ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဗဟိုကော်မတီက တိုက်ပွဲများကို ရှောင်ရှားပြီး နိုင်ငံရေးအကြပ်အတည်းပြသာနာ အရပ်ရပ်ကို တရားသောနည်းလမ်းဖြင့်ဖြေရှင်း အဖြေရှာရန်ဆန္ဒရှိကြောင်း ထုတ်ပြန်ရာ၌ တွေ့ဆုံညှိနှိုင်းရမည့် အင်အားစုများဟု သုံးနှုန်းခြင်း သည် အဖွဲ့အစည်း တစ်ခုခုအား ရည်ညွှန်းထားခြင်းမဟုတ်ကြောင်းပြန် လည်ရှင်းလင်းခဲ့သည်။
KIO ဗဟိုကော်မတီ၏ ကချင်ဘာသာဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက် အပြည့်အစုံကို ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese မှ ယနေ့တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်ကာ ရှင်းလင်းချက်ကို ထည့်သွင်းရေးသားခဲ့သည်။
KIO ၏ ဩဂုတ် ၂၄ရက် ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ ယနေ့အချိန်အထိ အကြပ်အတည်းများ ပိုမိုပေါ်ပေါက်လာပြီး တိုင်းရင်သားတော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီ အင်အားစုများ ၏ နိုင်ငံရေးအခင်းအကျင်းအားလုံးပိတ်ဆို့နေပြီဖြစ်ကြောင်း ပါရှိသည်။
အဖက်ဖက်၌ အကြပ်အတည်း ဖြစ်ပွားနေစဉ် တိုက်ပွဲများပိုမိုပြင်းထန်လာပါက ပြည်သူများ၏ အကျိုးစီးပွား ကောင်းမွန်လာရန် အကြောင်းမရှိပါ။ ဓမ္မတရားနည်းလမ်းနှင့်အညီ တွေ့ဆုံညှိနိ်ုင်းရမည့် အင်အားစုများနှင့် ဆွေးနွေးဖြေရှင်းသွားလျှင် တိုက်ပွဲများ ကို ရှောင်လွဲနိုင် ၍ ပြည်သူများ အတွက် အကောင်းဆုံး ဖြစ်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
ထို့ပြင် တိုက်ပွဲများကို ရှောင်ရှား၍ ဖြစ်ပေါ်နေသော နိုင်ငံရေး အကြပ်အတည်း ပြဿနာ အရပ်ရပ်ကို တရားသော နည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ဖော်ပြထားသည်။
၎င်းထုတ်ပြန်ချက်၌ပါရှိသည့် တွေ့ဆုံညှိနှိုင်းရမည့်အင်အားစုများဟု သုံးနှုန်းခြင်း သည်အဖွဲ့ အစည်း တစ်ခုခုအားရည်ညွန်းထားခြင်း မဟုတ်ကြောင်း၊ တိုက်ပွဲများကို ရှောင်ရှား၍ ဟု သုံးနှုန်းခြင်း သည် လည်း နိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်မှု ချုပ်ငြိမ်းသွားမှသာလျှင် နိုင်ငံရေး အကြပ်အတည်း ပြဿနာ အရပ်ရပ်ကို တရားသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟုလက်ခံ ယုံကြည်ထားခြင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။
KIO၏ ထုတ်ပြန်ချက်၌ COVID-19 ကူးစက်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ အားလုံးအတွေက်ဝမ်းနည်းကြောင်း၊ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသော အိမ်နီးချင်းနိုင်ငံကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ပြည်သူများ၏ ကိုယ်စား ကျေးဇူးတင် ရှိပြီး အကူအညီများ ဆက်လက်ပံ့ပိုးရန် မျှော်လင့်ကြောင်း ပါရှိသည်။
ကချင်ဒေသခံတစ်ဦးက တိုက်ပွဲများ ရှောင်ရှားပြီး နိုင်ငံရေးအကြပ်အတည်းပြသာနာ အရပ်ရပ်ကို တရားသောနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် မဖြစ်လာ၍ KIOက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။
“စိတ်ပူတာမျိုးတော့မရှိပါဘူး” ဟု ကချင်ဒေသခံက KIO၏ ထုတ်ပြန်ချက်ပါ ဖော်ပြမှုများက စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ခြင်းမရှိနိုင်ဟု မှတ်ချက်ပြုသည်။


















































