Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တစ်တိုင်းလုံးကို လွှမ်းခြုံနိုင်တဲ့၊ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် ယန္တရားတစ်ခုပေါ့။ ဒါမျိုးပေါ်ပေါက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် စစ်ကိုင်းတိုင်းကို လွှမ်းခြုံနိုင်တဲ့ နိုင်ငံရေး အစုအဖွဲ့ ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားတာ”

စစ်ကိုင်း ဖိုရမ်ကြောင့် တော်လှန်ရေးကို ပိုအား​ကောင်းလာ​စေမလား ဒါမှမဟုတ် ပိုအားနည်း​စေနိုင်မလား စတဲ့မေးခွန်းတွေကို ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးနဲ့ People’s Spring – လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

▪︎စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးနဲ့မေးမြန်းခန်း
▪︎စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးနဲ့မေးမြန်းခန်း

▪︎စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးနဲ့မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းရာ စစ်ကိုင်းတိုင်းမှာ ရုတ်တရက်ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်နဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ဝေဖန်မှုအချို့လည်းရှိခဲ့ပါတယ်။ စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပေးပို့တဲ့ သဝဏ်လွှာမှာပါတဲ့ ‘ပြင်ပပရောဂ’ဆိုတဲ့ စာသားကြောင့် လူမှုကွန်ရက်မှာ ဂယက်ထခဲ့ပါတယ်။ စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ တာ၀န်ရှိသူတွေက လုံခြုံရေးအခြေအနေကြောင့် ဖိုရမ်အကြောင်း ပွင့်လင်းမြင်သာမှုရှိစွာ ကြိုတင်ကြေညာခဲ့ခြင်း မရှိပေမယ့် တိုင်းအတွင်းရှိ သက်ဆိုင်ရာ Stakeholder များနဲ့ ကြိုတင်အကြောင်းကြား ညှိနှိုင်းဆွေးနွေးမှုများရှိတယ်လို့ ဆိုပါတယ်။ မေလ ၃၀ ၊ ၃၁ ရက် နှစ်ရက်တာ ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်ဆိုတာ ဘာပါပဲ။ တော်လှန်ရေးမှာ ဘယ်လိုမျိုး၊ ဘယ်လောက်အထိ အရေးပါပါသလဲ။ စစ်ကိုင်း ဖိုရမ်ကြောင့် တော်လှန်ရေးကို ပိုအား​ကောင်းလာ​စေမလား ဒါမှမဟုတ် ပိုအားနည်း​စေနိုင်မလား စတဲ့မေးခွန်းတွေကို ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးနဲ့ People’s Spring – လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမာယု/People’s Spring

မေး – အရင်ဆုံး စစ်ကိုင်းဖိုရမ်ဖြစ်လာပုံနဲ့ ကျင်းပရတဲ့ရည်ရွယ်ချက် ပြောပြပါလား။

Public Service Announcement

Public Service Announcement

ဖြေ – စစ်ကိုင်းတိုင်းက တော်လှန်ရေးလည်း အားကောင်းတယ်။ တော်လှန်ရေး ၂ နှစ်ကျော်ကြာလာတဲ့အခါမှာ ကျွန်တော်တို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ ပိုမိုစုစည်းဖို့လိုတယ်။ အဲဒါအပြင် တစ်တိုင်းလုံးကို လွှမ်းခြုံနိုင်တဲ့၊ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် ယန္တရားတစ်ခုပေါ့။ ဒါမျိုးပေါ်ပေါက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် စစ်ကိုင်းတိုင်းကို လွှမ်းခြုံနိုင်တဲ့ နိုင်ငံရေး အစုအဖွဲ့ ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားတာပေါ့ဗျာ။

မေး – ဖိုရမ်မှာ ဘာတွေ ဆွေးနွေးခဲ့ကြလဲ၊ ဘယ်သူတွေ တက်ရောက်ခဲ့ကြလဲ။

ဖြေ – အဓိကတော့ စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲဲ့အစည်း ၁၇၀ ကျော်တက်ရောက်ခဲဲ့တယ်။ ဆွေးနွေးဖြစ်တာကတော့ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ စသဖြင့် ကဏ္ဍလေးရပ်ခွဲပြီး ဆွေးနွေးတယ်ဗျ။ အထွေထွေကဏ္ဍမှာ တိုင်းတွင်းမှာ သပိတ်တွေ ဘာတွေ အခက်ကြုံလဲပေါ့။ သပိတ်တွေ အားကောင်းအောင် ဘယ်လိုလုပ်မလဲပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ စစ်ကိုင်းတိုင်းက စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ ဒေသဖြစ်တဲ့အတွက် စစ်ရှောင်အရေးကို စစ်ရှောင်နေရတဲ့ ပြည်သူလူထုကို ဘယ်လို ကူညီကြမလဲပေါ့ဗျာ။ ဒါတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ ပထမအကြိမ်ဖိုရမ်လည်းဖြစ်တော့ ဖိုရမ်ကို တက်ရောက်လာတဲ့ တိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ အမြင်သဘောထားတွေကို စတင်စုစည်းတဲ့ သဘောပေါ့ဗျာ။

မေး – နှစ်ရက်တာ ဖိုရမ်ကျင်းပခဲ့ပြီးပြီဆိုတော့ ဖိုရမ်အတွင်း တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေရှိရင် ပြောပြပါဦး။

Public Service Announcement

Public Service Announcement

ဖြေ – ဖိုရမ်အတွင်းမှာ တက်ရောက်လာတဲ့ တော်လှန်ရေးအဖွဲ့တော်တော်များများက တော်လှန်ရေးအောင်မြင်ဖို့ ရည်ရွယ်ပြီး အပြုသဘောဆောင် ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ အမြင်မတူတာတွေ၊ အယူအဆမတူတာတွေ ရှိပေမယ့်လည်း အဆင်ပြေပြေချောချောမွေ့မွေ့နဲ့တော့ ပြီးသွားတယ်ဗျ။ ကျန်တဲ့ ရွေးကောက်ခံထားရတဲ့ CRSH (စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ) တို့ အဲဒီဘက်ပိုင်းက အခုအချိန်အထိ မပါဝင်လာနိုင်သေးတာ ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှုပေါ့ဗျာ။

မေး – သူတို့က ဘာကြောင့်မပါဝင်လာလဲ။ ဘယ်လိုနားလည်လဲ။

ဖြေ – ကျွန်တော်တို့ကတော့ ဖိုရမ်စမလုပ်ခင်ကတည်းက တွေ့သင့်တွေ့ထိုက်တဲ့ stakeholder တွေကို တွေ့တယ်ပေ့ါဗျာ။ တွေ့ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြဖို့ လုပ်ပေမယ့် CRSH ဘက်က တလေးတစားနဲ့ စာပြန်ပေးပါတယ်။ သူတို့အခြားအလုပ်တွေနဲ့ မအားလပ်တဲ့အတွက် ဒီတကြိမ်တော့ မတက်ရောက်နိုင်ဘူးဆိုပြီး အကြောင်းပြန်တာရှိပါတယ်။

မေး – စစ်ကိုင်းတိုင်း တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ဖိုရမ်လို့ ပြောနိုင်မလား။ ဘယ်လိုပြောလို့ရလဲဗျ။ ဘယ်လိုပုံစံနဲ့ ကျင်းပခဲ့လဲ။

ဖြေ – လွှမ်းခြုံနိုင်ဖို့ ကြိုးစားတဲ့ ဖိုရမ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံးအကြိမ်လုပ်တာဖြစ်တဲ့အတွက် လုံခြုံရေးအရရော အရင်ကြိုပြီး မကြေညာထားတာဖြစ်တဲ့အတွက် အင်တာနက်လိုင်း မရတဲ့နေရာက အဖွဲ့အစည်းတွေ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သေးတာလည်း ရှိပါတယ်။ ဒုတိယအကြိမ်မှာတော့ ဒီထက်ပိုပြီးတော့ လွှမ်းခြုံနိုင်အောင် ကြိုးစားရဦးမှာပေ့ါဗျ။ စစ်ကိုင်းဖိုရမ်ကို နည်း ၂ နည်းနဲ့ ကျင်းပတာပေါ့။ တစ်ဖက်မှာ အွန်လိုင်းမှာ ဆွေးနွေးသလို တစ်ဖက်မှာ ဖိုရမ်ရက် မတိုင်ခင်ကတည်းက မြေပြင်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့ သဘာထား စုစည်းထားတွေ၊ ကဏ္ဍအလိုက် ဆွေးနွေးတာတွေ လုပ်ထားတယ်။ အဲဒီလိုပဲ ဖိုရမ်ကျင်းပတဲ့ နှစ်ရက်မှာလည်း မြေပြင်မှာလည်း ကျွန်တော်တို့ ဆွေးနွေးပြီး ဆွေးနွေးချက်တွေ ယူတာလည်း ရှိပါတယ်။ ပုံစံကတော့ အွန်လိုင်းရော၊ မြေပြင်ရော hybrid နှစ်မျိုး ဆွေးနွေးခဲ့တဲ့ ပွဲပါ။

မေး – ဖိုရမ်မှာ ရရှိခဲ့တဲ့ သဘောထားစုစည်းချက်ထဲမှာ တိုင်းအတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲဲ့တစ်ခုတည်ဆောက်ဖို့ ရည်မှန်းတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒါဟာ ဘယ်လိုမျိုးလဲ အကျယ် ရှင်းပြနိုင်မလားဗျ။

ဖြေ – နွေဦးတော်လှန်ရေးထဲမှာ ပြည်သူလူထုရဲ့တောင်းဆိုချက်က နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့၊ နိုင်ငံရေးစနစ်မှာလည်း ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ တောင်းဆိုကြတယ်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဖက်ဒရယ်ယူနစ်အဖြစ် ပီပြင်လာဖို့ ကနဦးခြေလှမ်းအနေနဲ့ တိုင်းအတွင်းမှာ တိုင်းရေးရာ ကိစ္စတွေ အားလုံးပေါင်းစပ် ညှိနှိုင်းအဖြေရှာလို့ရမယ့် ယန္တရားတစ်ခု လိုအပ်တယ်လို့ အဖွဲ့ အစည်းတော်တော်များများက သဘောထားပေးကြတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ မူတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ပြဋ္ဌာန်းချက်ပါ အချက်တွေအတိုင်းပဲ တိုင်းအတိုင်း နိုင်ငံရေးအရ လွှမ်းခြုံနိုင်တဲ့ အဖွဲ့အစည်း၊ ​အတိုင်ပင်ခံကောင်စီ ဒါမှမဟုတ် ပေါင်းစပ်ညှိနှိုင်းရေးယန္တရားတစ်ခုကို ဖော်ဆောင်ဖို့အတွက် ဆက်ပြီးတော့ ကြိုးစားသွားမှာဗျ။ ကိုယ့်ရဲ့ မြေပြင်မှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေ ပြဿနာတွေ မြန်မြန်ဆန်ဆန်နဲ့ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒါမျိုး အဖွဲ့အစည်း လိုအပ်တယ်ဆိုပြီး ကျွန်တော်တို့ အမြင်သဘောထားတွေ စုထားတာ ရှိပါတယ်ဗျ။

မေး – စုစည်းချက် ၂ မှာ တိုင်းအဆင့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဥ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့အညီ လုပ်ဆောင်ဖို့ သဘောထားပေးဆွေးနွေးတယ်လို့ ပါတာတွေ့ရတယ်။ သဘောထားပေး ဆွေးနွေးကြတယ်ဆိုတာကို လက်ခံအတည်ပြုတာလား။ ဒါမှမဟုတ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့အညီ လုပ်ဆောင်ဖို့ သဘောထားပေးဆွေးနွေးခဲ့ကြပါတယ်ဆိုတာကို အသိပေးရုံလားဗျ။ ဘယ်လိုမျိုးပါလဲ။

ဖြေ – ခုနက ပြောတဲ့အတွက် ပထမအကြိမ်ဖိုရမ်ဖြစ်တဲ့အတွက် ပထမအကြိမ်ဖိုရမ်ကို အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သေးတဲ့ မြေပြင်အဖွဲ့အစည်းတွေလည်း ကျန်ခဲ့သေးတယ်။ အဲဒီအတွက် ပထမအကြိမ် ဖိုရမ်ကတော့ သဘောတူဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အဆင့် မလုပ်ပါနဲ့ဦး။ သဘောထားစပြီး စုစည်းတာဖြစ်တဲ့အတွက် ဒါတွေအားလုံးက ဆုံးဖြတ်အတည်ပြုတဲ့အဆင့်က လာမယ့် ဒုတိယအကြိမ်ဖိုရမ်ကျမှ အဲဒီအဆင့်ကို ရောက်ပါမယ်။ အခုကတော့ သဘောထားစုစည်းချက်ထဲမှာလည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့အညီ သွားဖို့ ဆိုတာကို ကန့်ကွက်ဆွေးနွေးတဲ့အဖွဲ့ အစည်းမရှိပါဘူး။

မေး – စစ်ကိုင်းတိုင်းကို အ​ခြေပြုတဲ့တပ်စုစည်းတည်​ထောင်ဖို့အစီအစဥ်ရှိ​ရောရှိပါလား။ တကယ်လို့ရှိရင် ဘယ်လိုပုံစံဖြစ်မလဲ။ လက်ရှိစစ်ကိုင်းတိုင်းမှာ စစ်​ရေး အကူအညီ​တွေ​ပေး​နေတဲ့ KIA ရယ်၊ NUG တို့နဲ့ ချိတ်​ဆက်မှုက ဘယ်လိုဖြစ်လာမလဲ။

ဖြေ – ကျွန်တော်တို့ကတော့ နိုင်ငံရေးကဏ္ဍရော၊ စစ်ရေးကဏ္ဍရော ဖိုရမ်မှာ စစ်ရေးကဏ္ဍလည်း ပါတယ်ပေါ့ဗျာ။ လောလောဆယ်အနေအထားမှာ စစ်ရေးကဏ္ဍမှာ တက်ရောက်လာတဲ့ တက်ရောက်လာတဲ့အဖွဲ့တွေ၊ မြေပြင်မှာ ဘာတွေ အခက်အခဲကြုံနေလဲ။ တော်လှန်စစ် ဒီထက်ပိုပြီး အားကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးတာတွေ ရှိပါတယ်။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာ ဘာတစ်ခုမှ ဆုံးဖြတ်ထားတာလည်း မရှိသလို ကြိုတင်စဥ်းစားထားတာလည်း မရှိပါဘူး။ လာမယ့် ဖိုရမ်တွေမှာ တက်ရောက်လာမယ့်အဖွဲ့အစည်းတွေက ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ပုံစံမျိုး ဖော်ဆောင်ဖို့အတွက် အကျေအလည် အကြိတ်အနယ် ဆွေးနွေးရဦးမှာပေါ့ဗျာ။ နောက်တစ်ခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရော၊ အမှတ် ၁ စစ်ဒေသထဲမှာပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ရော ကျွန်တော်တို့ ထိတွေ့ဆက်ဆံပြီးတော့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်လို့ရရင် ကျွန်တော်တို့အတွက် အကောင်းဆုံးအဖြေဖြစ်မလဲဆိုတာ ကျွန်တော်ဆက်ပြီး ထိတွေ့ဆက်ဆံပြီး အဖြေရှာသွားဦးမှာပါဗျ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးက အမိန့်ပေးကွပ်ကဲမှုစနစ် ပိုပြီးတော့ အားကောင်းမှ တော်လှန်ရေးက ပိုပြီးတော့ ရွေ့မယ်ဆိုတာ အားလုံးက လက်ခံထားတယ်ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့က ဒီဟာကို ဒီထက်ပိုပြီး တည်ဆောက်နိုင်အောင် ဒီဖိုရမ်တက်ရောက်လာတဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေရယ်၊ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေး အစိုးရရယ်၊ အမှတ် ၁ စစ်ဒေသထဲမှာ ပါတဲ့ စစ်ရေးခေါင်းဆောင်တွေ ဒါတွေလည်း ထိတွေ့ဆက်ဆံပြီး အဖြေရှာသွားရမယ့် ကိစ္စရပ်တွေပါပဲဗျ။

မေး – ဒီဖိုရမ်​ကြောင့် ​တော်လှန်​ရေးကို ပိုအား​ကောင်းလာ​စေမလား ဒါမှမဟုတ် ပိုအားနည်း​စေနိုင်တယ်လား။ ဘာ​ကြောင့်ပါလဲ။

ဖြေ – သေချာတာက ဒီဖိုရမ်ကြောင့် တော်လှန်ရေးက ပိုပြီး အားကောင်းသွားဖို့ပဲ ရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်းက အခုထိ တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာတဲ့အခါမှာ စစ်ကောင်စီကို တော်လှန်ရေးတာလည်း အားကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြားထဲမှာ အဖွဲ့အစည်းတွေက အမျိုးမျိုးနဲ့ တကွဲတပြားနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြန့်ကျဲနေတယ်ပေါ့ဗျာ။ ဒါကတော့ ကျွန်တော် တို့ရဲ့ အားနည်းချက်ဖြစ်တယ်။ ဒီအားနည်းချက်ကို ပြုပြင်ဖာထေးပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြစ်ဖို့ ကြိုးစားအဖြေရှာတဲ့ ဆွေးနွေးချက်တွေလည်း ပါတာဖြစ်တဲ့အတွက် ဒါဟာ တော်လှန်ရေးအတွက် အကျိုးမယုတ်ပါဘူးဗျ။ အကျိုးရှိမယ့် ဖိုရမ်လို့ပဲ ကျွန်တော်တို့က ရှုမြင်သုံးသပ်ထားပါတယ်။

မေး – ဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ကလည်း သဝဏ်လွှာပို့တာ တွေ့ရပါတယ်။ အခုလုပ်တဲ့ ဖိုရမ်က NUG၊ NUCC တို့နဲ့ ဘယ်လို ချိတ်ဆက်မှုရှိပါလဲ။ ဒါမှမဟုတ် သီးခြားသဘောမျိုးလား။

ဖြေ – စစ်ကိုင်းဖိုရမ်ကို ကျင်းပဖို့ စတင်ခဲ့တာက ဒေသတွင်းမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တယ်ပေါ့ဗျာ။ တိုင်းအတွင်းမှာလည်း၊ မြေပြင်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယန္တရားတွေ၊ အုပ်ချုပ်ရေးယန္တရားတွေ၊ ကာကွယ်ရေးယန္တရားတွေ တကယ်မြေပြင်မှာရှိနေတာလည်း ပကတိိအရှိတရားပေါ့ဗျာ။ အဲဒီအတွက် ကျွန်တော်တို့က စင်ပြိုင်လိုမျိုးမဖြစ်အောင် လိုအပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဗဟိုအဆင့်နဲ့ ဒေသန္တရအစိုးရတွေ ကြားထဲမှာ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် ယန္တရားတစ်ခု လိုအပ်တယ်လို့ မြင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရော၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ရော အလွတ်သဘောတွေရာ ရှေ့ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။

မေး – ဖိုရမ်ကို ပေးပို့တဲ့ NUG သဝဏ်လွှာမှာပါတဲ့ ပြင်ပပယောဂဆိုတဲ့ စာသားကို ဝေဖန်ကြတာရှိတယ်။ အဲဒီ NUG ရဲ့ ပြင်ပပယောဂဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်ပါလဲ။

ဖြေ – ပွင့်ပွင့်လင်းလင်းပြောရင် အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာထဲမှာပါတဲ့ ပြင်ပပရောဂဆိုတာ ဘာကိုဆိုလိုလဲဆိုတာ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း နားမလည်ဘူးပေါ့ဗျာ။ သေချာတာတစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရက တော်လှန်ရေးအစိုးရဖြစ်တာနဲ့အညီ တော်လှန်ရေးအရွေ့အတွက် ပိုပြီးအားကောင်းအောင် အဖြေထုတ်တဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ကို ပိုမိုပြီး ယုံကြည်မှုရှိတယ်ဆိုရင်တော့ ပိုကောင်းတယ်လို့ပဲ ကျွန်တော်တို့က မှတ်ချက်ပြုချင်ပါတယ်။

မေး – လက်ရှိ စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးက ဘယ်လိုမျိုးပါလဲ။ ဖိုရမ်ကနေ စစ်ကိုင်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေးကို ဘယ်လိုရှုမြင်သုံးသပ်ကြပါလဲ။

ဖြေ – ပထမအကြိမ်ဖိုရမ်ကတော့ တိုင်းအတွင်းရဲ့ နိုင်ငံရေးကဏ္ဍမှာဆိုလည်း ဘာတွေ လိုအပ်နေလဲပေါ့ဗျာ။ နောက်တစ်ခုက တိုင်းအတွင်းရဲ့ အရေးတကြီးဆောင်ရွက်ရမယ့် ရှေ့ဆက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဥ်တွေပေါ့ဗျာ။ အသွင်ကူးပြောင်းရေးအစီအမံတွေ ကြိုပြီး ရေးထားဖို့တွေ၊ ဒေသတွင်း တော်လှန်ရေးတပ်တွေ ပိုအားကောင်းဖို့၊ ပိုစုစည်းနိုင်ဖို့ရယ် ဒီတပ်တွေ စပြီး သဘောထားစပြီး စုစည်းတာဆိုတော့ ဒီသဘောထားစုစည်းထားတဲ့အချက်တွေအပေါ်မူတည်ပြီး အားလုံးကြားထဲမှာ ဘုံသဘောတူတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်ဆိုရင်တော့ နိုင်ငံရေး၊ စစ်ရေး အရွေ့က ပိုပြီးတော့ ကောင်းသွားမယ်။ တိုင်းအတွင်းမှာရှိတဲ့ တကွဲတပြားဖြစ်နေတဲ့၊ ပြန့်ကျဲနေတဲ့ ကျွန်တော်တို့အဖွဲ့တွေ ပြန်ပြီး စုစည်းနိုင်မယ်လို့ ကျွန်တော်တို့က မြင်တယ်ပေါ့ဗျာ။

မေး – တော်လှန်ရေးက ၂ နှစ်ကျော်ကာလထဲ ရောက်လာပြီဆိုတော့ တော်လှန်ရေးက ငြိမ်နေတယ် သို့မဟုတ် တော်လှန်ရေးအပေါ် အားမလို အားမရဖြစ်တာတွေလည်း ရှိလာတယ်။ လူထုက ငြိမ်သွားပြီလား၊ သွေးအေးသွားပြီလားပေါ့။ စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ – ပြည်သူလူထုဘက်က ကြည့်ရင် စစ်ကိုင်းတိုင်း ပြည်သူလူထုက ဖောင်ဖျက်ပြီးသွားပြီ။ တော်တော်များများကျေးရွာတွေက အိုးအိမ်တွေလည်း မရှိတော့ဘူး။ ပြည်သူလူထုရဲ့ မျက်စိရှေ့မှာပဲ ပြည်သူလူထုကိုယ်တိုင်ရော၊ တော်လှန်ရေးရဲဘော်တွေရော၊ သူတို့ သားသမီးတွေရော မတရားသတ်ဖြတ်ခံရတာ ရက်ရက်စက်စက် ဖိနှိပ်ခံရတာတွေ ကြုံတွေ့ခဲ့ရတယ်။ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီစစ်ကိုင်းတိုင်းပြည်သူလူထုနဲ့ စစ်ကောင်စီကြားထဲကတော့ ဘယ်လိုမှ ပြေလည်သွားနိုင်စရာအကြောင်းမရှိဘူး။ အဲဒီအတွက် စစ်ကိုင်းတိုင်းပြည်သူလူထုက ဖောင်ဖျက်ပြီးသားဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကို မဖြစ် ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ဖို့ပဲရှိတော့တယ်။ ဒီလိုပဲ စစ်ကိုင်းတိုင်းထဲက ပြည်သူလူထုက အဲဒီလို လက်ခံထားတာနဲ့အညီ ကျွန်တော်တို့ တိုင်းထဲက ပြည်သူလူထုက အခုအချိန်အထိ သွေးမအေးဘဲနဲ့ ကျတဲ့ကဏ္ဍအပေါ်မှာ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နေဆဲဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခုက ကျန်တဲ့ ဒေသက ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးဖြစ်စဥ်တွေက ရှေ့က ပိုပိုပြီးရွေ့လာတယ်။ ၂၀၂၂ ခုနှစ်ကနဲ့စာရင် ဒီနှစ်ထဲမှာ စစ်ရေးအရွေ့တွေက သိသိသာသာဖြစ်လာတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က အားမလိုအားမရဖြစ်တဲ့သူတွေလည်း ရှိမယ်။ တချို့ကတော့ ဒီတော်လှန်ရေးအရွေ့အပေါ်မှာ သေသေချာချာသုံးသပ်ပြီးတော့ တော်လှန်ရေးဟာ အောင်နိုင်ခြေရှိတဲ့ တော်လှန်ရေးဖြစ်တာမို့ စိတ်ပျက်အားလျော့ခြင်းမရှိဘဲနဲ့ ကဏ္ဍပေါင်းစုံမှာ ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ ကျွန်တော်တို့က ဆော်သြချင်ပါတယ်။

မေး – ဒုတိယအကြိမ်စစ်ကိုင်းဖိုရမ် ကျင်းပဖို့ အတည်ပြုဆွေးနွေးခဲ့ကြတယ်ဆိုတော့ ဘယ်တော့လောက် ဖြစ်မလဲဗျ။

ဖြေ – ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်က လာမယ့် ၂ လ၊ ၃ အတွင်းမှာတော့ မဖြစ်ဖြစ်အောင်ကြိုးစားသွားဖို့ရှိပါတယ်။ နိုင်ငံရေး၊ စစ်ရေးအခြေအနေအပေါ် မူတည်ပြီး ဘယ်လဆိုတာတော့ ကျွန်တော်တို့ တိတိကျကျမထွက်ရှိသေးဘူးဗျ။

မေး – ဘာများ ထပ်ဖြည့်သတင်းစကားပါးလိုပါလဲ။

ဖြေ – စစ်ကိိုင်းဖိုရမ်ကျင်းပပြုလုပ်တဲ့အပေါ်မှာ ပြည်သူလူထုအနေနဲ့ရော ကျန်တဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော စိုးရိမ်ပူပန်စိတ်တွေ အရမ်းကြီး မများဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက စစ်ကိုင်းတိုင်းအတွင်းမှာ အစုအဖွဲ့တွေ အများကြီးဖြစ်နေတယ်ဆိုတာ အားလုံးလည်း အသိ၊ လက်ရှိမြေပြင်မှာလည်း အရှိတရားပဲ ဖြစ်ပါတယ်။ အဲဒီအရှိတရား မြေပြင်မှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်နိုင်ဖို့ ကြိုးစားဆောင်ရွက်တဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ်ဆိုရင် တော်လှန်ရေးက ပိုပြီးတော့ ရွေ့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရော ကျန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရော ပြည်သူလူထုအနေနဲ့ရော စစ်ကိုင်းဖိုရမ်ကနေပြီးတော့ ပိုကောင်းမွန်တဲ့ အရွေ့တွေ ရောက်ရှိအောင် ကြိုးစားအဖြေရှာတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် ဒီပလက်ဖောင်းကို အားပေးဖို့အတွက်ပဲ ကျွန်တော်တို့က ပြောချင်ပါတယ်ဗျ။

ကျေးဇူးတင်ပါတယ်။