Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အဆိုးဆုံးအချိန်မှာအတူတူရှိတဲ့သူတွေအကောင်းဆုံအချိန်မှာ ကျနော်တို့ အတူတူရှိမယ်။ ပြည်သူတွေ အားတင်းထားပါ။ ကျနော်တို့ အောင်ပွဲကတော့ နီးလာပြီလို့ ကျနော်တို့ကယူဆတယ်”

တူမီးသေနတ်နဲ့ ဒေသခံတွေဟာ ၂၀၂၁ ​ဧပြီလမှာ စစ်ကောင်စီ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးခံ ပြည်သူတွေနဲ့ အလဲအလှယ် လုပ်ဆောင်နိုင်ခဲ့သလို မောင်းပြန်သေနတ်၊ လက်နက်ကြီးစတဲ့ ခေတ်မီလက်နက်တွေနဲ့ အင်အားအများအပြားပါတဲ့ စစ်ကောင်စီယာဉ် ၆စီးကိုလည်း ​မေ ၁၄ ရက်မှာ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

(မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်။ ဓါတ်ပုံ-မင်းတပ်CDF)
(မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်။ ဓါတ်ပုံ-မင်းတပ်CDF)

▪︎မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်နဲ့ မေးမြန်းခန်း

အနု/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လှုပ်ရှားမှုကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သလို ပြည်သူကိုလက်နက်အားကိုအကြမ်းဖက်သတ်ဖြတ်လာတဲ့ စစ်​ကောင်စီတပ်ကို နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်ခုခံ​တော်လှန်မှုကိုလည်း မင်းတပ်ဒေသခံ ပြည်သူတွေက တူးမီး​တွေဆွဲကိုင်ပြီး​တော့ စတင်ခဲ့ပါတယ်။ တူမီးသေနတ်နဲ့ ဒေသခံတွေဟာ ၂၀၂၁ ​ဧပြီလမှာ စစ်ကောင်စီ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးခံ ပြည်သူတွေနဲ့ အလဲအလှယ် လုပ်ဆောင်နိုင်ခဲ့သလို မောင်းပြန်သေနတ်၊ လက်နက်ကြီးစတဲ့ ခေတ်မီလက်နက်တွေနဲ့ အင်အားအများအပြားပါတဲ့ စစ်ကောင်စီယာဉ် ၆စီးကိုလည်း ​မေ ၁၄ ရက်မှာ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်အောင်မြင်မှုတွေက နိုင်ငံတဝန်းမှာ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ခုခံဖို့တွန်းအားဖြစ်​​စေခဲ့ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလမှာ အဲဒီလို စစ်ကောင်စီတပ်အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ တော်လှန်ရေးနှစ်နှစ်ပြည့်နေ့ဟာ ဒီကနေ့( ဧပြီ ၂၄ရက်)မှာ ကျရောက်တာဖြစ်ပါတယ်။ မင်းတပ်ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ မင်းတပ် CDF ဖွဲ့စည်းမှု၊ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု အပါအဝင် မင်းတပ်မြို့နယ်မှာ နှစ်နှစ်အတွင်း စစ်ရေးအခြေအနေတွေကို မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားPeople’s spring သတင်းဌာနက ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

​မေး-မင်းတပ် CDFက နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တော့ တော်လှန်ရေးအစ တိုက်ပွဲတွေအကြောင်း အမှတ်တရ ပြောပြပေးပါလား

​ဖြေ-ကျနော်တို့က ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းမှုဖြစ်တယ်။ ကျနော်တို့က ဖေဖော်ဝါရီ ၄ရက်လောက်မှာ စည်းရုံးရေးတွေဆင်းတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကျောင်းသားသပိတ် ခေါင်းဆောင်တွေ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေပါတယ် ၊ CDM တွေ ပါတယ် ကျနော်တို့ သပိတ်အဖွဲ့တွေဖွဲ့တယ်။ ၈ရက်နေ့မှာ သပိတ်ကို စတယ်။ သပိတ်စကတည်းက ကျနော်တို့ သိတယ်။ အာဏာရှင်က ဒီလိုနဲ့ မပြီးနိုင်တော့ဘူး ဆန္ဒပြရုံနဲ့ မရဘူး အာဏာရှင်က လူမဆန်စွာလုပ်လာမယ်။ ကျနော်တို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမယ်ဆိုတာ ကျနော်တို့ ကြိုသိတယ်။ သိတော့ မတ်လ ၈ရက်လောက်ဆို ကျနော်တို့က လက်နက်ကိုင်လမ်းစဉ်ကိုပလန်ဘီကို ဆွဲတယ်။ ဖေဖော်ဝါရီ ၁၄လောက်မှာ သပိတ်ခေါင်းဆောင်တွေပါမယ် လွှတ်တော်အမတ်တွေပါမယ်။ အစိုးရ ဌာနအသီးသီးက CDMတွေပါတယ် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေပါတယ် ကျနော်တို့ ပေါင်းပြီးမှ CRPH(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) ရဲ့ လမ်းညွှန်မှုအရ အဓိက သပိတ်အဖွဲ့မှာ ပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကနေလာပြီးမှ CRPH လမ်းညွှန်ချက်အတိုင်း ပြည်သူ့အုပ်ချုပ်ရေးတွေ ဖွဲ့ရတော့မယ် ဆိုတော့ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ပြည်သူ့အုပ်ချုပ်ရေးကို စဖွဲ့စည်းတယ်။ မတ်လ ၈ရက်နေ့မှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တော့မယ်ဆိုတာ သေချာပြီဆိုတော့ ကျနော်တို့ရဲ့ အဖွဲ့ နာမည်ရွေးတယ်။ CDF မင်းတပ် ရွေးတယ်။ အမည်တွေ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ နိုင်ငံရေးရည်မှန်းချက်တွေကစပေါ့။ ကျနော်တို့လက်နက်ကိုင်ပြီဆိုတော့လက်လွတ်စပယ် ကိုင်လို့မရဘူးလေ။ ကျနော်တို့က အာဏာရှင်ကို ကျအောင်တိုက်မယ်။ နောက်ပြီး ချင်းလူမျိုးတွေ ကာကွယ်စောင့်ရှောက်ဖို့ဆိုရင် ကျနော်တို့ ကိုယ်တိုင်ကလည်း စည်းကမ်းပြည့်၀ဖို့ကျနော်တို့ ကျင့်ဝတ်တွေ စည်းကမ်းတွေ နိုင်ငံရေးရည်မှန်းချက်တွေ စနစ်တကျ ရေးဆွဲတယ်။ အဲဒါပြီးမှ မတ်လ ၂၄ရက်လောက်ဆို ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးကို တင်တယ်။ ပြည်သူ့အုပ်ချုပ်ရေးက ကျနော်တို့ကို အတည်ပြုပေးခဲ့တဲ့အတွက် CDF မင်းတပ်ကို စဖွဲ့စည်းခဲ့တာပေါ့။ ဒါက ကျနော်တို့ ဖွဲ့စည်းပုံအကျဉ်းပေါ့။ အဲဒီလို ဖွဲ့စည်းတယ်။ ဒါပေမဲ့ အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားပြီ။ ကျနော်တို့က တရားဝင် သပိတ်ကာလတွေမှာ ကျနော်တို့ မိန့်ခွန်းပြောတဲ့အချိန်မှာ အာဏာသိမ်း စစ်အစိုးရအောက်မှာ မနေနိုင်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ဖွဲ့စည်းပုံပျက်သွားတဲ့အတွက် အုပ်ချုပ်မှု ယန္တရားတွေမရှိတော့ဘူး အဲဒီတော့ကျနော်တို့ကချင်းအက်ဥပဒအတိုင်းသွားမယ်။ ချင်းအက်ဥပဒေက အရင်ကတည်းကလည်း ရှိခဲ့တာလေ။ ကျနော်တို့ချင်းလူမျိုးတွေကို ဆန္ဒပြနေတဲ့ ပြည်သူတွေကိုသော်လည်းကောင်း၊ ငြိမ်းချမ်းစွာ သူ့ဟာသူ အိမ်မှာသော်လည်းကောင်း အကြောင်းမဲ့သပ်သပ် စကစ သော်လည်းကောင်း၊ သူ့ရဲ့လက်ပါးစေ ရဲအဖွဲ့အစည်းကသော်လည်းကောင်း ဖမ်းဆီးတာ ထိန်းသိမ်းတာ သတ်ဖြတ်တာမျိုးရှိရင် လက်မခံဘူးဆိုတာ သပိတ်အစကတည်းက မိန့်ခွန်းတိုင်းမှာ အကြိမ်ကြိမ်ပြောခဲ့တယ်။ အချုပ်ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလ ၂၄ရက်နေ့ကကျနော်တို့ မြို့ရဲ့ ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ NUG ကို ထောက်ခံကြောင်း လူမဲ့သပိတ် စာတမ်းတွေလုပ်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားတော့ ကျနော်တို့ ၊ ကျနော်ကိုယ်တိုင် ရဲစခန်းထဲအထိ သွားတယ်။ နှိပ်စက်ခြင်းရှိသလား မရှိသလားကြည့်တယ်။ ပြန်လွှတ်ပေးပါ။ ပြန်လွှတ်ပေးလား မပေးဘူးလားဆိုတာ သူတို့ရဲ့ ခရိုင် ရဲမှူးကြီးကိုယ်တိုင်ရော သူတို့ရဲ့ စီမံ ဗိုလ်မှူးလို့ ပြောရမလား ရာထူး အတိအကျ မသိဘူး သူကိုယ်တိုင် ထွေအုပ်ရှေ့မှာ ကတိပေးတယ်။ အမျိုးသမီး ၅ဦး ရယ် အမျိုးသား ၂ဦး အဖမ်းခံရတယ်ဆိုတော့ အမျိုးသမီး ၂ဦးကို ကျနော်တို့နဲ့အတူ ထည့်ပေးလိုက်တယ်။ ရဲစခန်းထဲ ဝင်တဲ့အချိန် သူတို့က လူနှစ်ဦးထည့်ပေးမယ် အဲဒီအချိန်မှာ ကျနော်တို့ ပြည်သူတွေကလည်း လုံး၀ ကြွလာပြီ ကျနော်တို့ကလည်း ကျနော်တို့ ပြောတဲ့အတိုင်း ကျနော်တို့ ချင်းလူမျိုးတွေရဲ့ ကတိသစ္စာအတိုင်း ကျနော်တို့ ပြည်သူတွေကိုဖမ်းပြီဆိုတာနဲ့ ကျနော်တို့က လက်နက်ကိုင် တိုက်ပွဲဝင်တော့မယ် ဆိုတဲ့ အနေအထားဖြစ်တယ်။ သူတို့က ရဲမှူးကိုယ်တိုင် လိုက်လာတယ် ။ သူတို့က ပြန်လွှတ်ပေးမယ် ကတိပေးတယ် ပြည်သူရှေ့မှာဟန်းစပီကာနဲ့ ရဲမှူးကြီးကိုယ်တိုင်ကခဏထိန်းသိမ်းတာ ဖြစ်တယ် ပြန်လွှတ်ပေးပါမယ် ဆိုပြီး ကတိအထပ်ထပ် ပေးလို့ ကျနော်တို့ ပြန်ခဲ့တယ်။

ဒါပေမဲ့ သူတို့က သူတို့ကတိ မတည်ခဲ့ပြီး။ဆိုတော့ ကျနော်တို့က ရာဇသံပေးပြီးတဲ့အတိုင်း ဧပြီ ၂၄ရက် ည ၉နာရီမှာ စတိုက်တာပေါ့။ ကျနော်တို့ စပစ်တယ်။ ပစ်တော့ တိုက်ပွဲ အဲဒီညမှာ ဖြစ်တယ်။ နောက်နေ့တွေမှာလည်း ဆက်တိုက်ဖြစ်တယ်။ ဆက်တိုက်ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ မင်းတပ် ခလရ(၂၇၄)က မတူပီ (၁၄၀) ဗျူဟာအောက်မှာရှိတယ်။ တိုက်ပွဲဖြစ်တဲ့အခါ စကစ သေဆုံးရှိတယ်။ ရဲလည်း သေဆုံးရှိတယ်။ ကျနော်တို့က တစုံတရာ အထိအခိုက်မရှိဘူး။ အဲဒီအချိန် ခလရ(၁၄၀)ဗျူဟာမှူးက မင်းတပ်ဘက်ကို အလာ ကျနော်တို့က မင်းတပ်မြို့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်တယ်။ ဗျူဟာမှူး ပိတ်မိတယ်။ စကစ အင်အား ၂၀ ဝန်းကျင်ခန့် အသေအဆုံးရှိတယ်။ နောက်ဆုံး ဗျူဟာမှူးက ကမ်းလှမ်းတယ် ညှိနှိုင်းဆွေးနွေးကြတယ်။ ကျနော်တို့ သပိတ်အဖွဲ့တွေ ပြန်လွှတ်ပေးရမယ် ။ အဲဒါ ပြန်လွှတ်ပေးတယ်ပေါ့နော် ဗျူဟာမှူးနဲ့ အလဲအလှယ် လုပ်တယ်ပဲပြောပါတော့။ ကျနော်တို့က စတင်ဖွဲ့စည်းခဲ့တဲ့ နှစ်နှစ်ပြည့်(ယခု ၂နှစ်ပြည့် အထိမ်းအမှတ်နေ့)ကို လုပ်တာမဟုတ်ဘူး ကျနော်တို့ပထမဆုံး ကျနော်တို့ရဲ့ ပြောထားတဲ့ စကားအတိုင်း ကျနော်တို့ ချင်းလူမျိုးတွေက ကတိရှိတယ် သစ္စာရှိတဲ့ လူမျိုးဖြစ်တယ် ။ကျနော်တို့ ပြည်သူကို ထိရင် တကယ် ကာကွယ်ပြီး တကယ်တိုက်ပွဲတွေဖြစ်တယ်။ ကျနော်တို့ အောင်မြင်မှုတွေရတယ်။ ကျနော်တို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ ပြန်ပြီးမှ ကယ်ထုတ်လာနိုင်ခဲ့တယ်။ အဲဒီနေ့ကို ဂုဏ်ယူစွာနဲ့တော်လှန်ရေးနေ့(ဧပြီ ၂၄ရက်နေ့)ကို သတ်မှတ်တာပေါ့။ အဲဒီတုန်းက ကျနော်တို့ရဲ့ ဂုဏ်သိက္ခာရယ် ကျနော်တို့ရဲ့ သတ္တိရယ် ကျနော်တို့ရဲ့ ယုံကြည်ချက်ပေါ့ အရမ်းပြင်းထန်တော့ ကျနော်တို့က တစုံတရာ အထိအခိုက်မရှိဘဲ ကြီးကြီးမားမား အောင်ပွဲ ရလိုက်တဲ သဘောမျိုး။ ဗျူဟာမှူးပါ ပိတ်မိထားတဲ့ အနေအထားထိ ကျနော်တို့လုပ်နိုင်ခဲ့တာကိုး။ အဲဒီတုန်းက ကျနော်တို့က အများအားဖြင့် တူမီးနဲ့ တိုက်ခဲ့တာ။ ပြန်စဉ်းစားလိုက်တိုင်း ဒါ ဂုဏ်ယူစရာ ကျနော်တို့ရဲ့ တိုက်ပွဲအစအကြောင်းပေါ့။

Public Service Announcement

Public Service Announcement

​မေး-၂၀၂၁ ​မေလဒုတိယအပါတ်ကဂေါက်ကွင်းတိုက်ပွဲလိုဟာမျိုးကလည်း ထူးခြားတော့ ပြောပြပေးပါလား။

​ဖြေ-ဂေါက်ကွင်းတိုက်ပွဲဆိုတာက ကြီးမားတဲ့နောက်ထပ်အောင်မြင်မှု။ ကျနော်တို့ အောင်မြင်မှုတွေအတွက် ရိုးသားစွာ အမြဲတမ်း ဂုဏ်ယူတယ်။ ဂုဏ်ယူတယ်ဆိုတာ အခု နှစ်နှစ်ကာလအတွင်းမှာ ကျနော်တို့ အများကြီး လုပ်နိုင်တာရှိပါတယ်။ မကြာသေးခင်ကလည်း ကျနော်တို့ညီနောင်တွေလည်း တိုက်ပွဲတွေမှာ အောင်မြင်မှု အသီးသီးရကြပါတယ်။ တိုင်းရင်းသားဒေသအသီးသီးမှာ။ ကျနော်တို့ ဂေါက်ကွင်းတိုက်ပွဲမှာ အကျဉ်းချုံးပြောမယ်ဆိုရင် သူတို့ စကစရဲ့ မြို့အဝင်ရှေ့က ဂိတ်မှာ စကစ ကားသမားကို ကျနော်တို့ ဖမ်းလိုက်တယ်။ သူ့ကိုဖမ်းလိုက်တဲ့အချိန်မှာ ဒီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သုံးပွင့်ဗိုလ်က ဘယ်လိုဖုန်းဆက်လာလဲဆိုတော့ မင်းတို့တွေ ဖမ်းထားပြီဆို ရင် မင်းတပ်မြို့က ဆင်းသွားတဲ့ လိုင်းကားတွေကို ၄ မျဉ်းစောင်း(ချင်းပြည်နယ် မှတ်ပုံတင်) ပါတာတွေ ဖမ်းဆီးနှိပ်စက် ရိုက်နှက်တာတွေ သူတို့က စလုပ်တယ်။ ကျနော်တို့ မနက်က ဖမ်းတယ် နေ့ခင်းလောက်ဆို သူတို့က လိုင်းကားတွေကို စလုပ်တယ်။ မင်းတို့ ချင်းလူမျိုးတွေ မင်းတို့ တူမီးနဲ့ကောင်တွေ ငါတို့ ဂရုမစိုက်ဘူး ငါတို့ တက်လာမယ် တစ်မြို့လုံးကို မီးရှို့ပစ်မယ်ဆိုပြီး ဒီကောင်(သုံးပွင့်ဗိုလ်)က ကြိမ်းမောင်းတာ ကျနော်နဲ့ တိုက်ရိုက် ဆက်သွယ်ခဲ့တာပေါ့။ ဒီကောင်က အဲဒီလိုခြိမ်းခြောက်ပြီးတက်လာတာ။ အဲဒီအချိန်မှာ ငါတို့ မြို့ကို ဒီစကစတွေ လုံး၀ ခြေချခွင့်မရစေရဘူး ငါတို့ သေချင်သေ အကုန်လုံးပေးဆပ်မယ်ဆိုပြီး ရရာပေါ့။ တစ်အိမ်တစ်ယောက်၊ တစ်မိသားစုလုံးပါတဲ့သူတွေလည်းရှိတယ်။ တကယ် ပြန်စဉ်းစားတိုင်း အရမ်းကို ဂုဏ်ယူရ ကြည်နူးရတဲ့ အခိုက်အတန့်တွေပေါ့။ တစ်မိသားစုလုံး အဖေက အစ သားအဆုံး ရရာလက်နက်စွဲကိုင်ပြီး တိုက်ခဲ့ကြတယ်။ ဒီအချိန်မှာ အမြဲတမ်း ဂုဏ်ယူတယ်ဆိုတာ ကျနော်တို့ တိုက်ခဲ့တာ အစောပိုင်းကာလဖြစ်တယ်။ နောက်ပြီးရင် ဘာမှ အခုလို တိုက်ပွဲအတွေ့အကြုံရော လက်နက်ခဲယမ်းရော လုံလောက်မှုမရှိဘူး ။ဆိုတော့ စိတ်ဓာတ်နဲ့ပဲ တကယ်နိုင်သွားတဲ့ တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ကျနော်တို့က ကား(စစ်ကောင်စီစစ်ကား) ၆စီး မီးရှို့နိုင်တယ်။ လက်နက်ခဲယမ်းများစွာကို ကျနော်တို့သိမ်းဆည်းရမိခဲ့တယ်။ ဒီဂေါက်ကွင်းတိုက်ပွဲက ပြောမယ်ဆိုရင် ဒါက မြန်မာနိုင်ငံမှာ အစောဆုံး(နွေဦးတော်လှန်ရေး တိုက်ပွဲဆင်နွှဲမှု အစောဆုံး)လည်းဖြစ်မယ် နောက်ပြီး မထင်မှတ်ထားတာကို ကျနော်တို့ လုပ်နိုင်တယ်ပေါ့။ ပြန်စဉ်းစားတိုင်း အမြဲတမ်း ဂုဏ်ယူနေရမယ့် တိုက်ပွဲမျိုး။ ဒါက စကားလုံးတွေနဲ့ ဖော်ကျူးဖို့ ခက်ခဲတဲ့ ဂုဏ်ယူနေရတဲ့ တိုက်ပွဲပေါ့။

​မေး-နှစ်နှစ်တာအတွင်း စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲ ဘယ်လောက်ရှိခဲ့ပြီးလဲ။ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေ ရှင်းပြပေးပါလား။

​ဖြေ-နှစ်နှစ်တာအတွင်း တိုက်ပွဲပေါင်းဆိုရင် ၂၁၈ ကြိမ် ရှိတယ်။ ကျနော်တို့ဘက်က ကျဆုံးတဲ့ အာဇာနည်ကတော့၅၅ ဦး ပေါ့နော်။ စကစဘက်ကတော့ ၄၅၀ ကျော် ပေါ့ ထုတ်ပြန်ထားတာက။ စကစ သေဆုံးမှုဆိုတာမျိုးက တချို့ ကျနော်တို့ သိတာက အရင်ထုတ်ပြန်တာတွေ ရှိတယ် သုံးဦး ကျဆုံး၊ လေးဦး ကျဆုံးတယ်ဆိုတာတွေဒါတွေကို ပြန်ပြီး အတည်ပြုပြီးမှ ပြန်စစ်ဆေးတာပေါ့။ တချို့ဟာ ဒုတိယ ယာဉ်တန်း(မင်းတပ်မှ မတူပီသို့ သွားသည့်ယာဉ်တန်း)ဖြစ်လိမ့်မယ် ၊ ၁၂လုံးတွဲဖောက်ခွဲတုန်းကဆိုရင် CDM စစ်သား ပြန်ပြောတာ ရဟတ်ယာဉ်နဲ့ သုံးလေးငါးခေါက် ပြန်သယ်ရတဲ့ပုံစံပေါ့နော်။ ဒါမျိုးတွေဆိုရင် ကျနော်တို့က အတိအကျမဟုတ်တာဆို ချန်ထားတဲ့အပိုင်းရှိတာပေါ့။

​မေး-အရပ်သားထိခိုက်သေဆုံးအခြေအနေ စစ်ရှောင်အခြေအနေတွေကို ရှင်းပြပေးပါလား။

​​ဖြေ-အရပ်သားပြည်သူအထိအခိုက်က ၂၅ဦးရှိတယ်။ နောက်ဆုံး လေယာဉ်ပျံ ဗုံးကြဲတာ ပန်းပါရွာဘက်မှာ အပြစ်မဲ့ ပြည်သူတွေကို လေယာဉ်ပျံဗုံးကြဲလို့သေဆုံးခဲ့ရတဲ့ သုံးဦးအပါအဝင် ၂၅ဦး ထိရှိတာပေါ့။

​မေး-မင်းတပ်မြို့နယ်အတွင်းCDF တပ်တွေစိုးမိုးနိုင်မှု အခြေအနေကို ပြောပြပေးပါလား။

​ဖြေ-မင်းတပ်မြို့နယ်မှာ အုပ်စုပေါင်း ၄၆ အုပ်စုရှိတယ်။ ကျေးရွာပေါင်းကတော့ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ရှိတဲ့အခါ ကျနော်တို့က မင်းတပ်မြို့ ပတ်ပတ်လည် မင်းတပ်မြို့နဲ့ ရွာ ၅ရွာလောက်ကလွဲရင် ကျန် တာအားလုံးကို ကျနော်တို့ စိုးမိုးထားတယ်လို့ပြောနိုင်တယ်။ကျနော်တို့ထိန်းချုပ်ထားတယ်ဆိုတာမျိုးတော့ အရမ်းခက်ခဲတယ်။ ကျနော်တို့ ကာကွယ်ရေးတွေစိုးမိုးမှုရှိတယ် ကျနော်တို့ ပညာရေး၊ကျန်းမာရေး အနေနဲ့ဆိုရင် ကာကွယ်ဆေးသွားပေးတာ ပညာသင်တာ၊ ကျနော်တို့ တရားဥပဒေ စိုးမိုးတာပေါ့။ ကျနော်တို့ စိုးမိုးထားတာ၈၅ ရာခိုင်နှုန်းလောက်ကို စိုးမိုးထားတယ်လို့ပြောလို့ရတယ်။ စိုးမိုးထားတယ်ပေါ့နော် သူတို့ကတော့ နိုင်ငံရဲ့ စစ်တပ် အင်အားအလုံးအရင်းနဲ့လာမယ်ဆိုရင် ကျနော်တို့က ဗျူဟာအရ ခံစစ်လုပ်ရတာရှိတယ်ရှောင်ပြီးမှနောက်မှ ထိုးစစ်ပြန်ဆင်ရတာရှိတာပေါ့။

​မေး-မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်မှု အနေအထားကရော ဘယ်လိုရှိလဲ။

​ဖြေ-ကျနော်တို့က ဒီလိုရှိတယ်။ ဥပမာ မင်းတပ်မြို့ ပေါ်မှာ လူသတ်မှုကျူးလွန်တယ်ဆိုပါစို့။ အဲဒီကျူးလွန်မှုကို သူတို့က မြို့ပေါ်မှာနေတယ်ဆိုတော့လက်ရှိ စကစရဲ့ လက်ပါးစေ ရဲတွေဆီမှာ သွားတိုင်တယ်။ ရဲတွေကလည်း မဖမ်းပေးဘူး ဒီအတိုင်းပဲထားတယ်။ ဒါကို ကျနော်တို့ဆီလာတိုင်တယ် ကျနော်တို့က မြို့ပေါ်အထိ သွားဖမ်းတယ်။ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးရဲ့ လက်အောက်က ရဲရှိတယ် ရဲကနေ တဆင့် ပြန်ပြီး တရားရေးပိုင်းသွားပြီး သူကို လိုအပ်တဲ့အမိန့်ချတာပေါ့။ ကျနော်တို့က ရှင်းရှင်းပြောရရင် ကျနော်တို့ နယ်မြေထဲမှာ တရားဥပဒေ စိုးမိုးရေးက ရဲအဖွဲ့ရှိတယ်။ ရဲအဖွဲ့က လိုအပ်တဲ့ ဖမ်း၀ရမ်းထုတ်တယ်။ ကျနော်တို့ လိုချင်တာက နေရာတကာမှာ ဝင်ရောက်စွက်ဖက်တာ မလိုချင်ဘူးလေ။ အဲဒီတော့ သူ့ရဲ့ ကဏ္ဍအလျောက် ပြည်သူ့အုပ်ချုပ်ရေးရဲ့အောက်မှာ ကျနော်တို့(CDF)ရှိတယ်။ ကာကွယ်ရေးဌာနတစ်ခုအနေနဲ့။ ရဲဌာနက ဖမ်းတယ်။ တရားရေးက ဆုံးဖြတ်တယ်။ ကျနော်တို့ အမှုပေါင်းများစွာကိုင်တွယ်တယ် လူသတ်မှု လူသေမှုတွေအပါအဝင် တော်တော်များများကို ဖြေရှင်းနိုင်တယ်။ ပညာရေးစနစ်မှာလည်း ပညာရေးယန္တရားက ကောင်းမွန်စွာလည်ပတ်နိုင်တယ်။ ကျနော်က ဒီဟာတွေ အကုန်လုံးပြောဖို့ ခက်ခဲတာပေါ့။ ကျနော်အနေနဲ့ သေချာမသိဘူးဆိုတော့။ ဒါပေမဲ့ ပညာရေးကျောင်းတွေအများကြီးဖွင့်နိုင်တယ်။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေမှာ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးရဲ့လမ်းညွှန်မှုနဲ့ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ ကျနော်တို့ရဲ့ ကာကွယ်ရေး ကဏ္ဍအသီးသီးကောင်းမွန်စွာ လည်ပတ်နေတယ်။ ယန္တရားတစ်ခုလို လည်ပတ်နိုင်တယ်လို့ ပြောလို့ရပါတယ်။

​မေး-မင်းတပ် CDF အနေနဲ့ ယောဒေသ မှာလည်း စစ်ရေးလှုပ်ရှားမှု အချို့ရှိတာဆိုတော့ ရှင်းပြပေးပါလား။

​ဖြေ-ဟုတ်တယ်။ ကျနော်တို့ ယောဒေသမှာဆိုရင် မရှေးမနှောင်းကပဲ ဖြစ်သွားတဲ့ တိုက်ပွဲတစ်ခုရှိတယ်။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေအတွင်းထဲအထိကို စကစက စစ်ကြောင်းမလာတာ တော်တော်ကြာသွားပြီ။ ချင်းနဲ့ ယောအစပ်လေးတွေတော့လာတာပေါ့။ ယောကို ဝင်ရင်းချင်းနယ်စပ် တစ်ရွာနှစ်ရွာ ဝင်သွားလိုက် ပြန်ဆုတ်သွားလိုက်ဆိုတော့ ရှင်းရှင်းပြောရရင်တော့ဗျာ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေအတွင်းထဲအထိ ထိုးစစ်ဆင်တာ မရှိသလောက်ဖြစ်သွားတယ်။ ဒီ ၂၀၂၂ ၊၂၀၂၃မှာ။ ဒီတစ်ခေါက်မှာတော့ ကျနော်တို့က ယောဒေသနဲ့ ပူးပေါင်းပြီး သူတို့ကို အလစ်အငိုက်ပေါ့ သူတို့ ဘယ်လိုမှ ထင်မထားတဲ့အချိန် ချင်းနဲ့ ယောနယ်စပ် မှာ ကျနော်တို့ ပြင်းပြင်းထန်ထန်လျက်တပြတ် ပြောက်ကျားနည်းနဲ့ တိုက်ခိုက်လိုက်တဲ့အချိန်သူတို့အထိအခိုက်အကျအဆုံးတော်တော်များတယ်။ ဒီအတွက်လည်း သူတို့က လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်။ နောက်ပြီး ပြည်သူတွေ ကို ပေါ့နော် နောက်ဆုံးဖြစ်ရပ် (ပန်းပါ​ဒေသလေကြောင်း တိုက်ခိုက်ခံရမှု)မှာ အပြစ်မဲ့ ပြည်သူ သုံးဦးသေဆုံးရတယ်ဆိုတာ သူတို့ တော်တော်လေးကိုထိခိုက်နာကျည်းတဲ့အတွက် သူတို့ဘက်က တုံ့ပြန်တဲ့သဘောပေါ့နော်။ ကျနော်တို့ ယောနယ်မှ မဟုတ်ဘူး ကျနော်တို့ စတင်ဖွဲ့စည်းထားကတည်းက ကျနော်တို့ရဲ့မူဝါဒထဲမှာ ပါပြီးသား စကစကို တော်လှန်တဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပြီး ကျနော်တို့က တိုက်ခိုက်နေမှာပဲ။စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ခိုက်သွားမှာပေါ့။ နောက်နောင်မှာ ဒီထက်ပိုစည်းလုံးပြီး ဒီထက်ပို ကောင်းမွန်တဲ့ ပလန်တွေချပြီး ကောင်းမွန်တဲ့ စစ်ဆင်ရေးတွေလုပ်ဖို့ ကျနော်တို့မှာ အများကြီးရှိပါသေးတယ်။ ကျနော်ပြောခဲ့သလို ဒီထက်ပိုစည်းလုံးကျစ်လစ်လာမယ် ဒီထက်ပိုပြီး ပူးပေါင်းစစ်ဆင်ရေးတွေပိုလုပ်လာဖို့ရှိမယ်။

​မေး-မင်းတပ် CDF အနေနဲ့ NUGနဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိမရှိ၊ ချင်းတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အခြား တော်လှန်ရေးတပ်တွေနဲ့ဆက်ဆံရေး အခြေအနေတွေကိုလည်း​ပြောပြပေးပါလား

​ဖြေ-CDF အနေနဲ့ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးကို စတင်ဖွဲ့စည်းတုန်းက ကျနော်တို့ CRPH ရဲ့လမ်းညွှန်မှုအောက်လို့ ကျနော်ပြောခဲ့တယ်။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြတယ် စစ်အာဏာရှင် ကျဆုံးရေး ၊ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေး တွေအတွက် ဒီတော်လှန်ရေးကို ပါဝင်ပတ်သက်ခဲ့ကြတာ။ ကျနော်တို့က ချင်းပြည်နယ်အတွင်းမှာ ဖြစ်တယ် ကျနော်တို့က CDF အနေနဲ့ NUG ရဲ့ အကူအညီအထောက်အပံ့တွေလည်း ရရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း အထူးကျေးဇူးတင်တယ်။ ကျနော်တို့က CJDC(ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) ဆိုတဲ့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းတယ်။ အရင်တုန်းက တိုက်ပွဲတွေ စဖြစ်ခါစက ကျနော်တို့နဲ့ ကာကွယ်ရေးဝန်ကြီး တို့အားလုံးနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိပါတယ်။ နောက်ပိုင်းတော့ CJDC ဖွဲ့စည်းပြီးတဲ့နောက်ပိုင်း သီးခြားအဖွဲ့အစည်းလို မဆက်ဆံတော့ဘဲ CJDCကနေ ချိတ်ဆက်မှုတွေ အမြဲတမ်းရှိနေပါတယ်။ CJDC ဆိုတာ ချင်းပြည်နယ်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အကုန်လုံးပေါင်းထားတဲ့ ERO CNF(ချင်းအမျိုးသားတပ်ဦး)အပါ ပေါင်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီဟာနဲ့ တိုက်ရိုက်ချိတ်ဆက်တယ်ပေါ့။ ကျနော်တို့ အနေနဲ့ ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရေး ကြိုးစားလျက်ရှိတယ်။ အခုအချိန်ထိ ကြိုးစားနေတယ်။ NUGနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ နေရာတွေမှာ ပြည်နယ်ပုံစံမျိုးပေါ့ CJDC သော်လည်းကောင်း ICNCC(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)သော်လည်းကောင်း ဒီဘက်တွေကနေ ချိတ်ဆက်မှုတွေ အမြဲတမ်း ရှိနေပါတယ်။ ဒီနေ့ ကျနော်တို့ရဲ့ တော်လှန်ရေး ၂နှစ်ပြည့် မှာလည်း ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုတွေရှိပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။

​မေး-လက်နက်ကိုင်ခုခံ​တော်လှန်တဲ့နှစ်နှစ်တာကာလအတွင်း ချင်းပြည်နယ် စစ်ရေးအခြေအနေနဲ့ တစ်နိုင်ငံလုံး စစ်ရေးအခြေအနေအပေါ်ဘယ်လိုရှုမြင်ပါသလဲ။

​ဖြေ-အခုအချိန် ရှင်းရှင်းပြောရရင် ပြည်သူတွေကတော့ အရမ်းပမ်းနေပြီ။ ပြည်သူတွေက သိတဲ့အတိုင်းပဲကိုဗစ်အလွန်လေ။ ကိုဗစ်ကာလ ပြည်သူတွေ ဒုက္ခရောက်တဲ့အချိန် အာဏာရှင်ကလူမဆန်စွာ ဒီလိုအာဏာသိမ်းတဲ့နောက်ပိုင်း ပြည်သူတွေက ထိခိုက်ကျဆုံးသေဆုံးတွေများတော့ သူတို့မှာလည်း ရှိတာတွေ လှူကြပေးကြကမ်းကြဆိုတော့ ပြည်သူတွေကတော့ အရမ်းပမ်းနေပြီ။ ပန်းတိုင်နီးလာရင် ပိုမောလာမယ်။ တခုပဲ ဘယ်လိုသုံးသပ်ရမလဲဆိုရင်ကျနော်တို့တစ်နိုင်ငံလုံးအနှံ့အပြားကို သူတို့ကလေကြောင်းကနေပဲ အဓိကတိုက်ခိုက်နေတယ်ပေါ့။ အဲဒီတော့ လေကြောင်းက အဓိက တိုက်ခိုက်တာဆိုတော့ အထိအခိုက်အကျအဆုံးတွေရှိတယ်။ မကြာခင်ကပဲ ဖြစ်ပျက်သွားတဲ့ ကန့်ဘလူ ပဇီကြီးရွာ ဖြစ်ရပ်မျိုးဆိုရင်များစွာယူကြုံးမရဖြစ်ရတယ်။ ဒါပေမဲ့တစ်ခုစဉ်းစားရမှာက ထိုးစစ်ဆင်မှု အရမ်းနည်းလာပြီး ဝေဟင်ကိုအရမ်းသုံးလာပြီဆိုရင် ရန်သူက တဖြည်းဖြည်း အားနည်းလာတယ်ဆိုတာ ကြည့်လို့ရတယ်။ ရန်သူက မြေပြင်မှာ မရတဲ့အတွက် နောက်ဆုံးသူတို့ လက်နက်က ဝေဟင်ပဲရှိတော့တယ်။ ဝေဟင်ကို အသုံးပြုပြီး တိုက်ခိုက်လာပြီဆိုရင် ဒါက ရန်သူရဲ့ နောက်ဆုံးလက်နက်ထုတ်သုံးတာပေါ့။ ဒီဟာကို ကျနော်တို့ ပြည်သူတွေရော ကာကွယ်ရေးတပ်ဖွဲ့တွေရော စည်းစည်းလုံးလုံးနဲ့ပိုပြီး ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ ပြိုင်တူတွန်းမှ ရွေ့မှ အရွေ့ဖြစ်တဲ့အတွက် ပူးပေါင်းပြီး အတိုင်းအတာ တစ်ခုအထိ တောင့်ခံမယ်ဆိုရင် အောင်မြင်မှုက မဝေးတော့ဘူးလို့ ကျနော်အမြင်အရ သုံးသပ်တာပေါ့။

​မေး-လက်ရှိ အခြေအနေတွေအပေါ် ပြည်သူလူထုတွေကို ဘာတွေတိုက်တွန်းလိုပါသလဲ။

​ဖြေ-ပြည်သူလူထုရဲ့ထောက်ခံမှုရှိမှ ကျနော်တို့က ကျနော်တို့တွေအောင်မြင်နိုင်မှာ။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အတွက် ပြည်သူလူထုက အမြဲတမ်း ရှိနေဖို့တော့လိုအပ်တယ်။ ကျနော်တို့သည် ကာကွယ်ရေးရဲဘော်တွေဆိုတာ ဘ၀တွေ ပေးလိုက်ရတဲ့သူတွေရှိတယ် အသက်တွေ သေဆုံးသွားတဲ့ သူတွေရှိတယ်။ အကြားအာရုံတွေ အမြင်အာရုံတွေဆုံးရှုံးရတဲ့သူတွေ ခြေတစ်ဖက်လက်တစ်ဖက် ဆုံးရှုံးရတဲ့သူတွေ ဘ၀တွေပေးလိုက်ရတဲ့ သူတွေ အသက်တွေ ပေးလိုက်ရတဲ့ ရဲဘော်တွေရှိတယ် ဒီလိုလူတွေက ပြည်သူလူထုကို ကိုယ်စားပြုပြီး တိုက်ပွဲဝင်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျနော်တို့ဟာ ကျဆုံးသွားတဲ့ လူတွေ ဒီလို ဆုံးရှုံးအနစ်နာခံတဲ့သူတွေကျနော်တို့ ပြန်လုပ်ပေးနိုင်တာကကျနော်တို့ကသူတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ လိုအပ်တယ်လေ။ ကျနော်တို့က သေဆုံးသွားတဲ့ သူတွေ တော်လှန်ရေးအတွက် ပေးဆပ်ရတဲ့သူတွေအတွက် ကျနော်တို့ ပြန်ပေးနိုင်တာက တော်လှန်ရေးအောင်ဖို့ပေါ့။ တော်လှန်ရေး အောင်ဖို့ဆို ပြည်သူတွေကိုယ်စားပြုပြီးကျနော်တို့က အောင်ဖို့ လုပ်နေတာ ပြည်သူတွေက ကျနော်တို့နဲ့အတူတူ ရပ်တည်ပေးပါ ။ ဆက်လက်ပြီး ပါဝင်ပေးပါ ကူညီပေးပါ။ တော်လှန်ရေးမှာ ကျနော်တို့က အရေးတော်ပုံအောင်သွားရင် ပါဝင်ပတ်သက်ခဲ့တဲ့သူတွေနဲ့ မပါဝင်မပတ်သက်ခဲ့တဲ့သူတွေကို တန်းတူမဆက်ဆံနိုင်ဘူး။ ကျနော်တို့က စကစရဲ့ အလိုပါသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ အခုအချိန်မှာ အနစ်နာခံတဲ့သူတွေ ကျနော်တို့ အဆိုးဆုံးအချိန်မှာ အတူတူရှိတဲ့သူတွေ အကောင်းဆုံးအချိန်မှာ ကျနော်တို့ အတူတူရှိမယ်။ ပြည်သူတွေ အားတင်းထားပါ။ ကျနော်တို့ အောင်ပွဲကတော့ နီးလာပြီလို့ ကျနော်တို့ကယူဆတယ်။

PS- ​ဖြေကြား​​ပေးတာကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။