Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်”

▪︎မန္တ​လေး PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းနဲ့​မေးမြန်းခန်း(အပိုင်း ၂ )

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

စစ်​ကောင်စီတပ်က​မြေပြင်မှာအင်အား​တစ်​​ထောင်​ကျော်၊ ရုရှားထုတ် SU တိုက်​လေယာဥ်၊YAK-130 အပါအဝင်တိုက်လေယာဥ်မျိုးစုံ ၊လက်နက်ကြီး​ပစ်ကူ​တွေအများကြီးသုံးထိုးစစ်ဆင်ခဲ့​ပေမယ့် စစ်​တပ်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူအများအပြားနဲ့စစ်​ကောင်စီတပ်ပဲထိနာခဲ့ပါတယ်။ ရက်သတ္တပါတ်သုံးပါတ်​ကျော်ကြာခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ကိုအထိနာ​အောင်တိုက်ခိုက်ခဲ့တာက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)တပ်ဖွဲ့ဖြစ်ပါတယ်။ စတင်တည်​ထောင်တာ ၂ နှစ်ခန့်အတွင်းမှာပဲစစ်တပ်ကို အကြိမ်​ကြိမ်အထိနာ​အောင်တိုက်ခိုက်နိုင်တယ်အထိမန္တ​လေးPDF ကအလျင်အမြန်အင်အား​တောင့်တင်းလာတာဖြစ်ပါတယ်။ဒမန္တ​လေးPDF စစ်ဦးစီးအဖွဲ့ ဝင်ကိုမုန်တိုင်းနဲ့သီးသန့်​မေးမြန်းခန်းအပိုင်း (၂ )မှာ စစ်​ကောင်စီခန့် မန္တ​လေးတိုင်းဝန်ကြီးချုပ်ယာဥ်တန်းကို မန္တ​လေးမြို့လယ်မှာ တိုက်ခိုက်တာ ၊ MDY-PDF ကို TNLA ကကူညီ​​ပေးနေမှု၊ စစ်တပ်က မူးယစ်​ဆေး​ဝါး​တွေသုံးတိုက်ခိုက်​နေတာနဲ့ပတ်သပ်လို့​ People’s springက ​မေးမြန်း​တင်ဆက်ထားပါတယ်။

ဒီပ၊ မောင်​မောင်/ People’s Spring

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- သပြေညိုတိုက်ပွဲမှာမေ ၁၆ရက်နေ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ရန်သူတွေက လူသားလှိုင်းစစ်ဆင်ရေးလို အသေခံပြီးဇွတ်တက်လာတာကိုမနည်း တိုက်ရတယ်လို့သိရတယ်။ရန်သူဘက်ကအဲဒီလို ရှေ့ကနေ ပစ်လို့ အများကြီးသေနေတာကို ဆက်ပြီး အဲဒီလို အသေခံပြီး တက်တာမျိုးက သူတို့ ပုံမှန်စိတ်နဲ့ရော ဟုတ်မယ်လို့ထင်လား။ ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ သုံးတိုက်တာမျိုး တိုက်ပွဲတွေမှာတွေ့ရဖူးလား။

⦿ဖြေ- ကျွန်တော်တို့ တွေ့ရတဲ့ အချက်အလက်တွေအရ သူတို့က အဓိကတော့ WYကတော့ တော်တော်လေး သုံးတာ တွေ့တယ်။ ဆိုတော့ စကစ စစ်ကြောင်းတွေမှာ ကျွန်တော်တို့အခုတိုက်ပွဲဖြစ်နေတဲ့နေရာက သူတို့လည်း မစိုးမိုးနိုင်ဘူး ။ကျွန်တော်တို့လည်း လောလောဆယ် မစိုးမိုးနိုင်ဘူး။ သူတို့ယူထားတဲ့ကုန်းတွေက ကျွန်တော်တို့ ပြန်ရလိုက်လို့ ကြည်ရင်ဘာတွေ့ရလဲဆိုတော့ ရိက္ခာအစား ခေါက်ဆွဲခြောက်ထုပ်နဲ့ WYထုပ်တဲ့ အိတ်အပြာထုပ်တွေရယ် ပြီးရင်ရေသန့်ဘူးရယ် ပိုက်ရယ် ဒါတွေပဲ တွေ့ရတာ။ ထမင်းတောင်သိပ်စားတာ မတွေ့ဘူး။ အဲဒီတော့ မူးယစ်ဆေးဝါး သုံးတာကတော့ ကျွန်တော်ထင်တာကတော့ မူးယစ်ဆေးဝါး ရှယ်သုံးပြီးတိုက်တာ။ဒါကတော့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခု။ ဒီတစ်ခေါက်စစ်ဆင်ရေးမှာ(မေ) ၁၆ရက်နေ့ တိုက်ပွဲမှာ အင်မတန်မှ ပြင်းထန်တာက ဘယ်လောက်ထိ ပြင်းထန်လဲလို့ ပြောရင် အားလုံးမျက်စိထဲမြင်အောင်ပြောရင် ကျွန်တော်တို့ယူထားတဲ့ကုန်းက ကုန်းပြောင်ကြီး တောင်ကတုံးကြီးပဲ ပြောကြပါစို့။ တောင်သာမြင်းခြံတို့ဘက် မြင်ဖူးတဲ့ ကတုံးမျိုး၊ ဘာမှ သိပ်မရှိဘူး ။ ကျွန်တော်တို့က ကြံစိုက်တဲ့ ကုန်းကြီးတွေ ကြံတွေကလည်း ခုတ်ပြီးပြီဆိုတော့ ကုန်းပြောင်ကြီးတွေ အဲဒီ ကုန်းပြောင်ကြီးတွေမှာ လိုင်းကျင်းတွေ တူးပြီး ပစ်ကြတာ။ ကျွန်တော်တို့ ယူထားတဲ့ ကုန်းကို သူတို့က ထိုးစစ်ဆင်တာ ပထမဦးဆုံး အင်အား ၁၅၀ လောက်နဲ့ ထိုးစစ်ဆင်တယ်။ ကျွန်တော်တို့က ကောင်းကောင်း စိမ်ပြေနပြေထိုင်ပြီး အဲဒါကို ပစ်တာ ရန်သူက အမြောက်အများကျနေတဲ့အချိန်မှာ ၁၅၀ လောက်မှာ လူ ၄၀လောက်ကျပြီးတဲ့အခါ နောက်ထပ် ၁၀၀လောက် ၊ အဲဒီလိုမျိုးနောက်ထပ် တောက်လျှောက် လူ ၄၀၀ လောက်နဲ့ လူလှိုင်းစစ်ဆင်ရေးလုပ်တာ။ အဲဒီတော့ နောက်ထပ်ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့က ကျည်သာကုန်သွားတယ် လူတွေက လျော့မသွားဘူးဆိုတာမျိုး သွေးတောင်ပျက်လောက်တယ်။ သေပြီးသား လူတွေ ပြန်ပြီးထလာသလားတောင် ဇာတ်ကားတွေထဲမှာ မြင်ရသလို ထင်ရလောက်အောင်လူလှိုင်းစစ်ဆင်ရေး လုပ်တာ။ ကျွန်တော်တို့ ပြန်စဉ်းစားတာ အမိန့်ပေးစေခိုင်းသူက သူတို့ရဲဘော်တွေဘာလို့ ဒီလောက်အကျများအောင်လုပ်တာလဲပေါ့။ ကျွန်တော်သာဆိုရင် ဒီစစ်ဆင်ရေးကို ဆုံးဖြတ်ချက်ချတယ် မလုပ်ဘူး။အဲဒီလောက် ကိုယ့်ရဲဘော်တွေ ပေးဆပ်ပြီး မလုပ်ခိုင်းဘူးပေါ့။ ဆိုလိုတာက ဒီကုန်းကိုရလိုက်ရင် ဘာတွေရမလဲ ရလဒ်က။ တကယ်တန်း သူတို့လည်း နယ်မြေစိုးမိုးနိုင်လားဆိုတော့ မစိုးမိုးနိုင်ဘူး။ ဒီနေရာက စစ်ရေးအရ အင်မတန်မှ အရေးပါတဲ့ အချက်အခြာကျနေတဲ့နေရာလည်းမဟုတ်ဘူး။ အဲဒီတော့ အဲဒါကြီးကိုဇွတ်ဆုံးဖြတ်ချက်ချပြီးတိုက်ခိုင်းတယ်။ ဆုံးဖြတ်ချက်ချတဲ့သူကလည်း အင်မတန်မှကို သနားညှာတာစိတ် ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာကြည်တဲ့စိတ် ဘယ်လိုပြောရမလဲ မသိဘူး ထားပါတော့ ခေါင်းဆောင်ကောင်းမပီသဘူးလို့ ပြောရမှာပေါ့။ ဒါကတစ်ခုပေါ့။ နောက်တစ်ခုကလည်း တက်ရဲတယ်သူတို့ တကယ်ကို ကျားထိုးပြီး အသံတွေ အော်ပြီး တက်လာတာ။ အဲဒီတော့ ပုံမှန်လူတွေသာဆိုရင် ဒီလောက်သွေးပျက်စရာကောင်းလောက်အောင်သေနတာကို ဘယ်လိုမျိုး ဆက်ပြီး တက်ကြမလဲ တော်ရုံစိတ်နဲ့ဆို။ ကျွန်တော်ထင်တာကတော့ WY တွေဘာတွေ သုံးပြီး စစ်ဆင်ရေးလုပ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- သပြေညိုတိုက်ပွဲမှာစစ်ကောင်စီက လေယာဉ်တွေတောက်လျှောက် အင်အားပြည့်သုံးလာတာတွေ့ရတယ်။ YAK-130 တင်မကတော့ဘဲ ရုရှားထုတ် SU တိုက်လေယာဥ်မျိုးပါ သုံးလာတယ်။ ရှေ့မှာလည်း ဖေဖော်ဝါရီလ တိုက်ပွဲမှာလေယာဉ်တွေနဲ့လာတိုက်တာတွေ့ရတယ်။စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်တာ​တွေကို ဘယ်လိုခုခံတိုက်ခိုက်ပါလဲ ။

⦿ဖြေ- ဟုတ်ကဲ့ လေကြောင်းထိုးစစ်ဆင်မှု အများဆုံး အကြိမ်အရေကတော့ သပြေညို စစ်ဆင်ရေးက အကြိမ် ၄၀ ကျော် လာရောက်ပြီး တိုက်ခိုက်တာ အများဆုံးပဲ။အရင်စစ်ဆင်ရေးတွေမှာလည်း ရန်သူ့ဘက်က လေကြောင်း စစ်ဆင်ရေးတွေ လုပ်တာမျိုးတွေ တွေ့ရတယ်။ နှစ်စီး နှစ်စီးသုံးတယ်။ အဓိကတော့ Mi-35 သုံးတယ်။ခုနကပြောတဲ့ YAY-130 သုံးတာတွေ့ရတယ်။ ဒါပေမဲ့လည်း လေကြောင်း စစ်ဆင်ရေးက ရင်ဆိုင်တိုက်ပွဲတွေမှာ အရမ်းတော့ သိပ်တော့ စိတ်ပူစရာမလိုဘူး။ ဒါပေမဲ့ စိတ်ခြောက်ခြားမှုကျနော်တို့ကို တုန်လှုပ်အောင် အနည်းအကျဉ်းတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ လေကြောင်း စစ်ဆင်ရေးတွေကထိရောက်တဲ့ စစ်ဆင်ရေးတော့ အခုအချိန်ထိ မဖြစ်ဘူးလို့ပြောလို့ရပါတယ်။ ကျနော်တို့ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲပေါင်းများစွာမှာ လေယာဉ်နဲ့လာပစ်လို့ ကျနော်တို့ဘက်က ရဲဘော် ကျဆုံးတာ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျဆုံးဆိုတာရှိကို မရှိဘူး။ ဒဏ်ရာရတာလည်း ၅ယောက်ထက်မပိုဘူး အလွန်ဆုံးဖြစ်နိုင်ရင်။ ကျနော်မှတ်မိသလောက်ကတော့ ရှိကို မရှိဘူး လေယာဉ်နဲ့လာဗုံးကြဲလို့ထိခိုက်ဒဏ်ရာရတယ်ဆိုတာ။အဲဒီတော့ လေကြောင်း စစ်ဆင်ရေး အပြင်းထန်ဆုံးကတော့ သပြေညို စစ်ဆင်ရေးက အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။လက်နက်ကြီးကလည်း တစ်မိနစ်တစ်လုံးလောက်ပစ်တယ်လို့ ပြောလို့ရတယ်။

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- ရန်သူရဲ့စိတ်ဓါတ်ရေးရာပိုင်းကိုဘယ်လိုသုံးသပ်လဲ ။

⦿ဖြေ- ကျွန်တော်တို့ ဒီသပြေညို စစ်ဆင်ရေးက ရန်သူရဲ့ ကြောက်လန့်မှုနဲ့ ရန်သူရဲ့ အသိအမှတ်အပြုမှု ရယူတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ ဒီတစ်ခေါက်စစ်ဆင်ရေးက ကျွန်တော်တို့လိုချင်တဲ့ ရလဒ်အကုန်ထွက်တယ်လို့ ပြောလို့ရပါတယ်။ ဒီစစ်ဆင်ရေးက အောင်မြင်တဲ့ စစ်ဆင်ရေးတစ်ရပ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဘာကြောင့် ဒီစကားကို ပြောလဲဆို ကျွန်တော်တို့ ပြန်ပြီး ကြားရတဲ့ သတင်းတွေအရဆိုရင် ကျွန်တော်တို့ထဲမှာဆိုရင်လည်းတချို့ ဒီကောင်တွေနဲ့ ဆက်သွယ်မှုတချို့တွေလည်းရှိပါတယ်။ ရှိတော့ CDM လုပ်ဖို့ ဆက်သွယ်ရင်းနဲ့ ဒီလိုမျိုးပဲ တချို့ရဲဘော်တွေနဲ့ စကားပြောဖြစ်တာရှိတယ်။ ရှိတော့ဆေးရုံတက်နေတဲ့ အရာရှိတစ်ယောက်နဲ့ ပြောဖြစ်တယ်ဆိုပြီး ကျွန်တော်ကို ပြန်ပြီးတင်ပြလာတယ်။ အဲဒီတော့ ဒီတစ်ခေါက်စစ်ဆင်ရေးက ထင်လည်းမထားဘူး သူတို့လည်း တော်တော်လေးလည်း အထောင်းခံရတယ်။ သူကိုယ်တိုင်လည်း ဆေးရုံမှာ နားနေရတယ်။ နားနေရတဲ့ အရာရှိက ပြောတာက အကုန်လုံးလည်း ထိတ်လန့်နေကြတယ် ကျွန်တော်တောင်မှ နောက်ထပ်စစ်ဆင်ရေးမှာ မပါချင်တော့ဘူး ဘယ်လိုမျိုးလုပ်ရင်ရမလဲဆိုပြီး လမ်းကြောင်းရှာနေတယ် ပြောတယ်ဆိုပြီး သိရတယ်။ နောက်တစ်ခုက အရာရှိ အရာခံတော်တော်များများ အရာခံဗိုလ်တွေရော၊ စစ်ကြောင်းမှူးတွေရော၊ ဒုတပ်ရင်းမှူးတွေရော တပ်ရင်းမှူးတွေရော ဒီလောက်ထိအများကြီးကျတာ ရဲဘော်တွေဆို အများကြီး ကျဆုံးတာဖြစ်တဲ့အတွက် ဒီတစ်ခေါက်စစ်ဆင်ရေးက ရန်သူ့ဘက်က တော်တော်လေး စိတ်ဓာတ်တွေပျက်ယွင်းသွားတယ်ဆိုပြီးတော့ သိရတယ်။ အဓိက ပိုဆိုးတာက ရဲဘော်ကျတာအပြင် အရာရှိ ကြီးတွေ တိုက်ပွဲတစ်ပွဲမှာ အရာရှိကြီးတွေ ဒုတိယဗိုလ်မှူးကြီးတွေ ကျတာတော်တော်ခဲယဉ်းတယ်။ တပ်ရင်းမှူးတွေ နှစ်ယောက်နဲ့ ဗျူဟာမှူးလက်ဖြတ်ရတဲ့အထိ ဖြစ်တဲ့အခါ စိတ်ဓာတ်ကတော့ တော်တော်လေးကို ယိုယွင်းသွားတာပေါ့။အဲဒီတော့ အရင်ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ MDY-PDFက တကယ်ကိုရုတ်ချည်းပြောင်းလဲပြီးတော့မှ တကယ့်ကို စစ်တိုက်တာက အတော်လေးကို ကောင်းမွန်တဲ့ တိုက်စစ်ဖြစ်သွားတဲ့အခါမှာတော်တော်လေးလည်း ကြားရသလောက် ရန်သူ့ဘက်က တော်တော်စိတ်ဓာတ်ပျက်ပြားပြီး တော်တော်လေး အခြေအနေဆိုးဆိုးဝါးဝါးရင်ဆိုင်နေရတယ်ဆိုပြီး သတင်းတွေပြန်ကြားနေရတယ်။ တပ်တောင်ပျက်လုပျက်ချင်ဖြစ်သွားတယ်လို့ကြားရတယ်။

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- ရှေ့မှာ ပြောသွားတာထဲမှာလည်းပါတယ်။ သပြေညိုတိုက်ပွဲမှာဆိုရင် တအာင်းတပ်မတော်ရဲ့ ကူညီပံ့ပိုးမှုတွေက ပါတယ်ဆိုတော့ TNLAနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ပြောပြလို့ရသလောက်နဲ့ ကျန်တဲ့ EROတွေနဲ့ မဟာမိတ်ဆက်ဆံရေး ရှိရင်အဲဒါလေးလည်းပြည်သူကိုအသိပေးရသမျှပြောပြပါလား။

⦿ဖြေ- ကျွန်တော်တို့ မဟာမိတ်ဆက်ဆံရေးလို့ပြောတဲ့အခါ ကျနော်တို့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်တစ်ရပ်ဆိုတော့ ကျနော်သိရသလောက်တော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ်ဆက်ဆံရေးကိစ္စတွေမှာတော်တော်လေးကို EROတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေရှိတယ်။ တကယ်ကို အောင်အောင်မြင်မြင် ERO တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ထူထောင်လာနိုင်တာတွေ့ရတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အားသားချက်တစ်ခုပါပဲ။ အဲဒီလိုပဲ MDY-PDF အနေနဲ့ ပြောပါဆိုရင်လည်း MDY-PDFက အရင်ကတည်းက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ကတော့နီးကပ်တဲ့ ဆက်ဆံရေးရှိထားပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ကို အဓိက ကူညီပံ့ပိုးနေတာကတော့ TNLA ပေါ့။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်။ PSLF/TNLAနဲ့က တော်တော်လေး နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောလို့ရတယ်။ နည်းပညာပိုင်း အကူအညီတွေရော နိုင်ငံရေးအကူအညီတွေရော စစ်ရေးအကူအညီတွေရော အများကြီး ကူညီပံ့ပိုးမှုတွေ ရရှိပါတယ်။ အဲဒီတော့ MDY-PDFနဲ့ မြောက်ပိုင်းမဟာမိတ် (TNLA၊MNDAA၊ AA) သုံးဖွဲ့နဲ့ ဆက်ဆံရေးကနီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောလို့ရပါတယ်။ တက်နိုင်သမျှတော့ MDY-PDFကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောက်မှာရှိနေတော့ တိုက်ရိုက်ဆက်ဆံတာမျိုးတွေတော့ သိပ်ပြီးတော့ မလုပ်ဖြစ်ဘူးပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့တွေ EROတွေနဲ့တော့ ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်ထားပြီးပါပြီ။ထူထောင်ထားနိုင်ခဲ့တာကြာပါပြီ။

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- တိုက်ပွဲတွေဖြစ်ရင် စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတာ ၊ထွက်ပြေးတိမ်းရှောင်ရတာ၊ နေအိမ်နဲ့ တောင်ယာတွေပျက်စီးရတာအနည်းနဲ့အများရှိတော့ MDY-PDF အပေါ်ဒေသခံပြည်သူတွေရဲ့ ယုံကြည်၊ထောက်ခံမှုကဘယ်လိုရှိပါလဲ ။ဒေသခံပြည်သူတွေနဲ့ ထောက်ခံမှု ၊ယုံကြည်မှု လေးစားမှုရဖို့ ဘယ်လို စည်ရုံးရပါလဲ။ဒါနဲ့ပတ်သပ်ပြီး စိန်ခေါ်မှုတွေရောရှိလား။

⦿ဖြေ- အဓိက စိန်ခေါ်မှုကတော့ ရှိတယ်လို့ ပြောရမှာပေါ့။ ပြည်သူထောက်ခံမှုလို့ ပြောလို့ရှိရင် ကျွန်တော်မြင်ပါတယ် ကျွန်တော်တို့ အခြေပြုတဲ့ ဒေသကိုယ်က ဘာပဲပြောပြော စိတ်ဓာတ်ပိုင်းဆိုင်ရာအရတော့ တော်တော်များများ ကူညီပံ့ပိုးတဲ့ဟာရှိပါတယ်။ ထောက်ခံမှုလည်း ရှိပါတယ်။ ကျွန်တော်တို့ စစ်ဆင်ရေးလုပ်တဲ့ဒေသတွေဆိုရင်လည်း တကယ်ဆိုရင်ပြည်တွင်းစစ်ဘေးဒဏ်သင့် အခံရဆုံးဒေသတွေလို့တောင်ပြောလို့ရပါတယ်။ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေ က ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတဲ့ ဒေသတွေဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ပူးပေါင်းပါဝင်မှုတွေက အားနည်းတာပေါ့။ သူတို့ကိုယ်တိုင်တောင်မှ အမှန်တိုင်းပြောရရင် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကို ကူညီပံ့ပိုးဖို့ကတော့ စစ်ကိုင်း၊ မကွေးမှာလောက်အရမ်းကြီး မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို အသိအမှတ်ပြုတာ မတူဘူးပေါ့။ ဘယ်လိုမျိုးမတူတာလဲလို့ ပြောရင် စကစတို့ ERO တို့ ဆက်ဆံရင် ပုံစံက တစ်မျိုး။ ကျွန်တော်တို့ကို ဆက်ဆံတဲ့ ပုံစံက တစ်မျိုး။ ကျွန်တော်တို့ဆိုရင် ဘယ်လိုပြောမလဲ ချစ်ခင်လေးစားစိတ်တွေပါတာတွေ့ရတယ်။ ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာအရ အားပေးကြတယ် ဒါမျိုးပေါ့။ စိတ်ပိုင်းဆိုင်ရာအရ တကယ်ကို အပြည့်အ၀ ထောက်ခံမှုများတယ်လို့တောင်ပြောလို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကတော့ ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံနေရတဲ့ ဒေသတွေဖြစ်တော့ တကယ်တန်းပြောရင်ရင် သိပြီးတော့ စစ်ကိုင်းမကွေးလောက်တော့ အားမကောင်းဘူးပေါ့။ ဒါက လက်ရှိ အရှိတရား။ အဲဒီတော့ စကစဘက်က နောက်ဆုံးသိရတာက ဒီစစ်ဆင်ရေးကာလအတွင်းမှာ Rape case လိုဟာမျိုးတွေက အစ လုပ်တယ်ပေါ့ ဒါမျိုးတွေလည်း တောက်လျှောက်လုပ်နေတာဖြစ်တဲ့အတွက် ဘာပဲပြောပြော စကစကို တော်တော်လေးနာကျည်းစိတ်ရှိကြတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ကို ဗမာလို့ သိပ်မမြင်ကြတော့ဘူး ကျွန်တော်တို့ PDFတွေဆိုရင်။ ခွဲပြီးမြင်တက်တယ်။ ပြည်သူက နိုင်ငံရေး ရေချိန်ကတော့မနိမ့်ဘူး။ မနိမ့်ဘူးဆိုတဲ့အခါ ဘာပဲပြောပြောခွဲပြီး မြင်တက်တယ်။ စကစကို မြင်တဲ့ပုံနဲ့ ကျွန်တော်တို့ကို မြင်တဲ့ပုံမတူဘူး။ အဲဒီလိုပဲ EROကို မြင်တဲ့ပုံနဲ့ ကျွန်တော်တို့ကို မြင်တဲ့ပုံမတူပါဘူး။ ကျွန်တော်တို့ လှုပ်ရှားတဲ့နေရာတွေမှာဆိုရင် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာဆိုရင် SSPP တို့ RC တို့(RCSS) ၊ TNLA တို့ အမျိုးစုံ နောက်ဆုံး ပြည်သူ့စစ်လိုဟာမျိုးတွေလည်းရှိတယ်။ KIAရော ။ အဲဒီလိုမျိုးနေရာဒေသမှာ မျိုးစုံကျင်လည်လာတဲ့ ဒေသခံတွေက အမှန်တိုင်းပြောရရင် လည်တာတော့ လည်တယ်။ ဒါပေမဲ့ကျွန်တော်တို့ဆိုရင် လေးလေးစားစားချစ်ချစ်ခင်ခင်ရှိတာမျိုးတွေ့ရတယ်။ ဒါတင်ပဲလားဆိုရင် ကျွန်တော်တို့တက်နိုင်သမျှ လူထုစည်းရုံးရေးက လုပ်ခဲ့ပါတယ်။ခုနက ပြောသလို ကျွန်တော်တို့ တပ်စတင်တည်ဆောက်ကတည်းက အခြေခံ စစ်သင်တန်းပေးပြီးတော့ အခြေခံ နိုင်ငံရေးလိုဟာမျိုးကအစ သေချာလေး သင်ကြားပေးပြီးဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ လုံး၀ မကင်းကွာဘူး။ တက်နိုင်သမျှ ဒေသခံပြည်သူတွေနဲ့လက်ပွန်းတတီး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နေဖြစ်ကြတယ်။ နေဖြစ်တဲ့အခါ ဆိုလိုချင်တာက ကျန်းမာရေးဆိုရင်လည်း ဆေးကုသတဲ့ဟာမျိုး ကျွန်တော်တို့လုပ်ဖြစ်တယ်။ တချို့နေရာတွေမှာ စာသင်နိုင်တယ်ဆိုရင်စာသင်ပေးဖို့ ကိစ္စတွေအထိ ကျွန်တော်တို့ လုပ်ဖြစ်တယ်။ ဒါပြည်သူ့စည်းရုံးရေးပဲ။ အဲဒီလိုပဲ ကျွန်တော်တို့ထပ်ပြီးလုပ်ဖြစ်တာက။ စကစက ကျွန်တော်တို့ တိုက်ပွဲအပြီးနောက်ပိုင်း သတ်ခံရတဲ့ ပြည်သူဘာညာရှိတယ်ဆိုရင် လက်လှမ်းမီတယ်ဆိုရင် ချိတ်ဆက်ပြီး အဲဒီနာရေးအသုံးစရိတ်လိုဟာမျိုး နာရေးနဲ့ပတ်သက်ပြီး လှူဒါန်းမှု ဒါမျိုးတွေလုပ်ပေးဖြစ်တယ်။ဒီလိုမျိုးတွေလုပ်တာက ဘာပဲပြောပြောပြည်သူကြားမှာအသိအမှတ်ပြုမှု တစ်ခုလေးစားချစ်ခင်စိတ်ကိုရတာပေါ့။နောက်ဆုံး ဘုန်းကြီးကျောင်းကအစ ရဲဘော်တွေအားနေရင် အလကားမနေဘဲ ခြံစည်းရိုးခတ်ချင်တယ် သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင် ဝိုင်းလုပ်တာ။ အကုန်လုံးကလည်း ဒါတွေခိုင်းစရာကို မလိုဘူး။ မြို့ပြကလာကြတဲ့သူအများစုဆိုတော့ စိတ်ပါလက်ပါ လုပ်ပေးကြတယ်။ ကျနော်တို့ Facebook Page မှာ ဆိုရင်လည်းတွေ့တယ်မဟုတ်လား။ ဒေသခံ ကလေးမွးတာ၊ ကလေးမမွေးနိုင်တဲ့ကိစ္စ ကျွန်တော်တို့ ဆေးတပ်သားတွေနဲ့ မွေးပေးတာ။ ဒါမျိုးတွေလုပ်ဖြစ်ပါတယ်။

"(စစ်​ကောင်စီ)ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုး နောက်ထပ်လည်း ထပ်လာပါအုံးမယ်"

▪︎မေး- မန္တလေး PDF စစ်ဆင်ရေးတွေထဲမှာ ထူးခြားတာက မန္တလေးကျုံးဘေးနားမှာ စစ်ကောင်စီရဲ့ မန္တလေးဝန်ကြီးချုပ် ကားတန်းကို မိုင်းခွဲတိုက်ခိုက်တာ တွေ့ပါတယ်။စစ်ကောင်စီက လုံခြုံရေး တော်တော်လေး ချထားတယ်လို့ပြောနေတဲ့ မန္တလေးမြို့လယ်မှာ လုပ်သွားတာ တချို့ယုံတောင် မယုံနိုင်ကြဘူး။ အဲဒီ စစ်ဆင်ရေးအကြောင်းပြောပြပေးပါလား။

⦿ဖြေ- အဓိကကတော့ ကျွန်တော်တို့ စတင်စုဖွဲ့စဉ်ကတည်းက မြို့ပြစစ်ဆင်ရေးတွေ အဓိက ထားပြီး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့ပြစစ်ဆင်ရေးတွေလုပ်ဆောင်မှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့က သိုသိုသိပ်သိပ်ပဲ။ သတင်းထုတ်ပြန်မှုတွေ သိပ်မလုပ်ဘူး။ ၂၀၂၁ လေး(ဧပြီ)လပိုင်း လောက်ကနေ ၂၀၂၂ ခုနှစ် ၁၁လပိုင်းလောက်အထိ မစ်ရှင်ပေါင်း စုစုပေါင်း ၃၅၀ ကျော်လောက်ထိ လုပ်ဖြစ်တယ်။ တချို့မစ်ရှင်တွေက ကြီးကြီးကျယ်ကျယ် မစ်ရှင်တွေပါတယ်။ ဒါပေမဲ့ တက်နိုင်သမျှ သိုသိုသိပ်သိပ်ပဲ လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အများစုက မသိကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုကို စတင်ပြီးတော့ MDY-PDFကို ချပြပြီးနောက်ပိုင်းမှာမှ မီဒီယာနဲ့ကအစ ကျွန်တော်တို့တွေ စစ်ရေးသတင်းထုတ်ပြန်မှုတွေကို ပြန်ပြီးလုပ်လာတယ်ပေါ့။ အဓိကတော့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ကိုလုပ်ကြံတဲ့စစ်ဆင်ရေး လိုဟာမျိုးက တကယ်တန်းပြောရရင် ကျွန်တော်နော်တို့ရဲ့ မြို့ပြစစ်ဆင်ရေးတွေလျှို့ဝှက်စစ်ဆင်ရေးတွေထဲက တစ်ခုကို ချပြတာ။ နောက်ထပ်စစ်ဆင်ရေးတွေလည်း အများကြီး လုပ်ဖို့ရှိပါသေးတယ်။ မအောင်မြင်လိုက်တဲ့ စစ်ဆင်ရေးဆို နန်းတွင်းထဲကို ရှော့တိုက်ဒုံးပစ်ဖို့လုပ်ရင်းနဲ့ ကျွန်တော်တို့ ရဲဘော် အဖမ်းခံလိုက်ရတဲ့ ကိစ္စလိုဟာမျိုးတွေရောပေါ့။ စစ်ဆင်ရေးတွေက တောက်လျှောက် ဆက်လက်ပြီးရှိနေအုံးမယ်။ ဗျူဟာမြောက်တိုက်ပွဲတွေလည်း ဆက်လက်ပြီးဖော်မယ်။ မြို့ပြစစ်ဆင်ရေးတွေလည်း တောက်လျှောက်ရှိနေမယ်။ ဒီနှစ်ထဲမှာ မြို့ပြစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အသံတွေ ကျယ်ကျယ်လောင်လောင်ကြားရပါအုံးမယ်။ အဲဒီလိုပဲ ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုးနောက်ထပ်လည်း ထပ်လာပါအုံးမယ်။

(​မေးမြန်းခန်း ​နောက်ဆုံးအပိုင်းကို မနက်ဖြန်(ဇွန်-၁ ရက်)မှာတင်ဆက်ပါမယ် )

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။