Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်္ဂလာဆောင်ပေါက်ကွဲမှုမှာ ထိခိုက်သွားတဲ့ ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးအရေးပေါ်ရောက်နေ

သင်္ဃန်းကျွန်းမြို့နယ်က မင်္ဂလာဆောင်တစ်ခုမှ ဗုံးပေါက်ကွဲလို သေဆုံးသွားသူထဲမှာ ပရဟိတအသင်း တွဲဖက်အတွင်းရေးမှုး လူငယ်တစ်ဦးပါတယ်လို့ မိသားစုက အတည်ပြုပြောကြားပါတယ်။

ကိုဇော်ဝင်းအောင်

ကွယ်လွန်သွားသူက အသက် ၂၀ အရွယ် ကိုဇော်ဝင်းအောင်ဖြစ်ပြီး ဆေးရုံမှာအရေးပေါ်ကုသခံယူနေရသူကတော့ ကိုဇော်ဝင်းအောင်ရဲ့ အကိုဖြစ်သူ ကိုဝေယံမိုးဖြစ်တယ်လို့ သိရပါတယ်။

“ ညီအစ်ကိုနှစ်ယောက် မင်္ဂလာဆောင်အတူသွားကြတာ။ အခုက ဆုံးသွားတာက အငယ်လေး။ အကြီးက အခုဒဏ်ရာတွေနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံအရေးပေါ်ခန်းမှာ ရောက်နေတယ်။ အခုနောက်ဆုံးအခြေအနေကတော့ အိမ်ပြန်ရောက်နေလို့ ကျွန်တော်မသိရသေးဘူး” လို့ ကိုဇော်ဝင်းအောင်ရဲ့ အကိုအကြီးဆုံးက ပြောပါတယ်။

ကိုဝေယံမိုး

ကိုဇော်ဝင်းအောင်နဲ့ ကိုဝေယံမိုးတို့က လူငယ်အင်အားကမ်းလက်စေတနာပရဟိတအဖွဲ့ ဥက္ကဌနဲ့ တွဲဖက်အတွင်းရေးမှုးတာဝန်ယူထားသူတွေဖြစ်ပြီး ကိုဗစ်ကာလမှာလည်း လူမှုကူညီရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ အကိုအကြီးဆုံးဖြစ်သူက ပြောပါတယ်။

“ မင်္ဂလာဆောင်ကို ကျွန်တော်က လိုက်မသွားတော့ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ထိခိုက်ကုန်တယ် ကျွန်တော်မသိပါဘူး။ အခုလည်း အမေနဲ့ ညီမလေးပဲ အိမ်မှာကျန်ခဲ့တော့ ကျွန်တော်အိမ်ပြန်နေတော့ မိသားစုအဆက်အသွယ်မရှိဘူး” လို့ ဆိုပါတယ်။

ဒီကနေ့ မေ ၂၅ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ထဲက သုဝဏ္ဏ (က) ရပ်ကွက်မှာရှိတဲ့ မင်္ဂလာဆောင်အိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သတို့သမီးအပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သေဆုံးမှုအရေအတွက်အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။