Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများထုတ်ပြန်

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှိ ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံတမန်အဖွဲ့အစည်းများ စု​ပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ ​အောက်ပါအတိုင်းဖြစ်ပါသည်။

ယနေ့ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် အွန်လိုင်းနှင့် ပြင်ပ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းရာ၌ စာနယ်ဇင်းကဏ္ဍ၏ အရေးပါအရာရောက်မှုကို လေးစားဂုဏ်ပြုအပ်ပါသည်။ မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ ကျင့်သုံးသော လူမှုအသိုက်အဝန်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အကြွင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးကာ မကွယ်ပျောက်စေသင့်သော တရားဝင်ဖြစ်မှု ရင်းမြစ်တစ်ခုလည်း ဖြစ်ပါသည်။ စာနယ်ဇင်းသမားများအနေဖြင့် လက်တုံ့ပြန်ရန်ရှာခံရမည့်အန္တရာယ် သို့မဟုတ် ခြိမ်းခြောက်ခံရမည့်အန္တရာယ်ကို ကြောက်ရွံ့စိတ်ကင်းစွာဖြင့် လွတ်လပ်မှုရှိရှိ သတင်းတင်ပြခွင့် ရှိရပါမည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမားများနှင့် မီဒီယာဝန်ထမ်းများသည် ဖိနှိပ်မှု၏ ဦးတည်ရာဖြစ်လာလင့်ကစား တိကျသေချာသော သတင်းအချက်အလက်များကို လက်လှမ်းမီခွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူများ၏ အားထုတ်မှုကို ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခြင်းမှအစပြု၍ စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်ကျော်ခန့်မှာ ယခုထက်တိုင် ထိန်းသိမ်းခံထားရသည်။

မီဒီယာကုမ္ပဏီများအနေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ရန်သော်လည်းကောင်း တင်ပြရန်သော်လည်းကောင်း ပိတ်ပင်ခံထားရပြီး ၎င်းတို့၏ လုပ်ငန်းလိုင်စင်များကိုလည်း ဖျက်သိမ်း၍ ရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။ မီဒီယာအစီအစဉ်အများစုသည် ရပ်ဆိုင်းရန် ဖိအားပေးခံရလျက်ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မည်သည့် လွတ်လပ်သော အဓိက ပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ ဤလုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် မီဒီယာဝန်ထမ်းများအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလွတ်လပ်ခွင့် ပျိုးထောင်ရန်နှင့် အင်တာနက်ပိတ်ဆို့မှုများအားလုံးကို ရပ်ဆိုင်းရန် မိမိတို့ တောင်းဆိုလိုက်ပါသည်။
ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် လူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျကျပါဝင်သည့် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာကဏ္ဍကို မိမိတို့အနေဖြင့် ဆက်လက် အားပေးပံ့ပိုးသွားမည် ဖြစ်ပါသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် မီဒီယာကျွမ်းကျင်ပညာရှင်များ၏ အခွင့်အရေးသာမဟုတ်ဘဲ မိမိတို့အားလုံး၏ အခွင့်အရေးဖြစ်ပါသည်။

ဆက်စပ်သတင်းများ