Covid-19 တတိယလှိုင်းမှာ ပြည်တွင်းကူးစက်သေဆုံးမှုအလွန်များနေတာကြောင့် ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက်အလွန်မြင့်မားနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံပိုင်ရော ၊ပုဂ္ဂလိကပိုင် အောက်စီဂျင် စက်ရုံတွေကိုပါထိန်းချုပ်လိုက်တာကြောင့် ကိုဗစ်လူနာတွေအောက်စီဂျင်ရဖို့ ပိုမိုခက်ခဲသွားတယ်လို့ ကိုဗစ်ရောဂါခံစားနေရသူတွေနဲ့ လူမှုကူညီရေးအ သင်းတွေကတာဝန်ရှိသူတွေက ပြောပါတယ်။
ကိုဗစ်လူနာတွေရဲ့ အောက်စီဂျင်အိုးတွေကို စက်ရုံမှာအခမဲ့တန်းစီစောင့်ဖြည့်ပေးပြီးကူညီနေတဲ့ လူမှုကူညီရေးဆောင်ရွက်နေသူတွေက ဇူလိုင် ၂၉ ရက်ကစပြီး လူနာတွေအတွက် မကူညီနိုင်တော့ဘူးလို့ပြောပါတယ်။
သူတို့အောက်စီဂျင် ဖြည့်ပေးနေတဲ့စက်ရုံကို စစ်ကောင်စီက ဇူလိုင် ၂၈ ရက်မှာစီးနင်းလိုက်ပြီး ပြည်သူတစ်ဦးချင်းလာဝယ်တာတွေ ၊ လူမှုကူညီရေးအသင်းက လာဖြည့်တာတွေကို ထုတ်မပေးတော့ဘဲ အောက်စီဂျင်လာဝယ်ချင်ရင် ကိုဗစ်လူနာနေထိုင်တဲ့ ရပ်ကွက် အုတ်ချုပ်ရေးမှူရုံး(စစ်ကောင်စီခန့်)ကထောက်ခံစာ ပါမှ ဝယ်ရမယ့်လို့ ကန့်သတ်လိုက်တယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။
ကိုဗစ်လူနာတွေကို အောက်စီဂျင်ရရှိဖို့ လိုက်လံ ကူညီနေသူတစ်ဦးကလည်း သူတို့အောက်စီဂျင်ဝယ်နေကြစက်ရုံမှာ အရင်လို ပြည်သူတစ်ဦးချင်းအတွက် ဝယ်မရတော့ဘဲ စစ်ကောင်စီသတ်မှတ်ထားတဲ့ ဆေးရုံနဲ့ စစ်ကောင်စီတပ်မှု အရာရှိတွေနဲ့ပတ်သပ်သူတွေသာ ဝယ်ရတော့တယ်လို့ပြောပါတယ်။
“အောက်စီဂျင်ဝယ်ဖို့ အလွယ်ဆုံးနည်းကတော့ စစ်ကောင်စီက ဗိုလ်မှူးတွေ ၊ဗိုလ်ကြီးတွေအသိ့ရှိရင် သူတို့အဆက်အသွယ်နဲ့ဖုန်းဆက်ဝယ်တာ၊သူတို့ ကစာရေးပေးတာမျိုးပဲ ဝယ်လို့လွယ်တယ် ။ ပြည်သူတွေကိုရော ၊ ပရဟိတအသင်းတွေကိုရော မပေးတော့ဘူး ။စက်ရုံတွေကို သူတို့(အာဏာသိမ်းစစ်ကောင်စီ)က စီးထားပြီ” လို့ ကိုဗစ်လူနာတွေကို အောက်စီဂျင် လိုက်ဖြည့်ပေးနေသူတစ်ဦးကပြောပါတယ် ။အောက်စီဂျင် ဖြည့်မရနာကြောင့် အခုတော့ သူလည်း လူနာတွေကို မကူညီနိုင်တော့ဘူးလို့ပြောပါတယ်။
နိုင်ငံပိုင်ရော၊ပုဂ္ဂလိကပိုင်အောက်စီဂျင်စက်ရုံတွေမှာ စစ်ကောင်စီအတွက်ဘအောက်စီဂျင်လိုအပ်ချက်အဓိကဖြည့်ဆည်းပေးရသလို ၊သူတို့သတ်မှတ်တဲ့ဆေးရုံတွေအတွက် ဖြည့်ပေးရပါတယ်။
ကျန်အောက်စီဂျင်ကို ယခင်ရက်တွေက ပုဂ္ဂလိက တစ်ဦးချင်းနဲ့ ပရဟိတအဖွဲ့တွေကိုရောင်းပေးလို့ရပေမယ့် ဇူလိုင်လကုန်ပိုင်းကစပြီးရပ်ကွက်ထောက်ခံစာပါမှ ရောင်းရမယ်လို့စစ်ကောင်စီက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ပြည်သူတွေ ကိုဗစ်ရောဂါကြောင့်နေ့စဥ် ထောင်ချီသေဆုံးနေပြီး ဒုက္ခရောက်နေချိန်မှာ အောက်စီဂျင် ရရှိအောင် စစ်ကောင်စီက ကူညီရမယ့်အစား ပိုခက်ခဲအောင်လုပ်ပြီး သူတို့ရဲ့ ရပ်ကွက်၊ မြို့နယ်၊ အုပ်ချုပ်ရေး ယန္တယားတွေ ကို ပြည်သူတွေ အသိ့အမှတ်ပြုလာအောင် လုပ်တာက လုံးဝ မလုပ်သင့်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့လည်း လူမှုကူညီရေးအသင်းအချို့က တာဝန်ရှိသူတွေက ပြောပါတယ်။
“အောက်စီဂျင် လိုချင်ရင် သူတို့ရဲ့ရပ်ကွက်အုပ်ကြီးတွေဆီမှာ ထောက်ခံစာယူမှပဲ ။သူတို့နဲ့အဆက်အဆံလုပ်ချင်ချင်၊ မလုပ်ချင်ချင် လိုချင်ရင်တော့ သူတို့ဆီသွားမှပဲ ရမယ် ။ သူတို့က အဲလိုဖြစ်အောင်လုပ်တာ” လို လူမှုကူညီရေး အသင်းတစ်သင်းကတာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီ နဲ့ အဆက်အဆံမလုပ်ချင်ပေမယ့် အောက်စီဂျင် အိုးလိုတာကြောင့် ထောက်ခံစာယူပြီး ဝယ်တာမှာ ၁၀ လီတာအိုး တစ်အိုးကို ၇၀၀၀ ကျပ်ပေးရပြီး ၊လူမှုရေးအသင်းတွေ ဝယ်ရတဲ့ နှုန်းထက် ပိုများတယ်လို့ ကိုဗစ်ရောဂါခံစားနေရတဲ့ တောင်ဥက္ကလာပ မြို့နယ်နေ ပြည်သူတစ်ဦးကလည်းပြောပါတယ်။
၁၀ လီတာအတွက် အောက်စီဂျင် အရည်ဖြည့်ခမှာ ပုံမှန်ဆိုရင် ၃၀၀၀ သာဖြစ်တယ်လို့ကိုဗစ်လူနာတွေကို အောက်စီဂျင်လိုက်ဖြည့်ပေးသူတစ်ဦးကပြောပါတယ်။
သူတို့ လူမှုကူညီရေးအဖွဲ့ဆိုရင် အောက်စီဂျင် ဖြည့်ရတဲ့အချိန် မှာကတည်းက စစ်ကောင်စီရဲ့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တွေက ခဏ ၊ခဏ အတိုင်ခံခဲ့ရတယ်လို့ပြောပါတယ်။ သူတို့က လူနာတွေကို အောက်စီဂျင် အရည်ဖိုးသာ ယူပြီးအခမဲ့ဖြည့်ပေးတာကြောင့် အောက်စီဂျင် ဖြည့်တာကနေ အကျိုးအမြတ်ရှာချင်တဲ့ စစ်ကောင်စီ အောက်ခြေ အဖွဲ့ဝင်တွေက မကျေနပ်လို့ တိုင်တာထင်တယ်လို့လည်း သူက ပြောပါတယ်။
အောက်စီဂျင် ဝယ်ဖို့ ခက်ခဲအောင် လုပ်လိုက်တာကြောင့် ရန်ကုန်မှာ ဒီရက်တွေ ကိုဗစ်လူနာသေဆုံးမှု ထပ်တိုးလာနိုင်သေးသလို ၊ လူမှုကူညီရေးအဖွဲ့တွေအနေနဲ့လည်း အောက်စီဂျင်ရဖို့အတွက် မကူညီနိုင်တော့တဲ့အခြေအနေကြောင့် အရမ်းဝမ်းနည်းကြောင်း လူမှုကူညီရေး အဖွဲ့တစ်ဖွဲ့ ဦးဆောင်လုပ်နေသူကပြောပါတယ်။
“လူတွေအသက်ကို ထည့်မတွက်ဘူး အခုချိန်ထိအာဏာ ရူးဖို့ပဲလုပ်နေတာ ။ အတော် လူမဆန်တဲ့ လူတွေဗျာ”လို့ သူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်ကျန်းမာရေး စနစ်ပျက်စီးသွားသလို ၊အာဏာသိမ်းမှုနောက်ဆက်တွဲ ဆရာဝန်တွေ ၊စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချပြီး ဖမ်းဝရမ်းထုတ်ထားတာတွေကြောင့် ကိုဗစ်ကာကွယ်ရေး စနစ်တစ်ခုလုံးပျက်စီးသွားတာ၊ အာဏာ သိမ်းစစ်ကောင်စီက စေတနာမရှိသလို ၊စီမံခန့်ခွဲနိုင်စွမ်းမရှိတာကြောင့် ကိုဗစ်တတိယလှိုင်းမှာ ဇူလိုင်လ ကစပြီး နေ့စဥ် လူထောင်ချီသေဆုံးနေပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဥ် ၃၀၀ ကျော်သေဆုံးနေတယ်လို့ထုတ်ပြန်ပေမယ့် ရန်ကုန်တစ်မြို့တည်းမှာပဲ နေ့စဥ် ကိုဗစ်လူနာ ၁၀၀၀ ကျော်သေဆုံးနေပါတယ်။