Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အရင်က သေမယ်ဆိုရင် စစ်သားတွေ သေတာများတယ်။အခုကတော့ သေလိုက်ရင် ဗိုလ်တွေ၊ ဗိုလ်မှူးတွေ တပ်ရင်းမှူးတွေ အကုန်သေတာပဲ”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ၊ စစ်ရေးအရ တိုက်ခိုက်ရာမှာ ဦးဆောင်ပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေးဆိုင်ရာ သဘောထားရပ်တည်ချက်တွေနဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်ထိ ခရီးရောက်နေပြီလဲဆိုတာတွေကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

KNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး
KNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး

▪︎KNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့​မေးမြန်းခန်း(အပိုင်း -၁)

​မေး-အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိ အချိန်ထိ KNU နယ်မြေ​တွေမှာ စစ်ရေး အခြေအနေတွေကို ရှင်းပြ သုံးသပ်ပေးပါလား။

​ဖြေ- KNU နယ်မြေမှာ စစ်ရေးအခြေအနေပေါ့နော်။ စစ်ရေးအားသာချက်ရယ်စစ်ရေးနဲ့ပတ်သက်ပြီး နယ်မြေ စိုးမိုးနိုင်မှု အခြေအနေကို ပြောရမယ်ဆိုရင် တော့ အဲဒါကတော့ တခြားလူတွေပြောတာမဟုတ်ဘူး စစ်ခေါင်းဆောင် ကိုယ်တိုင်က ထုတ်ဖော်ပြောထားတာရှိတယ်လေ။ သူတို့ စစ်အာဏာသိမ်းပြီးတဲ့ နှစ်နှစ်ပြည့်တဲ့အချိန်မှာ စစ်အုပ်ချုပ်ရေးတွေချလာတယ် မာရှယ်လောတေါ ချလာတယ်ဆိုတာမှာ ကျနော်တို့ တွေ့ရတယ်။ မြို့နယ်ပေါင်း တော်တော်များများကို သူတို့ ကြေညာလိုက်တာ။ အဲဒါကို ထုတ်ဖော်ပစ်လိုက်တာပဲ။ ကျ‌နော်တို့ ဘက်မှာကတော့ မှတ်မှတ်ရရ မြို့နယ် ၃ခုလောက်ပဲ သူတို့ကြေညာသွားတာ။ ကြာအင်းဆိပ်ကြီး မြို့နယ်ရယ် ကော့ကရိတ်ရယ် နောက်ပြီး ထန်းတပင်ရယ်။ အဲဒီ သုံးမြို့နယ်ပဲ ကြေညာသွားတယ်ဆိုပေမယ့် အမှန်မှန်ကတော့ ကျနော်တို့ နယ်မြေထဲမှာ သူတို့ လုံး၀ လက်လွှတ်ရတဲ့ နယ်မြေက အကုန်လုံးပါပဲ ပြောရမယ်ဆိုရင်။ ဘာဖြစ်လို့လည်းဆိုရင် ကျေးလက်ဘက်မှာ သူတို့ အုပ်ချုပ်ရေးတွေ ပျက်ပြားကုန်တယ်။ မြို့ပေါ်ကွက်ကွက်လေးလောက်ပဲ ကျန်တယ်။ မြို့ပေါ်ဆိုရင်တော့ အခုနောက်ပိုင်း သူတို့ စစ်အာဏာသိမ်းပြီး နှစ်နှစ် ၊ နောက်ပြီးတော့ ခြောက်လတိုးလိုက်တယ်။ ခြောက်လတိုးတာ ပြည့်တဲ့ ၂၀၂၃ ဇူလိုင်လကုန်မှာ ထပ်ပြီးတော့ ခြောက်လထပ်တိုးတဲ့လိုက်တဲ့အချိန်မှာ မြို့တော်တော်များများ အုပ်ချုပ်ရေး ပျက်ပြားကုန်တယ်။ ဥပမာ ဖာပွန်လိုမျိုး၊ ဥပမာ ဘုရားသုံးဆူလိုမျိုးမှာ အုပ်ချုပ်ရေးတွေ ပျက်ပြားကုန်တယ်။ ဆိုတော့ တခြားမြို့နယ်တွေလည်း ဒီအတိုင်းပါပဲ။ သိပ်ပြီးတော့လက်တွေ့ မအုပ်ချုပ်နိုင်တဲ့ အပိုင်းတွေ အများကြီးရှိလာတယ်လေ။

ဆိုလိုတာက နယ်မြေဆုံးရှုံးမှု အပိုင်းက တော်တော်များတယ်။ ကျနော်တို့ ဘက်က ပြန်ပြီးတော့ ပြောမယ်ဆိုရင် စစ်ရေးလှုပ်ရှားမှုအပိုင်းကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ရက်နေ့မှာ စစ်ဘက်ဆိုင်ရာ ဘက်က အထူးသဖြင့် စစ်ဦးစီးမှူး ပထမတန်း ကိုယ်တိုင် ထုတ်ပြောတာရှိတယ်လေ။ ကျနော်တို့ တပ်တွေရဲ့ အခြေအနေက ဟိုးမြောက်ပိုင်း တောင်ငူ – ပျဉ်းမနားနယ်စပ် ဟိုးမြောက်ပိုင်းကနေ တောင်ဘက်ကို ဆင်းချလာပြီးတော့ တောင်ဘက်စွန်းဆို ဘုတ်ပြင်း။ တနင်္သာရီ ဒေသပေါ့နော်။ အဲဒီအထိ ကျနော်တို့ ကောင်းကောင်း စိုးမိုးနိုင်တဲံ အနေအထားရှိတယ်။ တိုက်ပွဲတွေ ဖော်တဲ့အခါလည်း သိတဲ့အတိုင်းပဲပေါ့လေ။ တောင်ငူဘက်ခြမ်းမှာ တောင်ငူမြောက်ပိုင်း ပျဉ်းမနား အစပ်တွေ တိုက်ပွဲတွေ ဖော်နိုင်တယ်။ နောက်ပြီးတော့ ပဲခူးတိုင်းထဲမှာဆိုရင် တပ်မဟာ(၃)ဂွင်ဆိုရင် ပိုပြီးတော့ ရှင်းတယ်။ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတင်မကဘူး စစ်တောင်းမြစ် အနောက်ဘက် ကမ်းမှာရှိတဲ့နယ်မြေဒေသမှာရှိတဲ့ ညောင်လေးပင်တို့ ကျောက်တံခါးတို့ဘက်မှာ တိုက်ပွဲတွေ လည်း အကြိမ်ပေါင်းအများကြီး ဖြစ်ခဲ့ပြီသူတို့ ဘယ်လိုမှ မချေမှုန်းနိုင်ဘူး။

ကျနော်လည်း ပြောခဲ့တာရှိတာပဲ။ ပဲခူးရိုးမဆိုတာကျနော်တို့ ကြိုးစားခဲ့တယ်။ ၁၉၈၃ ခုနှစ်ထဲမှာ။ ကျနော်တို့ အကြီးအကျယ် ကြိုးစားခဲ့တယ်ပိတ်ဆို့ခံရတယ်။ အခြေမချနိုင်ခဲ့ဘူး။ဒါပေမဲ့ ဒီနေ့ဒီအခါမှာကတော့ကျနော်တို့ကို ပိတ်ဆို့ဖို့ နေနေသာသာ ဖြစ်လာတဲ့ တိုက်ပွဲတွေက အလူးအလဲပဲ ခံနေရတယ်ဆိုတာ ကျနော်တို့ မြင်နေရတယ်။ အောက်ဘက်ကို ဆင်းလာရင် တပ်မဟာ(၁)ပေါ့နော်။ အဲဒီ ရန်ကုန်-မော်လမြိုင်ကာလမ်း။ ရန်ကုန်- မော်လမြိုင်ကားလမ်းမှာ စစ်အာဏာမသိမ်းခင်တိုက်ပွဲတွေဖြစ်ရင် ကျနော်တို့ တောပိုင်းတွေမှာ ဖြစ်တာများတယ်။ ဒီနေ့ ဒီကာလမှာ ရန်ကုန် -မော်လမြိုင်ကားလမ်း အထူးသဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထို-ဘီးလင်း-သထုံ ကြည့်လိုက်ရင် တိုက်ပွဲဖြစ်လိုက်ရင် ကားလမ်းမပေါ် တွေ့နေရတယ်ဆိုတာ ဒါ ဘာဖော်ပြလဲဆို ကျနော်တို့ကောင်းကောင်းမွန်မွန် စိုးမိုးနိုင်ပြီဆိုတာပြောလို့ရတယ်။ ဟိုးတောင်ပိုင်း ပြန်ဆင်းလာတဲ့အခါ မော်လမြိုင်နဲ့ ရေး-ထားဝယ် ကားလမ်းတလျှောက် အဲဒါကတော့ အမှတ်(၈) ပြည်ထောင်စုကားလမ်းဆိုကျနော်တို့တပ်ဖွဲ့တွေ ကိုယ်တိုင်လမ်းမပေါ် တက်ပြီးစစ်ဆေးရေးတွေ လုပ်နေတာ အကြိမ်ပေါင်း အရေအတွက် မဖော်ပြနိုင်လောက်အောင်ပဲ။ ဒီဟာတွေကို ကြည့်လိုက်ရင်ရှင်းနေတာပဲလေ။ သူတို့ နယ်မြေ တော်တော်လေး စွန့်လွှတ်လိုက်ရတဲ့ အနေအထားမှာရှိတယ်။ သူတို့ မကြေညာတာ မပြောရုံတမယ်ပဲရှိတယ်။ လက်တွေ့မှာ လူတွေ ကောင်းကောင်းသိပါတယ်။ ဒါဆိုရင်တော့ နှစ်နှစ်ကျော်အတွင်းမှာ သူတို့ အခြေအနေက အဲဒီလိုရှိနေပါတယ်။

Public Service Announcement

Public Service Announcement

​မေး- မြ၀တီမြို့အနီး လက်ခက်တောင်တိုက်ပွဲမှာKNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကထိခိုက်ကျဆုံးမှု နည်းနည်းနဲ့ ​စခန်း​တွေသိမ်းနိုင်ခဲ့တဲ့အပေါ် ခြုံငုံသုံးသပ်ရင် ဘယ်လို တွေ့ရပါသလဲ။

​ဖြေ- ဒီမြ၀တီမြို့နားက လက်ခတ်တောင်စခန်းဆိုတာကလည်း ဒါက မြ၀တီမြို့ကို အပေါ်စီးကနေ အားလုံးမြင်နေရတာပဲလေ။ ဗျူဟာလည်းအရမ်းကျတယ်။ အဲဒါ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်နေ့မှာ ကျနော်တို့တပ်ဖွဲ့တွေ သိမ်းလိုက်ခဲ့တယ်။ အဲဒီအပေါ်မှာ ပြန်ရလိုတဲ့ဇောနဲ့ပဲ ပြန်ပြီး ထိုးစစ်ဆင်လာတာ ဘယ်နှစ်ခါလောက်ဆိုတာ မမှတ်မိတော့ဘူး။ တစ်ခါပြီးတစ်ခါပဲလေ။လက်နက်ကြီး အလုံးအရင်းနဲ့ သုံးပြီးတော့ ဒီဟာတွေဖြစ်နေတယ် အထူးသဖြင့်နောက်ဆုံးအကြိမ် ဩဂုတ်လ ၁၅ရက်ပေါ့ နော်။ မနက် ၄နာရီခွဲ ၅နာရီကစပြီး လက်နက်ကြီး မျိုးစုံ အသံတွေက စုံနေတာပဲ။ အဲဒီမှာတဂျိမ်းဂျိမ်းနဲ့မိုးရွာသလိုရွာချလိုက်တာ တစ်နေ့လုံးပဲ။မနက် ၄နာရီခွဲကနေ၉နာရီအထိဆို လုံး၀မစဲဘူးတစ်လုံးပြီးတ စ်လုံး ဆက်တိုက်လိုပစ်နေတာ။ အဲဒီနောက်ပိုင်းနည်းနည်းစဲသွားတယ်ဒါပေမဲ့ မရပ်ဘူး။ညနေပိုင်းအထိတောင် လက်နက်ကြီးတွေကျတယ်။ ဒါပေမဲ့ကျနော်တို့ပြန်ပြီးသိလိုက်ရတဲ့ အခြေအနေက အလဲလဲ အကွဲကွဲနဲ့ပဲ သူ့တပ်တွေက အလောင်းချင်းထပ်နေတယ်ဆိုတာကျနော်တို့သိရတယ်။အဲဒီနောက်ပိုင်း ဆုံးရှုံးမှုတွေ တော်တော်များတဲ့အပေါ်မှာ အခုတော့ မနေ့တုန်းကပဲ ဩဂုတ်လ ၁၈ရက်က တိုက်လေယာဉ်နဲ့ သုံးခါလောက်လာဗုံးကြဲသေးတယ်။ဒါပေမဲ့ ဘာမှ မဖြစ်လိုက်ဘူး။ ဩဂုတ်လ ၁၅ရက်ပွဲကဆိုရင်တော့ လက်နက်ကြီးပစ်တယ်ဆိုတာမျိုးစုံပဲလေ။၁၂၀တို့၊ ၁၀၅ တို့အမြောက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်တယ်တချိန်တည်းမှာကားတွေပေါ်ကနေပစ်တာလည်းရှိတယ်။တိုက်လေယာဉ်နဲ့ သုံးကြိမ်လောက်လာပြီးဗုံးကြဲတယ် တိုက်ခိုက်တယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အစုံပဲ။ဒါပေမဲ့ သူတို့ အလဲလဲ အကွဲကွဲပြန်ဖြစ်သွားတယ်။ နောက်ထပ် ဘယ်လိုဖြစ်အုံးမလဲဆိုတာသေချာတော့ ပြောလို့မရဘူး ဒါပေမဲ့သူတို့ကတော့လူကို(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို) တန်ဖိုးမထားတဲ့အပေါ်မှာ လူတွေ သေသွားရင် သေပါစေ တောင်လိုပုံနေပါစေ သူတို့ ဆက်လုပ်အုံးမယ်ဆိုတာ မြင်နေရတယ်။

မေး-ကရင်နီပြည်နယ် မယ်စဲ့တိုက်ပွဲမှာဆိုရင်လည်း ကရင်နီတပ်တွေနဲ့အတူ KNU တပ်တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်။တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပူးပေါင်း တိုက်ခိုက်ခဲ့မှုကို ရှင်းပြပေးပါလား။ ရှေ့တိုက်ပွဲတွေမှာရော ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ မြင်ရဖို့ရှိပါသလား။

​ဖြေ-ဟုတ်ပါတယ်ခင်ဗျာ။ ကရင်နီပြည်မှာ ဖြစ်ခဲ့တဲ့မယ်စဲ့တိုက်ပွဲမှာဆိုရင် ကျနော်တို့ KNLA တပ်ဖွဲ့တွေ ပါတယ်ဆိုတာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် ဒါကလည်း သိပ်ပြီးတော့ အထူးအဆန်းမဟုတ်ဘူး။ကျနော်တို့ရဲ့ နယ်မြေချင်းထိစပ်မှုအရရော တော်လှန်ရေးအရရော တော်လှန်ရေးစတင်ကတည်းက အတူတူပဲ တိုက်လာခဲ့တဲ့ အဖွဲ့တွေ ပဲလေ။ မျိုးနွယ်စုအရရော မိသားစုလိုဖြစ်နေတဲ့အခါကျတော့ ဒီလိုဆက်စပ်တဲ့နယ်မြေ အထူးသဖြင့်ဒီနယ်မြေ ပြောရမယ်ဆိုရင် တပ်မဟာ(၂)နဲ့ တပ်မဟာ(၅) က ကရင်နီနဲ့စပ်ဆက်တဲ့ နယ်မြေဖြစ်တယ်လေ။ အဲဒီလို တွဲပြီးတော့ တိုက်တဲ့ဟာကလည်း အစဉ်အလာရှိခဲ့ဖူးတဲ့အခါကျတော့ အဲဒါတွေကလည်း သိပ်တော့ မဆန်းဘူး။ ဒါပေမဲ့ ဒီလိုပွဲမျိုးမှာကတော့ ကောင်းတာက ပြည်သူလူထုကိုယ်တိုင်က အဲဒီလို တွဲပြီးတိုက်တယ်ဆိုတာ ပိုပြီးတော့ သိလာတယ် ပိုပြီး အာရုံစိုက်မှုတွေအများကြီးရလာတယ်။ ဖြစ်နိုင်တာက ရှေ့ဆက်ဆိုရင် ဒီလိုမျိုးပူးတွဲတိုက်တဲ့ဟာက ပို‌ပြီးတော့ များလာမယ်ဆိုတာ ခန့်မှန်းလို့တော့ရပါတယ်။ဘယ်လိုရှိမလဲဆိုတာ ရှေ့ဆက်ကြည့်ရတာပေါ့။

​မေး- KNU တပ်မဟာ(၁)နဲ့ တပ်မဟာ(၃)မှာ စစ်ကောင်စီ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး KNU ပူးပေါင်းတပ်က တံတားတွေကို တိုက်ခိုက်နေတာမျိုးတွေ့ရပါတယ် ဘီးလင်းတို့ နတ်သံကွင်းတို့ပေါ့။ ဒီလို စစ်ကူဖြတ်တောက်မှုတွေက ရှေ့မှာ စစ်ရေးအရှိန်မြှင့်လာနိုင်တာတွေနဲ့ သက်ဆိုင်ပါသလား ။

ဖြေ-တပ်မဟာ(၁)နဲ့ တပ်မဟာ(၃)မှာ တွေ့နေရတဲ့ဟာက သိသိသာသာ ပေါ့ ။ အထူးသဖြင့်ထောက်ပို့ လမ်းကြောင်းကိုဖြတ်တောက်ပစ်လိုက်တာက ကျနော်တို့ တပ်ဘက်ကတော့ ၂၀၂၂-၂၀၂၃မှာပဲ လုပ်သွားတဲ့ဟာ အထူးသဖြင့် ဘီးလင်းနဲ့ နတ်သံကွင်းတံတားလိုဟာပေါ့နော်။ အဲဒါတွေက အရေးပါတဲ့ လမ်းတံတားတွေဖြစ်တယ်။ အထူးသဖြင့် ထောက်ဖို့ လမ်းကြောင်းတွေဖြစ်တယ်။ ဒီထောက်ပို့လမ်းကြောင်းတွေက ပဲ ကျနော်တို့ ပြည်သူလူထုကိုလာပြီးတော့နှိပ်စက်တဲ့လမ်းကြောင်းတွေ ဖြစ်တယ်ဆိုတာရဲရဲကြီး ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲမှာ သူတို့ အခံရချည်းပဲ ဖြစ်နေတဲ့အခါကျတော့ လူထုအပေါ်မှာပဲ အဲဒီမှာ လက်နက်ကြီး လက်နက်ငယ် သယ်ချလာပြီးတော့ ကျနော်တို့ လူထုတွေဆီကို အဲဒီလက်နက်ကြီးတွေနဲ့ ကြဲချနေတာပဲလေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီလမ်းကြောင်းတွေ လုံး၀ ဖျက်ဆီးပစ်ဖို့ဆိုတာ အင်မတန်အရေးကြီးတဲ့ အချက်အလက်ဖြစ်တယ်။ နောက် ကျနော်တို့ စစ်ဆင်ရေးလုပ်မယ် မလုပ်ဘူးဆိုတာကတော့ ဒါက စစ်ဘက်ဆိုင်ရာ စီမံချက်နဲ့ပဲ ဆိုင်တယ်။ကျနော်တို့ ပြောစရာမလိုဘူး။ ဒါပေမဲ့ သေချာပြောနိုင်တာက ဒီလမ်းတံတားတွေရှိနေသရွေ့ကတော့ ကျနော်တို့ လူထုကို သူတို့လက်နက်ကြီးတွေနဲ့ ထပြီး သယ်လာပြီး ပစ်အုံးမယ်ဆိုတာ ကျနော်တို့က ဖျက်ရမှာပဲ။ လူထုကို ထိခိုက်စေချင်တဲ့ဆန္ဒနဲ့လုပ်တာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ လူထုကိုဒီလိုတမင်သပ်သပ်လက်နက်ကြီးသယ်ချလာပြီးတော့ လူထုအပေါ်ကိုပဲ သပ်သပ်နဲ့ ပစ်နေတဲ့ဟာ ရပ်တန့်ဖို့ ဒီလမ်းကြောင်းကို ဖျက်ဖို့ဟာဒါကတော့ လုပ်ရမှာပဲ။ ဒီနေရာတွေပဲမဟုတ်ဘူး တခြားနေရာလည်း လုပ်ရမှာပဲ။ တစ်ခုပဲ ကျန်တာ။ လေယာဉ်ပျံနဲ့ ဗုံးကြဲနေတဲ့ဟာကိုလည်း ကျနော်တို့ ဆက်လုပ်ရမှာရှိတာပေါ့နော်။

မေး-ဒီနှစ်အတွင်း စစ်ရှိန်မြှင့်မယ် တော်လှန်ရေးအတွက် အဖြေတစ်ခုရအောင် ဆောင်ရွက်မယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုတွေက ရည်မှန်းချက်ထားကြတာရှိတယ်။ KNU အနေနဲ့ရော စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မယ့် အစီအစဉ်တွေအတွက် သတင်းစကားပါးလိုတာရှိပါသလား။

ဖြေ-စစ်ရှိန်မြှင့်မယ် မမြှင့်ဘူးဆိုတာကတော့ ကျနော်တို့ ထူးထူးခြားခြားပြောစရာတော့ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်လုံးမှာ ဘာပဲ တွေ့နေရလဲဆိုတော့ ခုခံကာကွယ်စစ်နဲ့ပဲ သွားနေရတာလေ။ အဲဒီ ခုခံကာကွယ်စစ်ကနေ ခံစစ်ကနေ တဆင်ပြီးတစ်ဆင့်ပေါ့။ ဒါပေမဲ့ ကျနော်တို့ တောက်လျှောက်ပြောနေတာ ကျနော်တို့ တစ်သက်လုံးခံစစ်မလုပ်နိုင်ဘူး။ ဒီအောင်ပွဲခံနိုင်ဖို့အတွက် ခံစစ်ကနေ ကိုယ့်အင်အားတွေတည်ဆောက်မယ်။ အင်အားတွေမျှလာတဲ့အချိန်မှာ အဲဒီကနေတစ်ဆင့် ထိုးစစ်ဆင်မယ်။ ထိုးစစ်ဆင်ပြီးနောက်ဆုံး မှာ ကျနော်တို့အပြီးသတ်တိုက်ပွဲ ဆင်နွှဲမယ်ဆိုတာ ဒါ ကျနော်ကိုယ်တိုင် ပြောတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ရက်နေ့က ကျနော်တို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကနေပြီးတော့ အတိအလင်းဖော်ပြသွားတာရှိတယ်။ ဒီလိုပဲပြောနေပါတယ်။ နောက်ဆုံးကျတော့ အပြီးသတ်တိုက်ပွဲဆင်နွှဲရမှာ ဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်မှုတွေ အများကြီးလိုအပ်တယ်။ အချိန်တွေ လိုအပ်တယ်။ နေ့ချင်းညချင်းတော့ မဖြစ်လာနိုင်ဘူး။ဆိုတော့ကျနော်တို့သတင်းစကား ပြောနိုင်တာကတော့ ဒါတွေက မဖြစ်ပါဘူးဗျာ မင်းတို့က ဒီလိုပဲတောက်လျှောက် ပဲ လုပ်နေမှာပါ။တခါမှလည်း မြို့သိမ်းတာတွေ မရှိဘူးဆိုပြီးတာ ဒီဟာတွေက အခုပြောနေရမယ့်အချိန်မဟုတ်ဘူး ။ကျနော်တို့ တပ်တွေက လေနဲ့ ပြောနေတာ မဟုတ်ဘူး ။ တကယ့်လက်တွေ့ ပြနေပြီ။ပဲခူးတိုင်းဆိုရင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကနေအနောက်ဘက်ကမ်းကိုကောင်းကောင်းကြီးလှုပ်ရှားနိုင်‌ပြီဆိုတာ တွေ့ရနေတယ်။ဒါက ရန်ကုန်- မန္တလေး လမ်းမပေါ်မှာနော်။ ရန်ကုန်နဲ့ သိပ်ဝေးတော့တာ မဟုတ်ဘူး။ရှင်းရှင်းလင်းပဲ ။ဆိုတော့ ရန်ကုန် – မန္တလေးလမ်းဆိုတာရန်ကုန် – နေပြည်တော် အဲဒီဟာနဲ့တကြောထဲ တောက်လျှောက်ပဲလေ။ နောက်ပြီးတော့ နေပြည်တော်ဆိုတာ ဘာနဲ့နီးလဲ ပဲခူးရိုးမနဲ့နီးတယ်။ အဲဒါတွေက ကျနော်တို့သိပ်ပြီးပြောစရာမလိုဘူး။ဆင့်ကဲ ဆင့်ကဲလာမယ်။တရွေ့ရွေ့နဲ့လုပ်မှာ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာ စစ်ဘက်ဆိုင်ရာကူညီထောက်ပံ့မှုဆိုတာဘယ်နိုင်ငံကမှ ပေးတာမဟုတ်ဘူး။ လူထုအားနဲ့ ပဲ တဖြေးဖြေးရွေ့သွားရမှာပဲ ဖြစ်တယ်။ ဒါပေမဲ့ လျှော့တွက်လို့တော့မရဘူး။ ကျနော်တို့ လုပ်စရာရှိတာ လုပ်မှာပဲ။

​မေး- KNU နယ်မြေအပြင် ကချင်၊ ကရင်နီ ၊ ချင်း၊ စစ်ကိုင်း ၊ မကွေး စတဲ့ ဒေသအနှံ့မှာ စစ်ကောင်စီတပ် စစ်မျက်နှာဖွင့်ထားရတဲ့ အခြေအနေမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစွမ်းရည်အပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ-စစ်ကောင်စီဘက်ကနေပြီးတော့ နယ်မြေဒေသ အနှံ့မှာ အထူးသဖြင့် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း ၊ မကွေး၊ စစ်ကိုင်း အစရှိသည်အားဖြင့် နယ်ပယ်အသီးသီးမှာ စစ်မျက်နှာ အသီးသီးမှာ စစ်မျက်နှာဖွင့်နေရတယ်။ သူ့ရဲ့ရှိတဲ့ တပ်အင်အားနဲ့၊ ထားပါတော့ဗျာတစ်သိန်း၊တစ်သိန်းလည်းကျော်ရင်ကျော်မယ်လက်ရှိ အနေအထားနဲ့ ဒါ ပကတိ အနေအထားပဲ။ သူ့လေးသိန်း(အင်အားလေးသိန်း)ပဲ ပြောပြော သုံးသိန်းပဲပြောပြော ဒါကတော့ ဖြစ်နိုင်စရာ အကြောင်းကိုမရှိဘူး။ တစ်သိန်းတစ်သိန်းကျော်မယ်။ထားပါတော့။ အဲဒီ တစ်သိန်း(စစ်ကောင်စီတပ်အင်အား)နဲ့ ဒီစစ်မြေပြင်ကိုလှည့်ပတ်ပြီး တိုက်နေရပြီဆိုရင်ဒီတပ်ဖွဲ့တွေရဲ့ အနေအထားက ဘယ်လိုနေမလဲဆိုတာ ကျနော်တို့ကောင်းကောင်းခန့်မှန်းလို့ ရတယ်။ ကျနော်တို့နယ်မြေထဲမှာတောင် ၂၀၁၉ ကတည်းက ရှိထားတဲ့ တပ်တွေတောင် သူတို့ တပ်လုံး၀ လဲလှယ်ခွင့်မရှိဘူးဗျ။ တစ်ခါတည်းဆက်တိုက် လေးနှစ်လုံးလုံးမရွေ့တမ်း ဒီလိုပဲ သွားရတဲ့ တပ်တွေအများကြီးရှိတယ်။ ဆိုတော့တပ်ဖွဲ့ဝင် အသစ်ပြန်ဝင်လာဖို့ဆိုရင် အခြေအနေက အဲဒီလိုရှိနေတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ရေးရာမှာ လဲပြိုကုန်ပြီလေ။ မပြိုလို့လည်းမရဘူး။ဘာလို့လည်းဆိုရင် ဒီလောက်တောင် အသေအပျောက်တွေ တော်တော်များတာ။ ကျနော်တို့ နှိုင်းယှဉ်ချက်အရ ကျနော်တို့အပစ်အခတ်ရပ်စဲရေးမလုပ်ခင်နဲ့ ၂၀၁၂နဲ့ ဒီဘက်ပိုင်း အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ၁၀နှစ်အတွင်း ၂၀၂၁ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ သူတို့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျရှုံးတဲ့ နှုန်းတွေက အရမ်းသိသာတယ်။တပ်ဖွဲ့တွေရဲ့ အရည်အချင်းရော စိတ်ဓာတ်ရေးရာရော လုံး၀ မဆိုင်တော့ဘူး။ ဖြစ်လိုက်ပြီဆိုရင် သေတာက အလဲလဲ အပြိုပြိုပဲ။ အဲဒီလိုမျိုးတွေ။ အရင်က သေမယ်ဆိုရင် စစ်သားတွေ သေတာများတယ်။အခုကတော့ သေလိုက်ရင် ဗိုလ်တွေ၊ ဗိုလ်မှူးတွေ တပ်ရင်းမှူးတွေ အကုန်သေတာပဲ။ ဘယ်လိုဖြစ်နေတာလဲတော့ မသိဘူး အရည်အချင်းက ဘာမှ မဆိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ တောက်လျှောက်ဖြစ်နေတယ်။ စစ်သားသစ်မှာ ပြဿနာရှိတယ်ဆိုတာ ကျနော် တို့ကောင်းကောင်းသိတယ်။အရင်က စစ်သားသစ်လာဖို့ဆိုရင် အဲဒီအညာဒေသမှာ စစ်သားက အများဆုံးဖြစ်တယ်။ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ အညာဒေသကိုမီးရှို့ပစ်လိုက်တာ အိမ်ခြေပေါင်း ၇ သောင်းကျော်။ ဒီလောက်ထိရှို့နေမှတော့ အဲဒီဒေသက ဘယ်သူက စစ်သားသွားလုပ်အုံးမှာလည်း။ ရှင်းရှင်းလင်းလင်း ပဲ။ အဲဒါကြောင့် အဲဒီလိုလုပ်တဲ့အပေါ်မှာကျနော်တို့ ပြည်သူလူထုကို ရန်မူတယ်။ ဗုံးကြဲတယ်။ မီးရှို့သတ်ဖြတ်တာလုပ်တယ်။အဲဒါအပြင် သူတို့ ခံရတဲ့အခါပေါင်းများလာတဲ့အခါ သူတို့ ဘာလုပ်လဲဆိုရင် သူတို့တပ်ဖွဲ့ထဲမှာ ပြန်ပြီး အရေးယူတာတွေ အများကြီး လုပ်လာတယ်။ တိုင်းမှူးတွေမနေရတော့ဘူး။ တပ်ရင်းမှူးတွေ မနေရတော့ဘူး။ စစ်ဆင်ရေးမှူးတွေမနေရတော့ဘူး။ဗျူဟာမှူးတွေ မနေရတော့ဘူး။ နောက်ဆုံး ထိဗျာ ကစထမှူးတောင်ရွှေ့ပစ်လိုက်တာပဲ။

ကျနော်ထင်တာတော့ဘာမှ မဆိုင်ဘူးဗျ။စစ်မြေပြင်မှာသေတာနဲ့ ကစထမှူးပြောင်းလိုက်တာနဲ့ သိပ်မပတ်သက်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့ အင်စတီကျူးရှင်းတစ်ခုလုံးပြိုကွဲနေပြီဆိုတာ အဲဒါကပြနေတာပဲ။ ကျနော်တို့ဘက်မှာတော့ စတုန်းက မီးကျိုးမောင်းပျက်နဲ့စတယ်။ သင်တန်းသေချာမရှိတဲ့အခါ ဖြစ်သလိုနဲ့ ဝေးဝါးနဲ့ တက်ရတဲ့အခါလည်းရှိတယ်။ စည်းမရှိ ကမ်းမရှိနဲ့ ဆိုရှယ်မီဒီယာကိုသုံးပြီးတော့ ဟိုလျှောက်တင်ဒီလျှောက်တင်နဲ့ အနေအထားကနေပြီးတော့ နှစ်နှစ်ကျော်ကာလအတွင်း အများကြီးစည်းကမ်းရှိလာပြီဆိုတာ ကျနော်ပြောရဲတယ်။ ဒါပေမဲ့ အလုံးစုံတော့ မဟုတ်ဘူး အများကြီး ထိန်းကွပ်ရမှာတော့ ရှိသေးတယ်။ ဒီထပ်ပိုပြီး ကြပ်မတ်သွားနိုင်ရင်တော့ နောက်ပြီး စနစ်တကျနဲ့ နည်းလမ်းပေါင်းစုံနဲ့ နောက်ပြီး နည်းပညာအရပေါ့။ ကျနော်တို့ ၂၀၁၂ မတိုင်ခင် အပစ်အခတ်ရပ်စဲရေး မလုပ်ခင်က တိုက်ပွဲတွေမှာဆိုရင် ကျနော်တို့နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဒရုန်းဆိုတာမရှိသေးဘူး။ အခု ဒီနေ့ ဒီကာလမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေမှာ ဒရုန်းတိုက်ပွဲဆိုတာရှိလာတယ်။ဒရုန်းတပ်ဖွဲ့ဆိုတာလည်း ရှိလာတယ်။ အဲဒီ နည်းပညာကကျနော်တို့က တော်တော်ကြီး ပိုပြီးတော့ ဆန်းသစ်လာအောင်လုပ်လာနိုင်မယ်ဆိုရင်ကျနော်တို့ဘက်က အများကြီး အားသာချက်ရှိတယ်။ ကျနော်တို့ဘက်ကလည်း စည်းလုံးညီညွတ်မှုလည်း ဆက်လက်ထူထောင်သွားရမယ်။ ဒါတောင်မှ ကျနော်တို့ ကချင်၊ကရင်၊ကရင်နီ၊ချင်း ဒီလောက်ပဲ ဗမာဒေသဆိုရင် မကွေး၊ စစ်ကိုင်း ဒီလောက်ပဲကျယ်ကျယ်ပြန့်ပြန့်ရှိသေးတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်လာပြီ နောက်ပြီး ရှမ်းပြည်အပါအဝင် အဲဒါတွေ အကုန်ပါလာပြီဆိုရင် သိပ်ပြီးတော့ ကြာမှာမဟုတ်ဘူးဗျ။

မေး-စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို သပ်လျှိုဖြိုခွဲဖို့ အစဉ်တစိုက်ကြိုးစားနေတာရှိတော့ အခု တော်လှန်ရေးတပ်တွေအကြား ပြဿနာအချို့က စစ်ကောင်စီရဲ့ စနစ်ကင်းမကင်း အပေါ် ဘယ်လိုမြင်ပါသလဲ။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခွင့်ပေးတယ်ဆိုတာမျိုး သတင်းထွက်လာတယ် အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်က PDF ၊NUG၊ CRPH တို့ကို မထောက်ခံဘူးဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီက ဝါဒဖြန့်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကိုထိုးခွဲဖို့ စည်းလုံးညီညွတ်မှု ပျက်ပြားဖို့ လုပ်တယ်ဆိုတာ သူတို့ တောက်လျှောက်လုပ်နေတာပဲလေ။ အခုလည်း လုပ်နေတာပဲ။ အဲဒါကြောင့် သူပြောမယ့်ဟာကို အာရုံလွှဲဖို့ ဆိုတဲ့ဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်သွားတဲ့အခါ မကြာသေးခင်ကပဲ နိုင်ငံရေး ဆွေးနွေးပွဲ အသံတွေ ပြန်ပြီးတော့ ညံလာတယ်။ ကျနော်တို့ကတော့ ရှင်းတယ်။ သူတို့က နိုင်ငံရေး ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးစကား ပြောလာပြီဆိုရင် ကျနော်တို့ သတိပြုရမှာက အဲဒီလို စကားပြောတာနဲ့ ကျနော်တို့ဘက်ကို စစ်ချီလာတာစစ်ထိုးလာတာ တောက်လျှောက်လုပ်တဲ့အပေါ်မှာ ယုံကြည်မှုက ဘယ်လောက်ထိမြင့်သလဲဆိုရင် အဲဒီလိုပြောလိုက်တာနဲ့ ကျနော်တို့က သေနတ်မောင်းတင်ပြီးတော့ လက်ကိုကွေးရမယ့် အနေအထား ရောက်ပြီဆိုတာကျနော်တို့သေသေချာချာ အမြဲတမ်းပြင်ထားတယ်။ ဘာဖြစ်လို့လည်းဆိုရင်ဒါက အတွေ့အကြုံအရ ရလာခဲ့တဲ့သင်ခန်းစာပဲလေ။ အဲဒါကြောင့် ဒီစကားတွေကို နဝေတိမ်တောင်နဲ့ သွားပြီးတော့ နားယောင်ဖို့ဆိုတာ ဘာမှ မရှိတော့ဘူး။ အဲဒါကြောင့်ပြောချင်တာက ထိုးခွဲတာတော့ထိုးခွဲမှာပဲ ဟိုနေရာပေးမယ် ဒီနေရာပေးမယ် မင်းဟာမင်းအုပ်ချုပ်နေ မင်းကြိုက်တာလုပ်လို့ရတယ် ဆိုတဲ့ အချိုးမျိုးနဲ့ ကျနော်တို့ကိုလာပြီး ညှိတာတွေ ရှိကောင်းရှိနေပေမယ့်လို့ ကျနော်တို့ မူဝါဒအရ ခိုင်မာပါတယ်။ အဲဒါကြောင့် ကျနော်ပြောချင်တာက သူထိုးခွဲရမှာ သူ့တာဝန် သူ့အလုပ် သူလုပ်မှာပဲ။ ကျနော်တို့ဘက်ကတော့ ကိုယ့်မူပေါ်လစီပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်တည်မယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်အာဏာရှင် စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆိုကျနော်တို့တိုက်ဖျက်ရမယ်ဆိုကတည်းကိုက ဒီမရိုးနိုင်တဲ့ မဲပြာပုဆိုးထပ်ထပ်ဝတ်နေတဲ့ အကျင့်ဆိုးတွေကို ကျနော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းကိုမရှိတော့တာ။ အဲဒါကြောင့်ဘာမှ ယုံမှားသံသယ အကြောင်းမရှိဘူး။ ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ အထူးသဖြင့် သူက လှည့်ကွက်တွေဖြစ်တဲ့ အစဉ်အဆက်ပဲ ဒီလို မျိုး နိုင်ငံရေး အကြပ်အတည်းဖြစ်ပေါ်လာပြီဆိုရင် နိုင်ငံရေးသမား အထူးသဖြင့် ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားကို တစ်ယောက်စ နှစ်ယောက်စ လွှတ်ပြီးတော့ ထွက်ပေါက်ရလိုရငြားနဲ့ ညှိတဲ့ဟာမျိုးတွေပေါ့။ အဲဒါ ထွက်ပေါက်ရှာတယ်။ အဲဒီလိုမျိုးကျ‌တော့ သူလုပ်လာမှာပဲ။မလုပ်ဘူးလို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဒီနည်းတွေက ရိုးနေပြီလေ။ ကျနော်တို့အတွက် ဘာမှ အဆန်းတကျယ်မဟုတ်ဘူး။ ဘာမှလည်း နဝေတိမ်တောင် ဖြစ်စရာမလိုဘူး။ ကျနော်တို့ လုပ်စရာရှိတာတစိုက်မတ်မတ် လုပ်သွားဖို့ပဲရှိတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောချင်တာက ဒါတွေက ကျနော်တို့ရင်ဆိုင်သွားနိုင်ပါတယ်။

မေး-NUCCနဲ့ NUGကလည်း ဒီလထဲမှာပဲ ပူးတွဲကြေညာချက်ထုတ်ထားတယ် ။ စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေမှု အဆုံးသတ်ဖို့နဲ့ စနစ်ကို ပြောင်းလဲဖို့ ဆိုတာက KNU ရဲ့သဘောထားနဲ့ တူနေတော့ ဒီအပေါ် ဘာပြောလိုသလဲ။

ဖြေ။ ။ အဲဒါက ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မှာ ကျနော်တို့ NUCC၊ NUGကနေ ထုတ်ပြန်ကြေညာချက်တွေ ထုတ်တယ်။ ဒီတိုင်းပြည်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လိမ်လည်လှည့်ဖျားတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုပဲ လာလာ ကျနော်တို့ ငြင်းပယ်တယ်ဆိုတာ ထုတ်ပြန်ကြေညာချက်မှာ ပါတယ်။ ကျနော်တို့ရဲ့ သဘောထားကလည်း အတူတူပါပဲ။ ခုနက ပြောသလိုပေါ့နော်။ နောက်ပြီးတော့ ပြောရမယ်ဆိုရင် ဒီတိုင်းပြည်ကို အပြောင်းအလဲ လုပ်တဲ့အခါ ပြီးခဲ့တဲ့ သမိုင်းတလျှောက်လုံးမှာ အစိုးရ အမျိုးမျိုး ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ပြောင်းလဲခဲ့တဲ့ အစိုးရ တိုင်း အစိုးရတိုင်းက ကျနော်တို့ မျှော်လင့်ပြီးတော့ နောက်ဆုံးကျတော့ တဝဲတလည်လည်နဲ့ပဲ ဒုံရင်းဒုံရင်း ပြန်ရောက်သွားတယ်။ အရပ်သား အစိုးရပဲ ပြောင်းပြောင်း၊ စစ်အာဏာရှင်စနစ်နဲ့ပဲ တစ်ခုပြီးတစ်ခု အာဏာသိမ်းလို့ပြောင်းသွားတာပဲ ဖြစ်ဖြစ်ကျနော်တို့မှာဘာမှ ထူးခြားမှုမရှိဘူး။အဲဒါကြောင့်မို့လို့ဒီတစ်ခါ အပြောင်းအလဲ လုပ်ပြီဆိုရင် ကျနော်တို့ ဘာဦးတည်ပြီး လုပ်ရမလဲဆိုတော့ အစိုးရ အပြောင်းအလဲ လုပ်ရုံတင်မကဘူး စနစ်ပါ တစ်ခါတည်းအပြီး အပိုင်ပြောင်းရမယ်။ လူရဲ့စိတ်နေစိတ်ထားတွေးခေါ်ပုံတွေ zာက်ပြီးတော့ အစဉ်အဆက်က ကြီးစိုးလာတဲ့ အတွေးအခေါ်တွေ ဒီအတွေးအခေါ်တွေကို ကျနော်တို့ ဆက်သယ်ဆောင်သွားလို့မရဘူး။ အကုန်လုံးဖျောက်ပြီးတော့စနစ်အသစ် စနစ်ကိုကောင်းကောင်းကြီးပြောင်းလဲပြီးတော့မှ ကျနော်တို့ သွားရမယ်။ အဲဒါမှပဲကျနော်တို့တိုင်းပြည်ကပြောင်းလဲမှု တစ်ခုကိုလုပ်နိုင်ပြီးတော့ ကျနော်တို့လူထုလိုချင်တဲ့အရာတွေကို ပေးနိုင်တော့မှာ ဖြစ်တယ်။ မဟုတ်ရင် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြောင်းတာပဲ အဖက်တင်မယ်။ ဒုံရင်းက ဒုံရင်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။

(ဒုတိယပိုင်းကိုဆက်လက်​ဖော်ပြပါမယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။