Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“(တိုက်ပွဲ​တွေက)ရခိုင်ပြည်အလယ်ပိုင်းနဲ့တောင်ပိုင်းအထိကူးစက်သွားနိုင်တယ်”

စစ်ကောင်စီတပ်တွေကလည်း အဲဒီဒေသကို ထိန်းချုပ်ချင်တာ။အဲဒီအနေအထားမျိုးမှာ အဲဒီဘက်မှာ တိုက်ပွဲတွေစဖြစ်တာအတော်ကြာပြီ။ဒါက နယ်မြေ ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စစ်ပွဲ။ အဲဒီလို အခြေအနေမျိုးတွေ့နေရတယ်။

(လွတ်​တော်အမတ်​ဟောင်းဦး​ဖေသန်း)
(လွတ်​တော်အမတ်​ဟောင်းဦး​ဖေသန်း)

ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဖေသန်းနှင့်​မေးမြန်းခန်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို လက်တ​လော ရခိုင်ပြည်နယ်မှာရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ​တွေနဲ့ပါတ်သပ်ပြီး​တော့ သ​ဘောထားအမြင်များကို People’s Spring ကမေးမြန်းတင်ဆက်လိုက်ပါတယ်။

​မေး-မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဘက်မှာ ဒီနေ့ တိုက်ပွဲဖြစ်တယ်လို့ ကြားလို့ အဲဒါ သတင်းနဲ့ပါတ်သပ်ပြီးဘာများသိရလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ခမောင်းဆိပ်ဆိုတော့ နယ်ခြားစခန်း။ ကျွန်တော် အဲဒီသတင်းမသိသေးဘူး။

​မေး-အခုတလော ရသေ့တောင်ဘက်၊ မောင်တောဘက်၊ပလက်၀ဘက်​တွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်​နေတော့ အဲဒီတိုက်ပွဲတွေအပေါ် သဘောထားမှတ်ချက်ပြုပေးပါလား။

​ဖြေ-ဒါကတော့ ရှင်းရှင်းလေးပါ။အဲဒီ ဒေသက နယ်ခြားဒေသလည်း ဖြစ်တယ်။ ပလက်၀ ဆိုရင်ဘင်္ဂလား-အိန္ဒိယ နယ်စပ်။ ဒီဘက်က မောင်တောဆိုရင် တောက်လျှောက်ဘင်္ဂလာနယ်စပ်။အဲဒီ နယ်စပ်မှာ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေရှိတော့ နယ်ခြားစောင့်စခန်းတွေအများကြီး အဲဒီမှာချထားတယ်။ အဲဒီနယ်ခြားမှာ ဒီဘက်က ULA/AAကလည်း အခြေစိုက်ထားတာပေါ့။ အခြေစိုက်တယ်ဆိုသူတို့လည်း အဲဒီနယ်ခြားဒေသကိုထိန်းချုပ်ချင်တာ။ စစ်ကောင်စီတပ်တွေကလည်း အဲဒီဒေသကို ထိန်းချုပ်ချင်တာ။အဲဒီအနေအထားမျိုးမှာ အဲဒီဘက်မှာ တိုက်ပွဲတွေစဖြစ်တာအတော်ကြာပြီ။ဒါက နယ်မြေ ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စစ်ပွဲ။ အဲဒီလို အခြေအနေမျိုးတွေ့နေရတယ်။ ULA/AA ဘက်က အဲဒီနယ်ခြား တွေကို သူတို့ဘက်က ထိန်းချုပ်နိုင်တယ်ဆိုရင် သူတို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်က အားသာချက်ရှိလာမှာပေါ့။ စီးပွားရေးကအစ။အဲဒီလိုရည်ရွယ်ချက်တွေနဲ့ ULA/AA ဘက်က တိုက်ပွဲတွေဖော်တာရှိတယ်။ ပြီးတော့ လမ်းကြောင်းတွေဖြတ်တောက်ထားပြီး ရိက္ခာဖြတ်တောက်ထားပြီး သူတို့(စစ်​ကောင်စီတပ်) မနေနိုင်အောင်လုပ်တာရှိတယ်။ အဲဒီလို တိုက်ပွဲအဲဒီဘက်မှာ ဖြစ်နေတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ စခန်းတွေလည်း ၁၀ ခုကျော်ကျော် ရုတ်သိမ်းသွားပြီ။ သူတို့လည်းနေလို့မရတော့ဘူး စိုးရိမ်ကြောင့်ကြလာတာလည်းရှိတယ်။ သူတို့လည်း ULA/AAဘက်က ဖြတ်တောက်ထားတဲ့အတွက် ရိက္ခာ ပြတ်လပ်နေတာရှိတယ်။ ဒါကြောင့်သူတို့ တပ်ဖွဲ့တွေ သူ့ဟာနဲ့ သူဆုတ်သွားတာရှိတယ်။ မဆုတ်ဘဲ စခန်းအကြီးကြီးတွေကျတော့ ULA/AA ဘက်က ဝင်တိုက်တာလည်း ရှိတယ်။ အဲဒီတိုက်ပွဲတွေကတော့ ဆက်လည်းဖြစ်မှာပါ။ နယ်စပ်ဒေသကို ထိန်းချုပ်ဖို့နှစ်ဖက်စလုံးက လိုလားနေတဲ့ အ ခြေအနေကြောင့်ပါ။

မေး-ရသေ့တောင်တိုက်ပွဲအပြီးမှာ AA ထုတ်ပြန်တာရှိတယ် ။ စစ်ကောင်စီထိုးစစ်ဆင်လာရင် မဟာမိတ်တွေနဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းတုံ့ပြန်သွားမယ်ဆိုတဲ့ သဘောမျိုး။ အဲဒါကရော ဒီဘက်မှာဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးနဲ့ချိတ်ဆက်သွားနိုင်တာမျိုးရှိပါသလား။

Public Service Announcement

Public Service Announcement

​ဖြေ-AAနဲ့ PDFတွေချိတ်ဆက်မှုကတော့ ရှိတယ်လေ။ သူတို့လည်း ဖော်ပြပြီးသားပဲ။ AA တပ်တော်မွေးနေ့မှာသဝဏ်လွှာတွေပို့တာရှိတယ် PDFတွေက။ သူတို့ ULA/AAဆီမှာ စစ်သင်တန်းတွေတက်တယ်။ စစ်ရေး အကူအညီတွေ ပေးတယ်ဆိုပြီးတော့။ အဲဒီလို အခြေအနေကြောင့် ဒါကတော့ PDFတွေနဲ့ သူတို့နဲ့ချိတ်ဆက်မှုလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြပြီးသားဖြစ်တယ်။ဒါပေမဲ့ရခိုင်ပြည်ထဲမှာတော့ PDFတွေကို အခြေချခွင့်မပေးဘူး။ ရောထွေးရှုပ်ထွေးသွားမှာစိုးလို့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဲဒီလိုချိတ်ဆက်ပြီးလုပ်နေတာတွေရှိတယ်။နောက်ပြီးတော့ မဟာမိတ်အဖွဲ့တွေလည်းရှိတယ်။ ဆိုတော့ တိုက်ပွဲဖြစ်လာပြီဆိုတော့ နေရာတိုင်းမှာ ဖြစ်နေတယ်။ ဗမာပြည်တစ်ပြည်လုံးမှာ ဖြစ်နေတယ်ဆိုတော့ အလိုလို ပူးပေါင်းဆောင်ရွက်ခြင်းက အရင်ကလည်းရှိနေတယ် နောက်ပိုပြီးတော့ ရှိသွားနိုင်တာပေါ့။ အရင်ကတော့ ULA/AAက ဒီ တိုက်ပွဲမှာ မပါဝင်ဘူးဆိုတာ ပြောတာဆိုတာရှိတာပေါ့။ ဒါပေမဲ့ သူကလည်း ဒီအချိန်မှာတော့ အဓိကတိုက်ပွဲတွေဖြစ်လာပြီ။ မနေ့ကဆိုရင်လည်းတောင်ကုတ်မှာ ဖြစ်လာတယ်။ ဆိုတော့ ULA/AAကလည်း ဒီတိုက်ပွဲကို ဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။တိုက်ပွဲကို မဖြတ်ကျော်ဘဲနဲ့လည်း သူတို့လိုလားတဲ့ ပန်းတိုင်ရောက်မှာမဟုတ်ဘူး။ ဒါက မဟာမိတ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတာသဘာ၀ ကျပါတယ်။ လုပ်လည်း လုပ်နေတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒါတော့ဟုတ်ပါတယ်။

​မေး-ဒါဆိုလတ်တလော မောင်တောတို့ ပလက်၀တို့မှာ ဖြစ်နေတဲ့တိုက်ပွဲတွေပိုကျယ်ပြန့်လာနိုင်တဲ့အနေအထားပေါ့။

​ဖြေ-ကျယ်ပြန့်မယ်ဆို ပထမတော့ ကန့်သတ်ဧရိယာတစ်ခုတည်းမှာပဲ ဟိုဘက်တပ် ဒီဘက်တပ် နှစ်ဖွဲ့လုံးကသူတို့ပလက်၀နဲ့ မောင်တောဒေသလောက်မှာပဲ စစ်မျက်နှာဖွင့်ပြီးတိုက်နေကြတာ။ ULA/AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရခိုင်ပြည်အလယ်ပိုင်း အခုဆို တောင်ပိုင်းအထိပေါ့။ တပ်ချင်းဆိုင်ထားကြတာအများကြီး။ မတိုက်ချင်လို့သာမတိုက်ကြတာလေ။ မတိုက်ချင်လို့ မတိုက်တာ ။နှစ်ဖက်စလုံးမှာ တိုက်ပွဲလိုလားတဲ့အခြေအနေမျိုးတော့မရှိဘူးပေါ့။တိုက်တဲ့ဒေသမှာပဲတိုက်နေကြပြီဆိုတော့ဒီဒေသမှာပဲငါတို့ဖြစ်မယ်။

အခြားမှာ မဖြစ်ဘူးဆိုပြီး တိုက်ပွဲကို ရေရှည်ထိန်းထားလို့တော့ရမှာ မဟုတ်ဘူး။ ဒါကတော့ ရခိုင်ပြည်အနှံ့ဖြစ်လာနိုင်တယ်။ ကိုယ်က အထိနာတဲ့အခါတစ်မျိုးစဉ်းစားမှာပေါ့။ ကိုယ်က အသာစီးရတဲ့အခါ တမျိုးစဉ်းစားမှာပေါ့။ဒီကိစ္စက ပလက်၀နဲ့ မောင်တောဒေသကို အခြေခံပြီး ဖြစ်လာတယ်ဆိုပေမယ့် ရခိုင်ပြည်အလယ်ပိုင်းနဲ့တောင်ပိုင်းအထိကူးစက်သွားနိုင်တယ်။ဘာလို့လဲဆိုတပ်တွေက နီးနီးကပ်ကပ် ဆိုင်ထားကြတာမို့။

​မေး-ရခိုင်ပြည်သူ​တွေက စစ်ပွဲအတွေ့အကြုံတော့ ကြုံထားဖူးတယ်။ အခုအခြေအနေမှာ​ရောရခိုင်ပြည်သူလူထုတွေကို ဘာသတင်းစကားပါးချင်လဲ။

​ဖြေ-ဒီတိုက်ပွဲတွေဖြစ်လာပြီဆိုရင် တိုက်ပွဲရဲ့အနိဌာရုံတွေ ခံစားရမှာပဲ။ ဒီတော့ ဒါက ကျွန်တော်တို့ ရခိုင်တွေအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က အတွေ့အကြုံရှိပြီးသားကိစ္စဖြစ်တယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသား ဆိုပေမယ့် ရခိုင်ပြည်က တော်တော်ကို ဆင်းရဲ ကြပ်တည်းတဲ့ ပြည်နယ်တစ်ခု မဖွံ့ဖြိုးတဲ့ ပြည်နယ်တစ်ခု။ ပြီးတော့ ကျွန်တော်တို့ဆီမှာ စက်ရုံအလုပ်အရုံတွေဒီအထဲမှာ စီးပွားရှာနိုင်တဲ့အခွင့်အရေးတွေဘာမှ မရှိတော့ကိုယ့်ဒေသကိုစွန့်ပြီးတော့အဝေးကို သွားနေကြရတဲ့ အခြေအနေ။ ဒါကြောင့် ပြည်တွင်းမှာလည်း ကုန်ထုတ်လုပ်မှု စက်ရုံအလုပ်ရုံဘာမှ မရှိတဲ့အခါ တကယ်တန်းဖြစ်လာပြီဆိုရင် ပြည်သူပဲထိတာပေါ့။တစ်ဖက်က စစ်ကောင်စီဘက်ကလည်း ကုန်စည်စီးဆင်းမှုတွေကို အကုန်လုံဖြတ်တောက်ထားတဲ့ အခြေအနေလည်းရှိတယ်။ ပြည်မနဲ့ ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတဲ့ အခြေအနေရှိတယ်။ ကုန်စျေးနှုန်းတွေအဆမတန် မြင့်တက်လာတယ်။ အဲဒီဒဏ်ကိုတော့ တိုက်ပွဲတွေဖြစ်လာရင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာလေ ပိုပြီးတော့ ခံစားရလေပေါ့။ ဒီအချိန်မှာ စစ်ဘေးရှောင်တွေကိုနိုင်ငံတကာကလည်းအကူအညီမပေးနိုင်ဘူး။ ကိုယ့်အချင်းချင်း အကူအညီပေးမှာကိုလည်း စစ်ကောင်စီက ဖမ်းမယ်ဆီးမယ် လုပ်တယ်။ အရေးယူမယ် ဘာညာပြောနေတယ်ကိုယ့်အချင်းချင်းအကူအညီပေးဖို့မတက်နိုင်။ တကယ်တန်းရေရှည်တိုက်ပွဲတွေ သွားတော့မယ်ဆိုရင်တော့ အဖက်ဖက်က ကူညီမှုတွေလိုတယ် စစ်ဘေးရှောင်တွေကို။ အရင်ကလည်း စစ်ဘေးရှောင်တွေ ရှိတယ်အခုလည်း စစ်ဘေးရှောင်တွေရှိလာပြီဆိုတော့ ဒီဒဏ်တွေကတော့ မလွှဲမသွေခံရမှာ။ ဒါပေမဲ့ ရခိုင်ပြည်သူတွေကလည်း မတက်နိုင်ဘူးလေ။ တိုက်ပွဲတွေ ရှိလာမယ်ဆိုရင် ဟိုဘက်ကလည်းမလျှော့ ဒီဘက်ကလည်း မလျှော့ဆိုရင်တော့ ဒီဟာကိုဘယ်လိုဖြတ်ကျော်ကြမလဲအားလုံးစည်းစည်းလုံးလုံးတိုင်တိုင်ပင်ပင် ဖေးဖေးမမနဲ့ဖြစ်နိုင်သလောက်ကူညီပြီး ဒီအခက်အခဲ ပေါင်းစုပြီး ကျော်ဖြတ် သွားရလိမ့်မယ်လို့ ယူဆပါတယ်။

​မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-အဲဒီလောက်ဆိုရပါပြီ။