင်းကနေ တိုက်တယ်ဆိုတာလည်း ကြည်းကြောင်းမသွားရဲလို့၊ သွားမရလို့။ အားကြီးလို့မဟုတ်ဘူး။ သူ့စစ်တပ် ဒါတွေကို ရေရှည် သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မြို့တွေ မသိမ်းသေ ပေမယ့် မြေပြင်စိုးမိုးမှုမှာ ၆၀ ရာခိုင်နှုန်းက PDF တွေက ထိန်းသိမ်းထားတယ်ဆိုတာကို နိုင်ငံတကာပညာရှင်တွေက ကောက်ချက်ချနေကြတယ်။ တော်လှန်ရေး ၁ နှစ်ပြည့်တဲ့အချိန်မှာ ဗမာပြည်ရဲ့ ၃ ပုံ ၂ ပုံလောက်၊ စစ်ပွဲရဲ့ ၃ ချိုး ၂ ချိုးလောက် အသာစီးရနေပြီလို့ ပြောတာပါ။
ကျေးဇူးတင်ပါတယ်။


















































