Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေဟာ တပ်​ပေါင်းစုနဲ့ ​အောင်ပွဲခံဖို့ အ​ကောင်အထည်​ဖော်​နေတာဖြစ်​ကြောင်း CNF/CNA​ပြော

ချင်းပြည်နယ်အတွင်း ပထမဆုံး မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု ဖြစ်တဲ့ ရိဒ်ခေါဒါရ်တိုက်ပွဲနဲ့ပတ်သက်ပီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ကိုနိုဝင်ဘာ ၁၄ ရက်မှာPeople’s Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

▪︎CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့မေးမြန်းခန်း

မြန်မာ- အိန္ဒိယနယ်စပ် ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါဒါရ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၃ရက်ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီ မြို့သိမ်းတိုက်ပွဲကို CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာငိုရမ်၊ ထန်တလန်မှ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။ ချင်းပြည်နယ်အတွင်း ပထမဆုံး မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု ဖြစ်တဲ့ ရိဒ်ခေါဒါရ်တိုက်ပွဲနဲ့ပတ်သက်ပီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ကိုနိုဝင်ဘာ ၁၄ ရက်မှာPeople’s Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေး။ ရိဒ်ခေါဒါရ်ကို CNA သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်း အတည်ပြုလို့ရပါသလား။

ဖြေ။ဟုတ်ကဲ့ အတည်ပြုလို့ရပါတယ်။ မနေ့က ညနေ ၅နာရီလောက်မှာ ရိဒ်ခေါဒါရ်တစ်မြို့လုံး ကိုထိန်းချုပ်ထားနိုင်တာပေါ့။

Public Service Announcement

Public Service Announcement

မေး။လက်ရှိ မြို့ပေါ်မှာ စစ်​ကောင်စီတပ်တွေရှိပါသေးလား။

ဖြေ။ အခုမြို့ပေါ်မှာတော့ စကစတွေတစ်ယောက်မှမရှိတော့ဘူး။ မြို့ထဲမှာ ရှိတဲ့ စခန်း ၂ခုလုံးကို ကျနော်တို့က သိမ်းထားတယ်ဆိုတော့လေ။

မေး။စခန်းသိမ်းတိုက်ပွဲ အခြေအနေရှင်းပြပေးပါလား။

ဖြေ။ဟိုတစ်နေ့(နိုဝင်ဘာ ၁၂ရက်)ည ၁၁နာရီကနေ တိုက်ပွဲကတော့ စပြီးတော့ ဖော်ဆောင်တာပေါ့။ အဲဒီမှာ စခန်း ၂ခုကို တစ်ခါတည်း ဝင်စီးတယ်။ သူတို့ အထိုင်စခန်း စခန်းကြီးကို မနေ့က နံနက် ၅နာရီနဲ့ ၆နာရီ အကြားမှာ အားလုံးသိမ်းဆည်းနိုင်ခဲ့တယ်။ အဲဒီအောက်က စခန်းငယ်ကိုတော့ သိမ်းနေတဲ့အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုလာလုပ်တယ်။ အဲဒီမှာ တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီး ညနေ ၅နာရီလောက်မှာ အပြီး သိမ်းနိုင်ခဲ့တယ်။ ရှင်းလင်းမှုလုပ်တယ်။ မြို့ထဲကိုလည်း အဲဒီလိုလုပ်တယ်။ အခု အမှတ်(၂) ကုန်သွယ်ရေးလမ်းကြောင်း ဂိတ်ကြီးကိုတော့ကျနော်တို့က စိုးမိုးထားနိုင်တာပေါ့။ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကြီးပေါ့။

မေး။မနေ့က တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေတွေကို ရှင်းပြပေးပါလား။

ဖြေ။ထိခိုက်မှုက သူတို့ဘက်က အထိအခိုက် အသေအချာတော့ မသိပေမယ့် ဗိုလ်မှူးတစ်ယောက် နဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးပေါင်း ၇ဦးက သူတို့ လက်နက်ချတယ်။ ပြီးတော့ ၃၀လောက်က တစ်ဖက်မီဇိုရမ်ဘက်မှာ သူတို့ ထွက်ပြေးကြတယ်။ အဲဒီမှာ အိန္ဒိယအာဏာပိုင်တွေကထိန်းသိမ်းထားတယ်။ တချို့အသေအပျောက်တွေတော့ရှိတယ်။ တောထဲတောင်ထဲ ပျောက်နေတဲ့သူတွေလည်းရှိတယ်။ သူတို့လည်း သေမယ်လို့တော့ ယူဆရတာပဲ။ သူတို့ လက်နက်တွေအားလုံးတော့ သိမ်းဆည်းထားနိုင်တယ်။ ဒါပေမဲ့ အရေအတွက်ကတော့ အခုထိ ကျနော်တို့ အတိအကျ မရနိုင်သေးဘူး။ ရေတွက်နေဆဲဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း ဒဏ်ရာရတာတွေ အထိအခိုက်တော့ အနည်းနဲ့အများတော့ရှိတယ်။လေးငါး ခြောက်ဦးလောက်တော့ အသက်ပေးသွားတယ်။ ပြီးတော့ ၂၀နားနီးတော့ ဒဏ်ရာရရှိမှု ရှိတယ်။ သိပ်ပြီး ပြင်းထန်တဲ့ဒဏ်ရာတော့ မဟုတ်ဘူး။

မေး။လက်နက်ခဲယမ်းသိမ်းဆည်းရမှုအ​ခြေအ​နေ​ရောခင်ဗျ။

ဖြေ။ရိဒ်ခေါဒါရ်က အမှတ်(၂) ကုန်သွယ်ရေး အိန္ဒိယ-မြန်မာ နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းမှာရှိပြီးတော့ နယ်စပ်လုံခြုံရေးကို တာဝန်ယူတဲ့ ရိဒ်ခေါဒါရ်မြို့ အထိုင်စခန်းတွေဖြစ်နေတယ်။ သူတို့လက်နက်ကတော့များမှာပါ။ ရရှိထားတာတချို့တော့ရှိတယ်။ ဒါပေမဲ့ ရေတွက်နေဆဲ။ ကျည်ဆံတွေကအစပေါ့။

မေး။ ဒါက မြို့သိမ်းတိုက်ပွဲ ပထမဆုံးအကြိမ်လား။

ဖြေ။ ပထမဆုံး အပြီးအပိုင်သိမ်းတဲ့ မြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရပါတယ်။ အခြား ဂိတ်တွေ စခန်းငယ်တွေဘာတွေ၊ နယ်စပ်မှာရှိတဲ့ရွာတွေ သိမ်းတာကတော့ မြို့မဟုတ်တော့ မြို့သိမ်းတိုက်ပွဲမမည်ဘူးလေ။ ရိဒ်ခေါဒါရ်နယ်စပ်မြို့သိမ်းတိုက်ပွဲက ပထမဆုံးအကြိမ် မြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရပါတယ်။

မေး။ရှေ့ဆက်ပြီး ဆောင်ရွက်မယ့် စစ်ရေးအခြေအနေများကို ​ပြောလို့ရသ​လောက် ​ပြောပြပေးပါလား။

ဖြေ။ကျနော်တို့ အစက ခံစစ်အနေအထားကနေ အခု ထိုးစစ်နဲ့ တန်ပြန်ထိုးစစ်အဆင့် ကျနော်တို့က အဲဒီလို စစ်ဆင်ရေးကိုလုပ်နေတာဖြစ်တယ်။ ဒီထက်ပိုမိုကောင်းမွန်တဲ့ စစ်ဗျူဟာတွေ ချပြီး လုပ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားနေတယ်။ ပြီးတော့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တယ်။ ကျနော်တို့မှာ စစ်အာဏာရှင် အပြုတ်တိုက်ရေးဆိုတာ ပြည်သူရော ကျနော်တို့ရော ကျနော်တို့ရဲ့ ဦးတည်ချက် လိုချင်နေတဲ့ ဆန္ဒ။ အဲဒီမှာ ပြည်သူအထိအခိုက် အနည်းနဲ့အများရှိလာမှာပါ။ အဲဒီအပေါ်မှာ ကျနော်တို့က ပြည်သူကို ဦးတည်ချက်ရှိရှိနဲ့ ဘာမှ မလုပ်ဘူး။ ပြည်သူကို ကာကွယ်ရင်းနဲ့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ တစ်ဖက်က တုန့်ပြန်လာတဲ့ ပြည်သူအပေါ် အကြမ်းဖက်ရက်စက်မှုတွေရှိလာနိုင်

တယ်။ ဒါပေမဲ့ အဆုံးစွန်အထိ ပြည်သူနဲ့လက်တွဲတိုက်ပွဲဝင်သွားဖို့ပဲ။ ဒီအပေါ် ပြည်သူကို မေတ္တာရပ်ခံချင်တယ်။

မေး။ အခု စစ်ဆင်ရေးက နိုင်ငံအနှံ့မှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးလို့ပြောလို့ရလား။

ဖြေ။ဟုတ်ကဲ့ ။ ကျနော်တို့ တလျှောက်လုံးပြောပြောနေတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တပ်ပေါင်းစုနဲ့ အောင်ပွဲခံဖို့ဆိုတာ ဒီရဲ့အခင်းအကျင်းပါပဲ။ ကိုယ့်ဒေသအသီးသီးကနေ စစ်ဘောင်ကို ကျယ်ကျယ်နဲ့ စစ်မျက်နှာများများ ဖွင့်ပြီးတော့ လုပ်တဲ့ စစ်ဆင်ရေးဟာ အာဏာရှင် ကျဆုံးရေး အပြုတ်တိုက်ရေးအတွက် အဲဒါ နည်းဗျူဟာကောင်းတစ်ခုပါ။ အဲဒီလိုမျိုးကို တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ အဲဒီလို ပဲ မျှော်လင့်ထားတာ ဒီနေ့ လက်တွေ့အကောင်အထည်ဖော်နေတာဖြစ်တယ်။

မေး။နေရာအနှံ့တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်က စစ်သားတွေကို ဘာပြောလိုသလဲ။

ဖြေ။တကယ်တော့ အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ တိုက်ချင် ခိုက်ချင်စိတ်တော့ မရှိပါဘူး။အထက်အမိန့်အရသာလုပ်နေတာ။ အမှန်ဆိုရင်တော့ သူတို့ ဗဟိုက သူတို့ အထက်အရာရှိကြီးတွေကို သူတို့က သိပ်ပြီးတော့ နှစ်မြှို့လှတာ ကြိုက်လှတာမဟုတ်ပါဘူး။ ဆိုတော့ အခုတိုက်ပွဲက အထက်အမိန့်အရ အဲဒီလို တိုက်နေတာဖြစ်တယ်။ သူတို့ တိုက်ရည်ခိုက်ရည်က ကျနော်တို့ အားလုံးသိတဲ့အတိုင်း အဲဒီလိုရှိတယ်။ ဆိုတော့ ဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီအချိန်ရတုန်းရခိုက်မှာ ကျနော်တို့နဲ့လာပူးပေါင်းပါ။ ကျနော်တို့ လုံခြုံတဲ့နေရာကို အတက်နိုင်ဆုံးထိန်းသိမ်း စောင့်ရှောက်ပါမယ်။ အဲဒီမှာ ကိုယ့်အသက်ပေးနေတာတွေက ဘယ်သူ့အတွက်ပေးနေတာလဲ တိုင်းပြည်အတွက်လား ၊ ဒီသေနတ်က ပြည်သူကို ပစ်သတ်ဖို့ သေနတ်မဟုတ်ပါဘူး။ ပြည်သူကို ကာကွယ်မယ့် သေနတ်ဖြစ်ပါတယ်။ အဲဒါကြောင့် အချိန်ရှိခိုက်မှာ ကျနော်တို့နဲ့လာရောက်ပြီး ပူးပေါင်းပါလို့ပဲ တိုက်တွန်းချင်တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

မြို့သိမ်းတိုက်ပွဲကို CNA၏ စစ်ဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့သည်။