စစ်အာဏာရှင်တော်လှန်ရေးသည် ပြည်သူများက အနိုင် ရမည်ဟု တစ်ထစ်ချယုံကြည်ကြောင်းနှင့် တပ်မတော်သားများ စစ်အုပ်စုအတွက်အသက်မစတေးဘဲ ပြည်သူများဘက် ရပ်တည်ရန် ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ယနေ့ထုတ်ပြန်သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်တွေမြင့်လာပါပြီဖြစ်ကြောင်း၊ကရင်နီပြည်နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာရန်သာရှိကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ KNDF တပ်တွေ အဆုံးအထိ တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အချိန်နောက်မကျခင် ကျတော်တို့နဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းကြပါလို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်”ဟု KNDFက နယ်မြေခံ စစ်ကောင်စီတပ်များသို့ အသိပေးပန်ကြားသည်။
ကရင်နီပြည်နယ်၌ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေးတိုက်ပွဲများ၊ စတင်ခဲ့သည်မှာ ၃ လကျော်လာခဲ့ပြီဖြစ်ပြီး တိုက်ပွဲများ တစ်လျှောက် အပြစ်မဲ့ ပြည်သူ့ အသက် အိုးအိမ်များ သေကျေပျက်စီးခဲ့ပြီး ပြည့်သူ့ကာကွယ်ရေးတပ်သား ရဲဘော်များလည်း အသက်များ စတေးခဲ့ရကြောင်း၊ ထိုကဲ့သို့ပင် အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်နေသည့် နယ်မြေခံတပ်ရင်းက တပ်သားများလည်း မြောက်များစွာ ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
KNDFအနေဖြင့် စစ်အာဏာရှင်စနစ် ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန်အတွက် တော်လှန်ရေးကိုဆင်နွဲနေခြင်းသာဖြစ်ပြီး စစ်သားများ၊ ရဲများကို မုန်း၍ တိုက်နေခြင်းမဟုတ်ကြောင်း၊ NLD အတွက်တိုက်နေခြင်းမဟုတ်သကဲ့သို့ တိုင်းရင်းသားပါတီများ အာဏာရရေး တိုက်နေခြင်းမဟုတ်ကြောင်း KNDFက ဆိုသည်။
တိုင်းပြည်အပေါ် နှစ်ပေါင်း (၆၀) ကျော် လက်နက်အားကိုးဗိုလ်ကျပြီး ကိုယ်ကျိုးအတွက် အာဏာကို အလွဲ သုံးစားလုပ်နေသည့် စစ်ဗိုလ်တစ်စုနှင့် အပေါင်းအပါများကို တော်လှန်တိုက်ခိုက်နေခြင်းသာ ဖြစ် ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။




















































