Connect with us

Hi, what are you looking for?

မေးမြန်းခန်း

လက်နက်ကိုင်လမ်းစဥ်စွန့် ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ကြရန် စစ်​ကောင်စီထုတ်ပြန်ချက် အ​ပေါ် ​တော်လှန်​ရေးအဖွဲ့များ၏တုံ့ပြန်ချက်

နိုင်ငံတဝန်းဗုံးပတ်ကြဲ​နေ​သော စစ်​ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF များနှင့် ​တော်လှန်​ရေးအဖွဲ့များကို လက်နက်နှင့်အကြမ်းဖက်လမ်းစဥ်ကိုစွန့်ပြီး ပါတီ​ထောင် ​ရွေး​ကောက်ပွဲဝင်၍ နိုင်ငံ​ရေးပြသာနာကိုနိုင်ငံ​ရေးနည်းလမ်းဖြင့်​အ​ဖြေရှာရန် ဆက်သွယ်​ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းပါသည်ဟုဆိုကာစက်တင်ဘာ ၂၆ ရက်ညတွင်ထုတ်ပြန်သည်။

နေ့သစ်/People’s Spring

နိုင်ငံတဝန်းဗုံးပတ်ကြဲ​နေ​သော စစ်​ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF များနှင့် ​တော်လှန်​ရေးအဖွဲ့များကို လက်နက်နှင့်အကြမ်းဖက်လမ်းစဥ်ကိုစွန့်ပြီး ပါတီ​ထောင် ​ရွေး​ကောက်ပွဲဝင်၍ နိုင်ငံ​ရေးပြသာနာကိုနိုင်ငံ​ရေးနည်းလမ်းဖြင့်​အ​ဖြေရှာရန် ဆက်သွယ်​ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းပါသည်ဟုဆိုကာစက်တင်ဘာ ၂၆ ရက်ညတွင်ထုတ်ပြန်သည်။သို့​သော်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပင် စစ်​ကောင်စီက MNDAA သိမ်းပိုက်ထိန်းချုပ်ထား​သောလားရှိုးမြို့ကို ဗုံးထပ်ကြဲခဲ့သည်။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ မကြာခဏဖိတ်​ခေါ်ခဲ့ဖူးသည်။ယခုထုတ်ပြန်ချက်အ​ပေါ် ​ KIA ၊KNU ၊ CNF ၊ TNLA ၊PDF ၊ပကဖစသည့်တော်လှန်​ရေးအဖွဲ့များ၏ တုံ့ပြန်ချက်များကိုPeople’s Spring က စက်တင်ဘာ ၂၇ ရက်တွင် စုစည်း​ဖော်ပြ​ပေးလိုက်ပါသည်။

ပဒိုစောတောနီး(KNU ပြောရေးဆိုခွင့်ရှိသူ)

ဒီနေ့ ဒီအချိန်အခါမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လုံး၀ မအပ်စပ်တော့ဘဲ ထပ်ခါတလဲလဲ အဲဒီလို ဓာတ်ပြားဟောင်းတွေပြန်ပြန်ဖွင့်နေတာ ဆိုတာ ဘာမှအလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကျနော်တို့လည်းနားညည်းတယ်ဗျာ။ကျနော်တို့မှာ ဘုံ နိုင်ငံရေးရည်မှန်းချက်၊ ဘုံ နိုင်ငံရေး ရပ်တည်ချက်တွေအကုန်ရှိတယ်။ ဒါက ဘာလဲဆိုတော့တစ်အချက် စစ်တပ်ဟာ နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုမှာ ခံယူ၊ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း အဲဒီအတိုင်း ဆက်သွားရမယ် လက်ခံရမယ်။ နံပါတ်နှစ်အချက် ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ အတွက် ဆိုရင် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။ တတိယ အချက်ကတော့ နေ့စဉ်နဲ့အမျှ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ အမှုကြီးအမှုငယ် ရာဇဝတ်မှု ပေါင်းစုံ စစ်ရာဇဝတ်မှု အပါအဝင် အားလုံးကို တာဝန်ခံရမယ်ဗျ။ ဒီဟာတွေကို လက်ခံမယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲတွေဆိုတာ ဖြစ်ကိုဖြစ်လာမှာပါ။ အဲဒီလို မဟုတ်ဘဲ ဒီလိုပဲ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့က ဘက်ပေါင်းစုံကနေပြီးတော့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ သံတမန်ရေးတိုက်ပွဲတွေရော စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပြည်သူလူထု လှုပ်ရှားမှုပါမကျန် ပြည်တွင်းပြည်ပ နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ ဒီစစ်ကောင်စီ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကိုဆက်ပြီးတော့ ဖိအားပေးသွားမှာပဲ။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်။ အဲဒီလို စစ်ကောင်စီက ဘက်ပေါင်းစုံက နိုင်ငံရေးအရရောစီးပွားရေးပိတ်ဆို့မှု ဒဏ်တွေအရရော လူထုလှုပ်ရှားမှု အပါအဝင် ပေါ့နော် ဘက်ပေါင်းစုံကနေအကြပ်အတည်း တွေ့နေပြီးတော့အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သူကပြဿနာက ရှိနေပြန် ဆိုတော့ ၊ ရှိရင်ရှိမယ် ဒါပေမဲ့ ပြောလို့မရဘူး။ ကျနော်တို့ဘက်က ရှင်းရှင်းလေးမြင်တာက သူအဲဒီလို ဖြစ်နေတာက အကြောင်းအရင်းခံကတော့အဲဒါတွေအပြင်တစ်ချက်ကသူတို့စစ်အာဏာရှင်စနစ်ကို သူတို့ လုံး၀ သံယောဇဉ် မဖြတ်ချင်ဘူး။ ဆက်ပြီး သက်ဆိုးရှည်ချင်တယ်။ ဒါက တစ်ချက်။ ဒုတိယ အချက်က သူ့ရဲ့ လုပ်နည်းလုပ်ဟန် ဖြစ်တဲ့ဟိုအဖွဲ့ကို ချန်ထား၊ ဒီအဖွဲ့ကိုခေါ် အဲဒါ အထူးသဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲမှာ စည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်အောင် အဓိက ထိုးခွဲပြီး လုပ်နေတာပဲ။အဲဒီ နှစ်ချက်ကထင်ထင်ရှားရှားမြင်နေရပါတယ်။ ဒါကတော့ ကျနော်တို့ ဘယ်လိုမှလက်ခံလို့မရတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဆလိုင်းထက်နီ(CNF ပြောရေးဆိုခွင့်ရှိသူ)

နစက ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲကရွေးကောက်ပွဲ အကောင်အထည်ဖော်နိုင်ဖို့ ပေါ့ ဒါက နိုင်ငံ​ရေးမှာစစ်အာဏာရှင် ဆက်လက် စွက်ဖက်နိုင်ရေး စစ်အာဖဏာရှင်သက်ဆိုးရှည်ရေး အတွက်ပါ။

Public Service Announcement

Public Service Announcement

စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့အတွက် ရိုးနေပါပြီ။စကစ ဟာ နိုင်ငံတကာ နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုဝေဖန်မှုကနေ နိုင်ငံရေးထွက်ပေါက်ရှာနေတယ်လို့လည်း ပြောလို့ရပါတယ်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော်(KIC ဒုတိယ ဥက္ကဋ္ဌ)

“ဘာကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကို ထုချေလွှာတင်ပြ နဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ပြန်ချက်ဖြစ်နေ။ ခေါ်ပုံခေါ်နည်း နဲနဲများ လိုနေသလားလို့ပါ”

ကိုဆောင်းခ (BPLA-ကွပ်ကဲရေးမှူး)

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်းမရှိပါဘူး၊ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး။ သူတို့ရဲ့တခုတည်းသော ထွက်ပေါက်ကို တရုတ်ဘက်က ပိုထောက်ခံအောင်လုပ်တဲ့ ဟန်ပြလုပ်ကွက်တစ်ခုသာဖြစ်ပါလိမ့်မယ်”

ကိုအောင်စံရှား (SOF တပ်ဖွဲ့မှူး)

မအလ ကထွက်ပေါက်မရှိတော့ဘူး၊ သူ့ရဲ့တခုတည်းသော ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပြီး တရားဝင်အစိုးရလုပ်ချင်နေတာ။တရုတ်ကလည်း အဲအတိုင်းဖိအားပေးနေတယ်ထင်တယ်။တဖက်မှာလည်း EAO တွေနဲ့ PDF တွေရန်ကလည်းရှိနေတော့ စစ်ရေးအရလည်း ပြေးလမ်းမရှိတော့ဘူး။ တိုက်ရင်တိုက်သလောက် တမျိုးလုံးအသေခံရတော့မှာ၊ နိုင်ငံရေး အသက်ရှုလည်းကြပ်၊ စစ်ရေးလည်း ရှုံးနိမ့်ဆိုတော့ နောက်ဆုံး အရှက်မရှိ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ပြီး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြပါဆိုပြီး ဖိတ်ခေါ်တော့တာပါ။

သူ့ရဲ့ ဖိတ်ခေါ်မှုက ရယ်စရာတခုလောက်ပါပဲ၊ ဘာသက်ရောက်မှုမှမရှိသလို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ခုတိုက်နေတဲ့ EAO တွေကလည်း ဆက်တိုက်နေမှာပဲ၊ PDF တွေကလည်း NUG/MOD ရဲ့မူအတိုင်းပဲ မအလပြုတ်တဲ့အထိ၊ စကစ အမြစ်ပြတ်တဲ့အထိတိုက်ဖို့ပါပဲ။တကယ်လို့ ဆွေးနွေးညှိနှိုင်းရေးလမ်းစဥ်သွားမယ်ဆိုရင်တောင် မအလက အလုံးစုံလိုက်လျောမှဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေအားလုံးကို အကြွင်းမဲ့လွှတ်ပေးရမယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလက်ခံရမယ်၊ ရှိပြီးသား ယ္ခင်အစိုးရလက်ထဲကို အာဏာပြန်အပ်ရမယ်၊ ပြီးရင် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တာဝန်ခံရမယ်။ အဲလိုမှ မဟုတ်ရင် မအလထွက်​ပြေးဖို့ပဲရှိတော့တယ်၊ အဲတာနောက်ဆုံးလွတ်လမ်းပဲ၊ ဒါတောင်လွတ်ဖို့မသေချာဘူးပေါ့။

ဂျော်ဒန် (ULF စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ)

” ကြေညာချက်က အလိမ်အညာပါ။ ရွေးကောက်ပွဲလုပ်ဖို့ ခေါ်တယ်မရဘူးလို့ ပြည်သူကိုပြပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို ရန်တိုက်တာ။ သူတို့ထွက်ပေါက်ရှာတာ”

ကို​အော်စမွန် (MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူ)

“စစ်​ကောင်စီဘက်က အခု ဖိတ်​ခေါ်လာတဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲက ကျွန်​တော်တို့​လျှောက်​နေတဲ့လမ်းကို တစုံတရာ အ​ပြောင်းအလဲ ဖြစ်​စေမှာ မဟုတ်ပါဘူးဗျ ။ ကျွန်​တော်တို့ MDY-PDF အ​နေနဲ့က​တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်​တွေကို တစိုက်မတ်မတ် ဆက်လုပ်သွားဖို့ ရှိပါတယ်ဗျ”။

မြိုင်ပကဖ မှ တပ်ဖွဲ့ဝင်များ ။
မြိုင်ပကဖ မှ တပ်ဖွဲ့ဝင်များ ။
ကိုလက်ယျာ(မြိုင်ပကဖခေါင်းဆောင်)

အာဏာသိမ်းတုန်းကတော့ အာဏာရှင်ကိုမကြိုက်လို့ အမြတ်ပြတ်တော်လှန်မယ်ဆိုပြီး လာတာပေါ့။ အခုဟာကတော့ မဟုတ်တော့ဘူး။ အဲဒီ၂၀၀၈ ခြေဥပါ ကျွန်တော်တို့က ပြန်ပြင်ဆွဲနိုင်အောင်၊ ပြင်နိုင်မှရတော့မှာလေ။ ဒီဟာက ၂၀၀၈ ခြေဥ ကျန်သေးလို့ရှိရင် ကျွန်တော်တို့ တော်လှန်တာက အလကားဖြစ်နေဦးမှာ။ အဲဒီ ၂၀၀၈ ခြေဥပျက်မှ။ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပြန်ဆွဲမှရမယ်။ သူတို့ရဲ့အုပ်ချုပ်တဲ့ယန္တရားတွေ၊ သူတို့တပ်ရဲ့နေရာယူမယ့်ကဏ္ဍတွေကို ဖျောက်ဖျက်ပစ်နိုင်မှ ဆွေးနွေးရမှာ။ ဆွေးနွေးရမယ်ဆိုတာတောင် ကျွန်တော်တို့ကဆုံးဖြတ်ပေးလို့မရပါဘူး။ အဖွဲ့အစည်းအကြီးတွေ၊ ပြည်မပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် EAO၊EROအကုန်လုံးနဲ့ ပြည်မအဖွဲ့တွေနဲ့ သဘောထားညီပြီဆိုလို့ရှိရင် ညှိနှိုင်းတာ၊ဆွေးနွေးတာရှိရင်ရှိမှာပေါ့။ ကျွန်တော်တို့ကတော့ မညှိနှိုင်းဘူး။ ညှိနှိုင်းဖို့အစီအစဥ်မရှိဘူး။ ဆက်ပြီးတော့တိုက်ခိုက်သွားဖို့ပဲရှိတယ်။

TNLA ​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦး ။
TNLA ​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦး ။
​လွေးယေဦး (TNLA ​ပြော​ရေးဆိုခွင့်ရှိသူ)

ဒီထုတ်ပြန်ချက်အပေါ်မှာတော့ ကျွန်မတို့မြင်တာက စစ်ကောင်စီသည် လက်ရှိ အဘက်ဘက်မှာ ချို့ယွင်းလာတယ်။ ရှုံးနိမ့်မှုတွေပိုများလာတယ်။ လက်ရှိဆို စစ်ရေးမှာပြောပြော၊ နိုင်ငံရေးမှာပြောပြော။နယ်မြေရေးရာဆိုရင်လည်း အများကြီးစွန့်လွှတ်လိုက်ရတယ်။အဲဒါကြောင့်မို့ တစ်ဖက်မှာလည်း ဖိအားတွေပိုများလာတယ်။အဲဒီ့အတွက်ကြောင့် ဒီဖိအားတွေ ရှေ့တန်းမှာပါဝင်နေတဲ့ သူ့ရဲ့ဝန်ထမ်း(စစ်သား)တွေ စိတ်ဓာတ်ပြန်ပြီးတော့မှ မြှင့်တင်နိုင်ဖို့ အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ နိုင်ငံရေးနည်းလမ်းကိုဖန်တီးတာလို့ ကျွန်မတို့ မြင်ပါတယ်။အခင်းအကျင်းက အပေါ်မှာပြောသလိုပဲ အဖက်ဖက်ကယိုယွင်းလာတယ်။ ရှူံးနိမ့်မှုတွေ ပိုများလာတဲ့အချိန်မှာ တစ်ဖက်မှာလည်း ဖိအားတွေပိုများလာတယ်။ပြီးတော့ နောက်ကနေပါလာတဲ့သူကလည်း နည်းလာတဲ့အတွက်ကြောင့် ပါတီလိုမျိုး နည်းလမ်းကိုပဲ ပြန်သုံးတာဖြစ်တယ်။ ဒီနည်းလမ်းက အခုမှတော့ မဟုတ်ဘူး။ စစ်အစိုးရအဆက်ဆက် တက်လာတဲ့ ခေါင်းဆောင်အဆက်ဆက်က ဒီနည်းလမ်းကိုပဲ ကျင့်သုံးတာဖြစ်တယ်။ တစ်ဖက်မှာတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး တစ်ဖက်မှာတော့ ဖိအားပေးပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်။အခုကလည်း စစ်ကောင်စီက အဲဒီလိုပဲ ၊မနေ့ကပဲ ကြေညာထားတယ်။ ဒီနေ့ကတော့ လားရှိုးမှာရော ပြီး‌တော့ ဒီအပေါ်မှာရော ဗုံးတွေလာကျဲသွားတယ်ကျွန်မတို့ကတော့ ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးတော့မှ ဆွေးနွေးဖြစ်ရင်တော့ နံပါတ်တစ် အချက်က အကြမ်းဖက်ကြေညာခြင်းကနေ ပြန်ဖျက်ရမယ်။ နံပါတ် နှစ်အချက်က စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်မှုတွေ သူကျူးလွန်နေပါတယ်။အများပြည်သူရှေ့မှာ ဝန်ခံပြီးတော့မှ အာဏာတွေစွန့်လွှတ်ပြီးတော့မှ ငြိမ်းချမ်းရေးဘက် အဲဒီလိုမျိုးဆွေးနွေးတဲ့ပုံစံမျိုးဖြစ်လာရင်တော့ ကျွန်မတို့ဘက်ကလည်း ဒီဆွေးနွေးမှုက တစ်မျိုးတစ်ဖုံပြောင်းလဲမှာဖြစ်ပါတယ်။အာဏာစွန့်ပြီးတော့မှ သူမှားကြောင်း ၊သူပြစ်မှုတွေကျူးလွန်ပါကြောင်း ဝန်ခံပြီးမှပဲ ကျွန်မတို့ကဆွေးနွေးဖို့ အဲဒီလိုမျိုးဆိုရင်တော့ စဉ်းစားဖို့ရှိပါတယ်။

ခိုင်သုခ (ULA/AA ပြောရေးဆိုခွင့်ရှိသူ)

လက်နက်အားကိုးနှင့်ပြည်သူကိုနေ့တိုင်းအကြမ်းဖက်သတ်ဖြတ်နေတာက သူတို့ဖက်ဆစ်စစ်ကောင်စီဘဲ။ ဒါကြောင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအရဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ်ကိုပထမဆုံးစွန့်လွှတ်ရမှာက သူတို့ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဖြစ်တယ်။

မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကိုဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး။

(မှတ်ချက် – TNLA ၊ AA နဲ့မြိုင် ပကဖ မှတာဝန်ရှိသူ​တွေရဲ့၏ ​ဖြေကြားချက်​တွေကိုထပ်မံဖြည့်စွက်ထားပါတယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်​ လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။