Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအစည်းအဝေး အာဏာသိမ်းခေါင်းဆောင်တက်မယ်လို့ပြော

“မြန်မာ့အရေး စောင့်ကြည့်မယ့် ကိုယ်စားလှယ်တွေ ဝင်ခွင့်ပြုဖို့ အာဏာသိမ်းအဖွဲ့ကို အာဆီယံ တောင်းဆိုဖွယ်ရှိ”

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ-EPA)

မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို အာဆီယံ ကိုယ်စားလှယ်တွေ ဝင်ရောက်လေ့လာ စုံစမ်းခွင့်ပြုဖို့ အာဆီယံ အစည်းအဝေးမှာ ဖိအားပေး တောင်းဆိုကြဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်မှာ ဧပြီ ၂၄ ရက်ကျရင် ပြုလုပ်မယ့် မြန်မာ့အရေး အထူးအစည်းအဝေးကို မြန်မာ့ အာဏာသိမ်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ မလေးရှား အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

မူလက မင်းအောင်လှိုင်ဟာ ဒီအစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်ဘဲ အွန်လိုင်းကနေပဲ ချိတ်ဆက်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

အာဆီယံ အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ မသေချာသေးသလို တချို့ကလည်း တက်ရောက်မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

မလေးရှား နိုင်ငံကတော့ ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင်ကိုယ်တိုင် အစည်းအဝေး တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံရဲ့ ကိုယ်စားလှယ်တွေ ဝင်ရောက်ခွင့်ပြုဖို့ မင်းအောင်လှိုင်ကို အဓိက ဖိအားပေး တောင်းဆိုဖွယ် ရှိနေကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံက စီစဉ်ပေးတဲ့ ကိုယ်စားလှယ် အဖွဲ့ကိုဖြစ်စေ၊ အင်ဒိုနီးရှားက အာဆီယံ အရာရှိတွေ စီစဉ်ပေးတဲ့ ကိုယ်စားလှယ် အဖွဲ့ကိုဖြစ်စေ ပြည်ဝင်ခွင့်ပေးပြီး မြန်မာနိုင်ငံရဲ့ ပုံမှန် အနေအထားဆီ ပြန်လည် ဦးတည်မှုတွေကို စောင့်ကြည့်နိုင်အောင် မြန်မာဖက်က ခွင့်ပြုဖို့ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဟီရှမ် ဟီရှမ်မူဒင်က Twitter မှာ ရေးသားထားပါတယ်။

ပုံမှန် အနေအထား ဆိုတာက အာဏာသိမ်းမှု ဖြစ်စဉ် မတိုင်ခင် မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး အကျဉ်းချထားပါတယ်။

အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေ သေဆုံးတဲ့ အရေအတွက် ၈၀၀ နီးပါးလောက်ထိ ရှိလာပါတယ်။

ဒီအခြေအနေတွေကြောင့်လည်း အဖွဲ့ဝင် နိုင်ငံအချင်းချင်း ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ဆိုတဲ့ အာဆီယံရဲ့ မူဝါဒကို စွန့်လွှတ်ဖို့ နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်သိုနီ ဂူတာရက်စ်က မြန်မာ့အရေးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရမ်း အရေးကြီးလာပြီလို့ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက် ပြုမူမှုတွေ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ ရပ်တန့်အောင် အာဆီယံနဲ့ ကုလသမဂ္ဂတို့ကြား ပူးပေါင်း ဆောင်ရွက်ဖို့က အထူးတလည် လိုအပ်လာပြီလို့လည်း ဂူတာရက်စ်က ဆိုပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတကာရေးရာ လေ့လာသူတွေက အခု အစည်းအဝေးဟာ မြန်မာ့အရေး တစ်ခုတည်းသာ မဟုတ်ဘဲ အာဆီယံရဲ့ အခင်းအကျင်းတွေ အတွက်ပါ စောင့်ကြည့်ရမယ့် အခြေအနေမျိုးလို့ ယူဆနေကြပါတယ်။

တကယ်တော့ အာဆီယံ အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဂျကာတာ လာရောက်ဖို့ ဖိတ်ခေါ်တာဟာ မြန်မာ အစိုးရအဖြစ် အသိအမှတ် ပြုတဲ့ သဘောမျိုး သက်ရောက်နိုင်တဲ့အတွက် အာဆီယံ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံမှာ လာရောက် ဆွေးနွေးတာမျိုးသာ ပိုပြီး ဖြစ်သင့်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အာဆီယံ အစည်းအဝေးမှာ ထွက်ပေါ်လာမယ့် ရလဒ်တွေနဲ့ ပတ်သက်လို့လည်း ခန့်မှန်းဖို့ ခက်ခဲနေဆဲပါ။ ပြီးတော့ အာဆီယံ နိုင်ငံ အားလုံးက မြန်မာစစ်တပ် အာဏာသိမ်းမှုကို တညီတညွတ်တည်း ရှုတ်ချဖို့ ဖြစ်နိုင်မလား ဆိုတာကိုလည်း လေ့လာသူတွေက သံသယ ရှိနေကြပါတယ်။

မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုဟာ အထမမြောက်ခဲ့ပါဘူး။

The Diplomat သတင်းဌာနက ဧပြီ ၂၄ ရက် အစည်းအဝေးမှာ အာဆီယံဟာ သဘောထား ခိုင်မာ မှန်ကန်တဲ့ ရပ်တည်မှုကို ပြသဖို့၊ မြန်မာ စစ်တပ်က ချုပ်ကိုင်ထားတဲ့ အာဏာဟာ တရားမဝင်ဘူး ဆိုတာကို အတိအလင်း ဖော်ပြဖို့ လိုအပ်ကြောင်း သုံးသပ် ရေးသားထားပါတယ်။

တစ်ဖက်မှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဦးဆောင် စုဖွဲ့ထားတဲ့ မြန်မာ အစိုးရသစ် (NUG)သာ အာဆီယံ ညီလာခံကို တက်ရောက်ခွင့် ရသင့်ကြောင်း ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။

NUG အစိုးရ အဖွဲ့ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးက NUGကသာလျှင် မြန်မာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ တရားဝင်မှုတွေ ရှိနေတာကြောင့် မြန်မာ့ အရေးနဲ့ ပတ်သက်ရင် NUG မပါဘဲ ဆွေးနွေးတာ မှန်သမျှက အမှန်တကယ် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ VoA သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

သတင်း

ဆရာမ ဒေါ်အေးမာဆွေက လက်ယက်ကုန်းကျေးရွာဖြစ်စဥ်အတွက် တရားမျှတမှုနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုသည်။

သတင်း

"အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

သတင်း

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။