မေလ ၁ ရက် မနက် အစောပိုင်းက ဂူဂျာရတ်ပြည်နယ်၊ ဘာရူးချ်မြို့မှာရှိတဲ့ ဆေးရုံက Covid-19 လူနာဆောင်မှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဆေးရုံ ဝန်ထမ်းတွေက လူနာ ၅၀ လောက်ကို အရေးပေါ် ပြောင်းရွှေ့ပေးနိုင်ခဲ့ပေမယ့် နောက်ထပ် လူနာ အနည်းဆုံး ၁၅ ဦးလောက်ကိုတော့ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကမ္ဘာ့နိုင်ငံ တချို့က Covid-19 လူနာဆောင်တွေမှာ ဝါယာရှော့ကြောင့် မီးလောင်ပြီး လူနာတွေ တော်တော်များများ သေဆုံးခဲ့ကြဖူးပါတယ်။ အထူးသဖြင့် ကုသရေးမှာ အသုံးပြုတဲ့ အသက်ရှူ အထောက်အပံ့ ကိရိယာ Ventilatorတွေ ဝါယာရှော့ ဖြစ်ရာကနေ မီးလောင်မှုတွေ ကြုံခဲ့ရတာပါ။
ဧပြီ ၂၃ ရက်ကလည်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ပြင်က ဗီရားဒေသမှာ ဆေးရုံတစ်ခု မီးလောင်ပြီး Covid-19 လူနာ ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပါသေးတယ်။ အိန္ဒိယဟာ လတ်တလော သီတင်းပတ်တွေအတွင်း ကမ္ဘာပေါ်မှာ Covid-19 ဒဏ်ကို အဆိုးဆုံး ခံစားနေရတဲ့ ကမ္ဘာ့နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ၉ ရက်ဆက်တိုက် အိန္ဒိယမှာ Covid-19 လူနာသစ် ၃ သိန်းကျော်စီ တိုးပွားခဲ့ပြီး ဧပြီ ၃၀ မှာတော့ နေ့အလိုက် ကူးစက်မှု ကမ္ဘာ့စံချိန်သစ်အဖြစ် လူနာအသစ် ၃ သိန်း ၈ သောင်းကျော် တွေ့ရှိလာခဲ့ပါတယ်။
အိန္ဒိယမှာ Covid-19 ကူးစက်ခံရသူ စုစုပေါင်း ၁၉ သန်းနီးပါး ရှိခဲ့ရာမှာ ၈ သန်းလောက်က ဖေဖော်ဝါရီလနောက်ပိုင်း တဟုန်ထိုး တိုးလာခဲ့တာ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၂ သိန်း ကျော်လွန်သွားပြီလို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။